အင်းဝမြို့ဟောင်းလို့ ပြောလိုက်ရင် နန်းမတော်မယ်နု အုဋ်ကျောင်း၊ ဗားကရာတိုက်၊ နန်းမြင့် မျှော်စင်နဲ့ အင်းဝဆင်ကျုံးခံတပ်တွေကိုသာ လူသိများပါတယ်။ အင်းဝမှာ ဧည့်သည်တွေ အရောက် အပေါက်နည်းတဲ့ နေရာတွေ ရှိနေပါသေးတယ်။
မန္တလေးမြို့နဲ့ ၁၇ မိုင်မျှသာ ကွာဝေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းကလည်း သွားလို့ရသလို ရန်ကုန်-မန္တလေး လမ်းဟောင်းက သွားချင်ရင်လည်း အင်းဝကို ဒုတ်ဒုတ်ထိ ရောက်ပါတယ်။ လမ်းသစ် က သွားသူတွေက မန္တလေးဘက်ကလာတဲ့အခါ ဒုဋ္ဌဝတီမြစ်ကူးတံတား ကို ကျော်ပြီးရင် တံတားဦး မြို့ထိပ်က ဘီအိုစီ ဆီဆိုင်ရောက်တဲ့အခါ တံတားဦးမြို့ထဲသွားတဲ့ လမ်းအတိုင်း ဝင်လာ ရမှာပါ။ လမ်းဟောင်းကလာသူတွေကတော့ စဥ့်ကိုင်မြို့နယ် ပလိပ်ရောက်ရင် တံတားဦးမြို့ကိုသွားတဲ့ လမ်းအတိုင်း ဝင်လာရမှာပါ။
အရင်က စစ်ကိုင်းတံတား(အဟောင်းအနီး)က အိုးတုတ္ထန်းဆိပ်ကမ်းကနေ ငှက်လှေဖြစ်စေ၊ ဇက်ရေယာဉ်နဲ့ဖြစ်စေ ဒုဋ္ဌဝတီမြစ်ကိုဖြတ်ပြီး အင်းဝဘက်ကူးခဲ့ကြတယ်။ ဒုဋ္ဌဝတီ မြစ်ကူးတံတား သစ်ကြီး တည်ဆောက်ပြီးချိန်ကစပြီး အင်းဝလာလည်ကြသူတွေက တံတားပေါ်က ဖြတ်ပြီးသာ လာကြပါတော့တယ်။ အိုးတုတ္ထန်းဆိပ်ကမ်းကို ဧည့်သည်တွေ အသုံးပြုမှု နည်းလာပါတယ်။
အင်းဝဘက်ရောက်တဲ့အခါ သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ညောင်ရမ်းမင်း တည်ထားခဲ့တဲ့ မဟာ မုနိဘုရားနဲ့ မျက်နှာချင်းဆိုင်မှာ အင်းဝခေတ်လက်ရာ စေတီပျက်ကြီး တစ်ဆူရှိပါတယ်။ အပေါ်ပစ္စယံ အထိ တက်ရောက်ဖူးမြော်နိုင်ပြီး အင်းဝခေတ် အနုပညာလက်ရာတွေကို အသေးစိတ် လေ့လာနိုင်ပါ တယ်။ အပေါ်ပိုင်း မြောက်ဘက်ခြမ်းမှာတော့ ပြိုကျပျက်စီးနေပေမယ့် ပန်းတမော့ လက်ရာ အချို့က အကောင်းအတိုင်း ရှိနေပါသေးတယ်။ သဲကျောက်နဲ့ ထွင်းထုထားတဲ့ ဘီလူးပန်းဆွဲတွေက အင်း၀ ခေတ် ပန်းတမော့ လက်ရာကို ဖော်ပြနေတယ်။

အင်းဝနန်းမြို့ရိုး အရှေ့တံခါး မရောက်မီမှာ ယုဒသန် အထိမ်းအမှတ်နေရာရှိပါတယ်။ ယုဒသန် က ဘကြီးတော်ဘုရားလက်ထက်မှာ သာသနာပြုအနေနဲ့ မြန်မာနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
အင်္ဂလိပ်-မြန်မာအဘိဓာန် ကို အစောဆုံးပြုစုခဲ့ကြတဲ့ ပညာရှင်တွေထဲမှာ ယုဒသန်လည်း အပါအဝင်ဖြစ်တယ်။ ယုဒသန် အထိမ်း အမှတ် ကျောက်တိုင်ရှိရာ နေရာက လူတစ်ရပ်ကျော် အမြင့်ရှိတဲ့ အထိမ်းအမှတ် ကျောက်တိုင်ကြီး ရှိခဲ့တဲ့နေရာဖြစ်ပြီး အခုတော့ ချုံနွယ်ပိတ်ပေါင်းတွေ ဖြစ်နေပါပြီ။ အဲဒီနေရာမှာ သက်တမ်းရင့် ကုက္ကို ပင်ကြီး ငါးပင်က အုပ်မိုးနေပြီး အောက်ခြေမှာတော့ မိုးနှံချုံပုတ်တွေ၊ ဆူးချုံတွေနဲ့ ရှုပ်ယှက်ခတ် နေတယ်။
ကုက္ကိုပင်ကြီး တပင်ကတော့ ကိုင်းတွေ ခြောက်ပြီး အရွက်တွေလည်း မရှိတော့ဘူး။ အထိမ်းအမှတ် ကျောက်တုံးရှိခဲ့တဲ့ နေရာကိုသွားတဲ့နေရာမှာ လူတစ်ယောက် သွားသာ ရုံ လမ်း လေးရှိပေမယ့် လူသူအရောက်အပေါက်နည်းလို့ လမ်းကျဉ်းကျဉ်းလေးပေါ်မှာပဲ အမှိုက်သရိုက် တွေက ရှုပ်ပွနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က စစ်ကိုင်းမြို့သား ဦးယောလှ ဆိုသူက အင်းဝမြို့သား ဦးလှအောင်ကို အလုပ်အပ်ခဲ့ပါသတဲ့။ ယုဒသန် အထိမ်းအမှတ် ကျောက်တိုင်ကို စောင့်ရှောက်ဖို့ တစ်လ ၂၅ကျပ်နဲ့ အလုပ်အပ်ခဲ့တာပါ။မြေတစ်ဧက ကာလပေါက်ဈေး နဲ့ ဝယ်ခဲ့ပြီး ယုဒသန်အထိမ်းအမှတ်ကျောက်တုံး ထားရှိခဲ့တာပါလို့ စောင့်ရှောက်ခဲ့တဲ့ ဦးလှအောင် က ပြန်ပြောပြ တယ်။ ဦးလှအောင်က ယခုအခါ အသက်၈၁နှစ် အရွယ်ရောက်နေပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်က အဖြစ်အပျက်တွေကို မှတ်မှတ်ထင်ထင် မှတ်မိနေသေးတယ်။
“အဲဒီတုန်းက တလ အစိတ်(၂၅ကျပ်)ဆိုတဲ့ငွေက အတော်များတယ်လို့ ပြောနိုင်တယ်။ ထိန်းသိမ်း စောင့်ရှောက်တယ်ဆိုပေမယ့် တနေ့ တခေါက်သွားကြည့်ပေးရုံပါပဲ။ နောက်ပိုင်းမှာ သူတို့လည်း လခပေးဖို့အခက်အခဲဖြစ်လာတယ်နဲ့ တူပါတယ်။ လခမရတော့တဲ့ အချိန်မှာလည်း ကျနော်သွားကြည့် ခဲ့တာပါပဲ”လို့ ဦးလှအောင်က ပြောပါတယ်။
ယုဒသန် အထိမ်းအမှတ်ကျောက်တိုင် ထားရှိတဲ့နေရာကို အချို့က အင်းဝထောင်ဟောင်း ရှိ တယ်လို့ မှတ်ထင်ကြတယ်။ အင်းဝထောင်က မြစ်ရေတိုးရင် ရေဝင်တဲ့အရပ်မှာရှိပြီး အထိမ်းအမှတ် ကျောက်တိုင်က မယ်နုအုဋ်ကျောင်းအနီး ပေ ၃၀၀လောက်သာကွာဝေးပြီး ယာတောထဲမှာ တည်ရှိ ပါတယ်။
အုတ်ခုံခံပြီး စကျင်ကျောက်နဲ့ ထုဆစ်ခဲ့တဲ့ ယုဒသန် အထိမ်းအမှတ် ကျောက်တိုင်က မသမာ သူတွေ လက်ချက်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က နိဋ္ဌိတံခဲ့ပါပြီ။ အင်းဝသူ အင်းဝသား တွေသည်ပင် ယုဒသန် အထိမ်းအမှတ် ကျောက်တိုင်ကို မြစ်ထဲမြှုပ်ခဲ့လေသလား၊ မြေထဲမြှုပ်ခဲ့လေ သလား သေချာမပြောနိုင်ကြတော့ပေ။ ၁၉၈၈ ခုနှစ် ဝန်းကျင်မှာ ယုဒသန်အထိမ်းအမှတ်ကျောက်တိုင် ဖျက်ဆီးခံခဲ့ရရုံမက ဖျောက်ဖျက်ခံခဲ့ရတယ်။

အင်းဝနန်းတော် အနောက်ဘက်ယွန်းယွန်း အပြင်စံရာကျေးရွာအနီးမှာ ရတနာဆီမီး စေတီ ရှိပါတယ်။ အင်းဝခေတ်လက်ရာဖြစ်ပြီး အသစ်တဖန်ပြန်လည် မွမ်းမံမထားလို့ အင်းဝခေတ် လက်ရာ တွေကို မူရင်းအတိုင်း လေ့လာနိုင်တယ်။
ဗားကရာသွားတဲ့ လမ်းအနီးမှာရှိပြီး လမ်းမနဲ့ မဟာရံ တံတိုင်းက ပေ ၁၀၀ လောက် ကွာဝေးပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ရေဆေး ပန်းချီနဲ့ မြန်မာ့လက်မှု အနုပညာလေးတွေရောင်းတဲ့ဆိုင် ရှိပါတယ်။ နေရာအချို့မှာ ပျက်စီးပြိုကျမှုတွေ ရှိနေပေမယ့် အချို့ နေရာတွေမှာ အကောင်းပကတိ ကျန်ရှိ နေသေးတယ်။
ရတနာဆီမီးဘုရားနဲ့ ကပ်ရပ်မှာ အမိုးအကာ ကင်းမဲ့နေတဲ့ ဂန္ဓကုဋိတိုက်ရှိပြီး ထိုင်တော်မူနေတဲ့ဆင်းတုတော်ကြီး တစ်ဆူ ရှိပါတယ်။ရတနာဆီမီး စေတီတော်ရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်မှာ အုတ်ရေအိုးစင် လေးရှိပါတယ်။ စေတီတော်ရဲ့ အနောက်တောင်ထောင့် မှာ ကြီးမားလှတဲ့ လက်ပံပင်ကြီး တစ်ပင်ရှိပြီး နွေကာလဖြစ်လို့ လက်ပံပွင့် တွေ ကြွေကျနေပါတယ်။
ဗားကရာကျောင်းရဲ့ အနောက်ဘက်မှာ ဆိုလာမီးတွေ အသုံးပြုတဲ့ ကျေးရွာလေးတစ်ရွာရှိပြီး ရွာ ရဲ့ အနောက်ဘက်မှာ ကြောင်လိမ်ဝင်္ကပါ စေတီရှိတယ်။ အထက်ပစ္စယံအထိ တက်ရောက်ဖူးမြော် နိုင်ပြီး အင်းဝမြို့ရဲ့ အနောက်စွန်းမှာရှိတယ်။ ပြည်တွင်းဘုရားဖူးတွေ အရောက်အပေါက်နည်းပြီး ပြည်ပခရီးသွားတွေရဲ့ အင်းဝခရီးစဉ်မှာ မဖြစ်မနေ ထည့်သွင်းရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အထက်ပစ္စယံ အထိ တက်ပြီးရင် ပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့်ရှုလို့ရပါတယ်။ အထက်ပစ္စယံရောက်ရင် ကြောင်လိမ်လှေကားကတဆင့် အတွင်းထဲကို ဝင်လို့ရပေမယ့် လာရောက်လည်ပတ်ကြသူတွေက ရိုးရိုးအုတ်လှေကားကို အတက်ရော အဆင်းပါ အသုံးပြုကြတယ်။
အင်းဝဘက်ရောက်တဲ့အခါ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေကို ရောက်ဖြစ်အောင် သွားပါ။ ရှေးဟောင်းဌာနက အင်းဝခေတ်လက်ရာ သာသနိက အဆောက်အအုံတွေနဲ့ ယဉ်ကျေးမှု လက်ရာတွေကို ထိမ်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးထားပါတယ်။ မြန်မာမှု အနုလက်ရာတွေကို မျက်ဝါးထင်ထင် တွေ့ချင်ရင် ပြုပြင်မွမ်းမံမှုတွေ မလုပ်ရသေးတဲ့ ရှေးဟောင်းနေရာတွေကို အရောက် သွားကြပါ။
မိတ်ဆွေတို့ကို ရှေးဟောင်းအင်းဝက အတွေးသစ် အမြင်သစ်ပေးမယ့်အပြင် အနုပညာလက်ရာ တွေကို ချစ်ခင်ခံစားစေတဲ့ စိတ်ဓာတ်လေးပါ ထည့်ပေးမယ်ဆိုတာ သေချာပါတယ်။