မြန်မာနိုင်ငံ အပါအဝင် Asia Pacific နိုင်ငံ ၁၁ နိုင်ငံမှ Travel Bloggers (ခရီးသွား အတွေ့အကြုံ အကြောင်း စာရေးသူများ) ပါဝင်ယှဉ်ပြိုင်ကြမယ့် #escapers17 ပြိုင်ပွဲကို ယနေ့၊ မတ်လ ၂၃ ရက် နေ့မှ စတင်ကာ မြန်မာနိုင်ငံမှ ရန်ကုန်နှင့် အင်းလေးဒေသ ၂ နေရာတို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ #escapers ပြိုင်ပွဲဟာ ၂၀၁၃ ခုနှစ်၊ ဟောင်ကောင်မှာ ပထမဆုံး စတင်ခဲ့တာဖြစ်ပြီး ဒုတိယ အကြိမ်အဖြစ် ၂၀၁၅ ခုနှစ်မှာ စင်ကာပူနိုင်ငံနဲ့ Queensland တို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
AccorHotels နဲ့ Scoot-Tigerair တို့မှ ပူးပေါင်းပြီး ပြုလုပ်တဲ့ #escapers ပြိုင်ပွဲကို Asia Holidays မှ ပါဝင်စီစဉ်ပြီး ယခု ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ #escapers17 ဟာ တတိယအကြိမ်မြောက် ကျင်းပတဲ့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး ပါဝင်ခွင့်ရတဲ့ ပွဲတပွဲ ဖြစ်ပါတယ်။
Asia Pacific နိုင်ငံပေါင်း (၁၁) နိုင်ငံမှ Travel Blogger များမှ #escapers17 ပြိုင်ပွဲကို Lion City၊ စင်ကာပူနိုင်ငံနဲ့ Golden Land၊ မြန်မာနိုင်ငံတို့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ကြမယ့် Travel Blogger နှစ်ဦးကတော့ “Htoo, The Wanderlust” နဲ့ “Hein Thant (Hein the traveller)” တို့ပဲ ဖြစ်ပါတယ်။
“ကျနော်တို့ အခု နိုင်ငံတကာ Travel Blogger တွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်နဲ့ အင်းလေး ဒေသတွေမှာ သွားရောက် ယှဉ်ပြိုင်ကြမယ်။ ဘာတွေ ယှဉ်ပြိုင်ကြမလဲဆိုရင် ကျနော်တို့က Activity တွေကို တရက်ချင်းစီပဲ ရတာဆိုတော့ ကြိုမသိဘူး၊ တရက်ချင်းစီ ယှဉ်ပြိုင်မယ်။ ကျနော်တို့ ဒီနေ့ ရန်ကုန်မြို့ရဲ့ အဓိက ကိုလိုနီ အဆောက်အအုံတွေ သွားလေ့လာမယ်။ နာမည်ကြီး ဘုရားတွေ သွားမယ်။ ပြီးတော့ သတင်းအချက်အလက်တွေ မျှဝေပြီး ယှဉ်ပြိုင်ကြမယ်” လို့ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် Travel Blogger ကိုဟိန်းသန့် (Hein the traveller) က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “နိုင်ငံတကာက Travel Blogger တွေစုပြီး အခုလို ပြိုင်ပွဲလုပ်ပေးတာ အရမ်းကောင်း ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံရပ်ခြားကို ခရီးသွားလာတာ သိပ်မကြာသေးဘူး။ Travel Blogger ဆိုတာလည်း ကျနော်တို့နိုင်ငံမှာ ရှိလာတာ တနှစ်၊ ၂ နှစ်ပဲ ရှိသေးတယ်။
တခြားနိုင်ငံတွေမှာ ရှိနေခဲ့တာ ကြာပြီ။ ဆိုတော့ သူတို့ဆီက အိုင်ဒီယာ၊ သူတို့ဆီက အတွေ့အကြုံတွေ ကျနော်တို့အနေနဲ့ ဖလှယ်လို့ရမယ်လို့ ယူဆပါတယ်” လို့ ကိုဟိန်းသန့်က ဆိုပါတယ်။
သြစတြေးလျနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြတဲ့ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင် စတဲ့ Asia Pacific နိုင်ငံ ၁၁ နိုင်ငံမှ Travel Blogger ၂၂ ဦးပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တဖွဲ့ ၂ ယောက်နှုန်းနဲ့ အဖွဲ့ ၁၁ ဖွဲ့က ပျော်စရာ ကစားနည်းတွေကို ၅ ရက်တာ ယှဉ်ပြိုင်ရမှာလို့ သိရပါတယ်။
၅ ရက်တာ ယှဉ်ပြိုင်ကြမယ့် ခရီးစဉ် တလျှောက်မှာ စိန်ခေါ်မှုများ ဖြေရှင်းခြင်း၊ ပုံမှန်လုပ်နေကျ အရာမှ ကွဲထွက်တဲ့ အရာများဖြစ်တဲ့ “ရွှေဒေါင်း” ဆက်ကပ်မှာ လေ့လာသင်ယူခြင်းများ စတာတွေ ပြုလုပ် ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်နေစဉ် တလျှောက်လုံးမှာလည်း ပြိုင်ပွဲဝင်များမှ သူတို့ရဲ့ Social Media များမှာ အတွေ့အကြုံများကို ဝေမျှကာ ပရိသတ်များရဲ့အကူအညီနဲ့ ပဟေဠိများဖြေဆိုပြီး ဆုများကို ရရှိမယ် လို့ သိရပါတယ်။
ခရီးစဉ်တလျှောက် ပါဝင်မယ့် ဟိုတယ်များကတော့ ibis Bencoolen, Sofitel Singapore Sentosa Island, Ibis Yangon Stadium, Novotel Inle Lake Myat Min နဲ့ Novotel Yangon Max ဟိုတယ်တို့ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာမှ ပြိုင်ပွဲဝင်များက Scoot and Tigerair နဲ့ Myanmar National Airlines တို့နဲ့ လာရောက်တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြိုင်ပွဲအစီအစဉ်များကို Asia Holidays နဲ့ Phoenix Voyages မှ ကူညီပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။