Balance Fitness မှ မြန်မာအမျိုးသမီးများအတွက် ကိုယ်လုံပညာသင်တန်း “Women’s Self Defense Class” ကို မကြာခင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဒီ သင်တန်းကို Balance Fitness အားကစားခန်းမများမှာ ဖွင့်လှစ်သွားမှာလည်း ဖြစ်ပါတယ်။
“သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာအမျိုးသမီးတွေ အားကစား လုပ်မယ်၊ ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်အောင် လုပ်မယ်။ ပြီးတော့ ကိုယ်ခံပညာလေးလည်း အသိပညာတိုးပွားအောင် ကိုယ့်ကို တယောက်က နှောက်ယှက်လာခဲ့ရင် ဘယ်လို တုံ့ပြန်မလဲဆိုတာကို ကျနော်တို့က သင်ကြား ပို့ချပေးသွားမှာပါ” လို့ Balacne Fitness Center မှ ဒါရိုက်တာ ကိုကျော်ဇေယျထွန်းက ပြောပါတယ်။
သင်တန်းကို မေလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းချိန်အနေနဲ့ ညနေ ၆ နာရီမှာ စတင်မှာ ဖြစ်ပြီး တနေ့ အချိန် ၁ နာရီခွဲ၊ တပတ်ကို ၂ ရက်၊ သင်တန်းချိန် စုစုပေါင်း ၁၂ နာရီနဲ့ သင်တန်းကာလ အချိန် တလကြာမြင့်မယ်လို့ သိရပါတယ်။ အသက်အရွယ်အားဖြင့် အသက် ၁၃ နှစ် မှ အသက် ၆၀ အထိ စိတ်ဝင်စားတဲ့ မည်သည့် အမျိုးသမီးကိုမဆို သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်ကြားပေးမယ့် အကြောင်းအရာများကတော့ Self Defense နဲ့ ပတ်သက်ပြီး သိထားရမယ့် ဥပဒေများ၊ Physical Training အနေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်အောင် ဘယ်လိုလှုပ်ရှားမှုတွေ ပြုလုပ်ရမလဲ ဆိုတာနဲ့ မြန်မာအမျိုးသမီးများအတွက် ကိုယ့်ကို တိုက်ခိုက်လာရင် ဘယ်လိုရုန်းပြီး ဘယ်လို ပြန်ပြီး ခုခံ ကာကွယ်ရမလဲ ဆိုတဲ့ Technique (နည်းလမ်း) များ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
“ဒီ သင်တန်းမှာ သင်ကြားပေးမှာက အမျိုးသမီးတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့နဲ့ တခုခု ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ် တိုက်ခိုက်နိုင်အောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျမတို့ အနေနဲ့ ဥပဒေ ရေးရာနဲ့ ကိုယ့်ခန္ဓာကိုယ် အကြောင်းအရာတွေ သိရှိလာအောင် သင်ကြားပေးသွားမှာပါ” လို့ သင်တန်းမှာ သင်ကြားပေးမယ့် Trainer တဦးဖြစ်သူ မမီရှဲလ်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး သူက “မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်းဟာ မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်ဦးစီးပြီး မြန်မာအမျိုးသမီးတွေ ကိုယ်တိုင် သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။ တခြား Self Defense သင်တန်းတွေ အများကြီး ရှိပါတယ်။ ပြောချင်တာက ဘယ်ပညာရပ်မဆို ကောင်းမွန်ပါတယ်။ လေ့လာထားမယ်ဆို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ်။ ပြန်ပြီး ခုခံ တိုက်ခိုက်တတ်လာမယ်။ ဒီလိုမျိုး ပညာရပ်တွေ ပေါ်ပေါက်လာတာ သင်တန်းတွေများများရှိလာတာ ကောင်းပါတယ်” လို့ မမီရှဲလ်က ပြောပါတယ်။