၁။ နိုင်ငံကျော်အဆိုတော် ၆ ဦးပါဝင်သည့် သိမ်းငှက်ဂီတည ဖျော်ဖြေပွဲကို ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် ၂၅.၃.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ် တစောင် ၅ ထောင်ကျပ် ဖြစ်ပြီး မန်းသီရိတေးသံသွင်း၊ Bo Bo Music Production ၊ City Mart Supermarket ၊ My Café ( Bogyoke Zay ) ၊ ဖုန်းနံပတ် ၀၉-၄၂၅၅၅၇၆၆၆ ကို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသည့် Great Tiger Group (G.T.G) လက်ဝှေ့ စိန်ခေါ်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ၂၆.၃.၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး တွဲဆိုင်း ၅ ဆိုင်း ထိုးသတ် သွားမည် ဖြစ်ကြောင်း သိရသည်။
၃။ ဓူဝံ အစားအသောက် ပွဲတော်ကို ပြည်သူ့ရင်ပြင်တွင် ၂၆.၃.၂၀၁၇ ရက်နေ့မှ ၂၇.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဟင်းလျာ အချက်အပြုတ် ပြိုင်ပွဲ၊ အစားအသောက်ဆိုင်ရာ အချက်အလက်များ ဆွေးနွေး ဟောပြောပွဲ၊ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် အတူ အခြားပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ လည်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၄။ အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ကြီး၏ နှစ် ၆၀ ပြည့် အထိမ်းအမှတ်ပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၂၅.၃.၂၀၁၇ ရက်နေ့နှင့်၂၆.၃.၂၀၁၇ ရက်နေ့ တို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ညစဉ် ၇ နာရီမှ စတင်မည့် ယင်း ဆပ်ကပ်ဖျော်ပွဲ အတွက် လက်မှတ်ဈေးနှုန်းများမှာ တစ်ရက်ချင်းစီ အတွက် ၇ ထောင်ကျပ်မှ ၁ သောင်းခွဲကျပ်အထိ ဖြစ်ပြီး၊ မန်းသီရိတေးသံသွင်း၊ ဖုန်းနံပါတ် ၀၉-၄၂၂၆၉၀၀၀၁၊ ၀၉-၄၂၂၆၉၀၀၀၂ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ ရက်ဂေး (Raggae) အဆိုတော် စောဖိုးခွား၏ “ငြိမ်းချမ်းရေးပါပဲ” ဖျော်ဖြေပွဲကို မဟာဗန္ဓုလပန်းခြံရှေ့တွင် ၂၄.၃.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အခမဲ့ဖျော်ဖြေပွဲ ဖြစ်ပြီး သီချင်းအပုဒ် ၂၀ ကျော် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်းသိရသည်။ “ပလပ်ကျွတ်နေပြီ” တေးအယ်လ်ဘမ်ကိုလည်း ရောင်းချပေးသွားမည် ဖြစ်ပြီး ရောင်းရငွေ၏ တဝက်ကို ငြိမ်းချမ်းရေး အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ EARTH HOUR 2017 @ SHWEDAGON LIGHT A LAMP FOR CLIMATE CHANGE ဆီမီးထွန်းပွဲ တော်ကို ရွှေတိဂုံစေတီတော်တွင် ၂၅.၃.၂၀၁၇ ရက်နေ့ည ၈ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် ဆီမီး ၁ သောင်း ထွန်းညှိသွားမည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ သံအမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင် ဆင်နွှဲကြမည် ဖြစ်ကြောင်း သိရသည်။
၇။ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံတွင် ၂၃.၃.၂၀၁၇ ရက်နေ့မှ ၂၆.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ပြုလုပ်သည့် အဆိုပါ ရုပ်ရှင်ပွဲတော်တွင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သတိပြုဖွယ်များ အားပုံဖော်ထားသည့် နိုင်ငံတကာဆုရ ရုပ်ရှင်များ၊ မြန်မာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်များ၊ အာရှနိုင်ငံများမှ ဇာတ်ကားများကို ပြသသွားမည် ဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ ဆွေးနွေးပွဲလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီအလှူပွဲ လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီ ပြခန်းတွင် ၂၂.၃.၂၀၁၇ ရက်နေ့မှ ၂၆.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပန်းချီကား ရောင်းရ ငွေများကို သက်ကြီးပန်းချီဆရာကြီးဖြစ်သော ဦးသောင်းဟန်၏ ကျန်းမာရေး အထောက်အကူပြုစေရန် အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီစိုးမြင့်ဦး၏ Royal Classic ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) ပန်းချီ ပြခန်းတွင် ၂၂.၃.၂၀၁၇ ရက်နေ့မှ၂၆.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရှေးမြန်မာ အမျိုးသမီးများ၏ လူနေမှုကို သရုပ်ဖော်ထားသော အခရိုင်းလစ် ပန်းချီကား ၅၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီကိုကိုနိုင်၏ My Shelter, My Heaven ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်း ရှိ အလှသစ်ပန်းချီ ပြခန်းတွင် ၂၅.၃.၂၀၁၇ မှ ၃၀.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်မြို့ရှိ ခေတ်ဟောင်း ခေတ်သစ် အဆောက်အဦးများကို ရေးဆွဲထားသော အခရိုင်းလစ် ပန်းချီကား ၂၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။