ဧပြီ ၁၀ ရက်နေ့တွင်ကျင်းပမြဲဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Brithday Show ကို ယခုနှစ်တွင် မန္တလေးမြို့မှာ ဒုတိယအကြိမ်အဖြစ် ပြုလုပ်သွားမယ်လို့ သိရပြီး ထူးခြားမှုတခုအနေနဲ့ တခါမှ တွဲဖက် မဖျော်ဖြေခဲ့ဖူးတဲ့ မန္တလေး မြို့မ တီးဝိုင်းအဖွဲ့နဲ့လည်း တီးခတ်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ဟာ သူရဲ့ Birthday Show ကို မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်က တကြိမ်ပြုလုပ်ခဲ့ပြီး ပွဲတဝက်တွင်ပင် ရာသီဥတုကြောင့် ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
“ဒီနှစ် ကျနော့် မွေးနေ့ကို မန္တလေးမှာ လုပ်ပါမယ်။ မန္တလေးက ၂၀၁၂ မှာတကြိမ်ပဲ ကျင်းပခဲ့ဖူးပါတယ်။ အဲဒီနေ့ ကလည်း ပွဲလုပ်နေတဲ့ တဝက်တပျက်မှာပဲ မိုးရွာခဲ့တဲ့အတွက် ပွဲကို ရပ်နားခဲ့ရပါတယ်။ အဲဒီထဲက မလုပ်ဖြစ်ဘဲ ၄ ၊ ၅ နှစ်လောက်အကြာမှာ လုပ်ဖြစ်တာဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင် က ပြောပါတယ်။
ယခုနှစ် Brithday Show ကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း ကားပါကင်နေရာမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်မှတ်ဈေးနှုန်းတွေကိုတော့ ကျပ် ၉၀၀၀ သတ်မှတ်ထားပြီး အရင်ဆုံး ဝယ်ယူတဲ့ ပရိသတ် ၂၀၀၀ ဦးရေအတွက် ကိုလည်း SAI အမှတ်တံဆိပ်ပါ ကျောပိုးအိတ်၊ စွပ်ကျယ်နဲ့ ဆွဲကြိုးတွေကို မဲဖောက်ပေးပြီး လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။