ပြည်တွင်းအခွန်များ ဦးစီးဌာနက၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ဖွင့်မယ့် ထီကစပြီး ဆုကြေးငွေ ကျပ်သိန်း ၁ သောင်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အခုပေးမယ့် ဆုက ထီသက်တမ်းတလျှောက် အများဆုံး ဖြစ်ပါတယ်။ အောင်ဘာလေဆုကို ပေါက်ခဲ့မယ် ဆိုရင် ဘဝတဆစ်ချိုး ပြောင်းလဲ သွားနိုင်လောက်တဲ့ ငွေပမာဏလည်း ဖြစ်ပါတယ်။
ထီဆုကြေးငွေပမာဏ မြင့်မားလာသလို ထီတန်ဖိုးကလည်း လိုက်ပါမြင့်တက် လာတယ်။ အစိုးရက ထီတစောင်ကို ကျပ် ၅၀၀ အထိ ဈေးကို တိုးမြှင့်လိုက်ပါတယ်။ ပြင်ပဈေးကွက်မှာတော့ ထီတစ်စောင် ကျပ် ၆၀၀-၇၀၀ အထိ ဖြစ်သွားပါတယ်။ အစိုးရက ထီဈေး တိုးမြှင့် မရောင်းချဖို့ ညွှန်ကြားထားပေမယ့် ဈေးကွက်မှာတော့ တစောင် ကျပ် ၁၀၀-၂၀၀ ဈေးပိုတင်ရောင်းချတဲ့ ဆိုင်တွေသာ များပါတယ်။
သတ်မှတ်ဈေးနဲ့ ရောင်းချခဲ့ရင် သင့်တင့်တဲ့ အမြတ် ရနိုင်ပေမယ့် ထီဆိုင်ကြီးတချို့က အပိုဆုကြေးကို အကြောင်းပြပြီး အမြတ်တင် ရောင်းချတဲ့အခါ ထီကံစမ်းကြသူတွေ ဝန်ပိကုန်ကြ ပါတယ်။ သတ်မှတ်ဈေးနဲ့ ရောင်းတာတောင် မြတ်စွန်းနေတဲ့ ပစ္စည်းတခုကို ၄၀ ရာခိုင်နှုန်း ထပ်ဆောင်း အမြတ်တင် လိုက်တဲ့အခါ ရရှိမယ့် အမြတ်အစွန်းက အဆမတန် ကြီးထွား သွားတော့တာပါပဲ။ ထီချစ်သူ ဝါသနာရှင် တွေမှာ ပေါက် မပေါက် သေချာ မသိရတဲ့ ထီ လက်မှတ်တိုင်း အတွက် အမြတ်အစွန်းတွေ ပေးနေရပါတော့တယ်။
ထီရောင်းချမှုပုံစံတွေ ကလည်း အမျိုးမျိုး ကွဲပြားကြတယ်။ အရင်က ရွက်ဆုတ် ဆိုပြီး တရွက်ချင်းနဲ့ ဆယ်ဦးစပ်၊ ငါးဦးစပ် စတဲ့ ရှယ်ယာစပ်တူ ရောင်းချမှုတွေ ရှိခဲ့ပါသေးတယ်။ အခုခေတ်မှာတော့ နှစ်မွှာအသည်း၊ အက္ခရာစုံ၊ အိပ်ပိတ်၊ အထူးမင်္ဂလာစုံတွဲ (အက္ခရာလွဲ ဂဏန်းတူ)၊ ဆယ်စောင်တွဲ စတာတွေသာ ရောင်းချကြတော့တယ်။
ထီတွေကို သတ်မှတ်ဈေးထက် ပိုပြီး အမြတ်တင် ရောင်းချကြတာ အခုမှ မဟုတ်ပါဘူး။ အပိုဆုကြေးတွေ ထပ်ဆောင်းပေး ကတည်းက ထီလက်မှတ်တွေဟာ သတ်မှတ်ဈေးနဲ့ ဝယ်မရခဲ့ကြဘူး။ ထီဆိုင်ကြီးတွေဆီက တဆင့် ယူပြီး အရပ်ထဲ လှည့်လည် ရောင်းချတဲ့ လက်လီ ထီသည်လေးတွေ သင့်တင့်တဲ့ အမြတ်အစွန်း ယူပြီး ဈေးဖိုးရှာတာ လက်ခံနိုင်ဖွယ် ရှိပါတယ်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက တိုက်ရိုက်ဝယ်ယူ ရောင်းချခွင့်ရနေတဲ့ ထီဆိုင်ကြီးတွေက သတ်မှတ်ဈေးနှုန်းထက် ပိုပြီး အမြတ်အစွန်းတွေနဲ့ ရောင်းချနေတာ ဖြစ်သင့်ပါရဲ့လား။ ဒါဟာ ရောင်းသူ ဝယ်သူ အသံတူနေတာ မဟုတ်ပါဘူး။ ထီကံစမ်းလိုသူတွေဟာ သတ်မှတ်ဈေးနဲ့ ရောင်းချတဲ့ ထီဆိုင်ကို ရွေးချယ်ခွင့် မရှိဘဲ ထီဆိုင်ကြီး အများစုက လက်ဝါးချင်းရိုက် ဈေးနှုန်းသတ်မှတ်ထားတဲ့ အတိုင်းသာ ထီကံစမ်းကြရတယ်။
ကျနော် ထီ စထိုးတာ ထီတစောင် ၂ ကျပ်သာ ပေးရတဲ့အချိန်ပါ။ ၁၉၈၀ ပြည့်လွန် နှစ်တွေ ဖြစ်ပါတယ်။ အမြင့်ဆုံး ဆုကြေးငွေက ကျပ် ၁ သိန်း ဖြစ်ပြီး ထီပေါက်စဉ်တွေကို သိန်းထီပေါက်စဉ်လို့ ခေါ်ခဲ့ကြတာပေါ့။ မှတ်မှတ်ရရ ထီလက်မှတ်ရဲ့ ဝဲဘက်မှာ သုံးလက်မ ပတ်လည်လောက် နေရာလွတ်လေး ပါသေးတယ်။ အမည်၊ နေရပ်လိပ်စာ၊ အတိတ် ဆိုပြီး ပါဝင်တယ်။ ထီလက်မှတ်မှာ ထီချစ်သူတွေရဲ့ အနာဂါတ် အိပ်မက်လှလှတွေကို အတိတ်ဆိုတဲ့ ကွပ်လပ်လေးမှာ ဖြည့်ခဲ့ကြတယ်။ ထီလက်မှတ် အတိတ်တွေကို ဖတ်ကြည့်ရင် အဲဒီခေတ် လူမှုစီးပွား တစိတ် တဒေသကို အကဲဖြတ်နိုင်တယ်။
“ဘုရားတည် ကျောင်းဆောက် အလှူကြီးပေးရန်၊ တိုက်ဆောက်၊ ကားစီး၊ မိန်းမယူရန်၊ မိဘကျေးဇူး အထူးထူး ပေးဆပ်စေရန် သိန်းဆုပန်၊ မိန်းမတောင်းဖို့ ထီကိုထိုး သိန်းဆုကြီးနဲ့တိုး၊ ထမင်းရည်ချောင်းစီး မောင်းတီးလှူရန်၊” စတဲ့ အတိတ်တွေက ခေတ်အတိတ် ခေတ်အရိပ်တွေ ပါပဲ။
နှစ်ကျပ်တန် ထီခေတ်မှာ အောင်ဘာလေထီနဲ့ ပတ်သတ်တဲ့ သီချင်းတောင် ပေါ်ခဲ့ပါသေးတယ်။
“အောင်ဘာလေ×××သိန်းဆုကြီး×××အကြိမ်ကြိမ်အခါခါပေါက်ပါစေဗျား×××မိန်းမလှလေးနဲ့ညား××သင်္ဘောသား လေး×××ဖြစ်ရပါလို၏” ဆိုတဲ့ သီချင်းက လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ်။
၁၉၉၀ ပြည့်လွန် နှစ်တွေမှာ ထီလက်မှတ်ဈေးတွေ တက်လာပြီး ဆုကြေးငွေလည်း တိုးမြှင့်လာခဲ့တယ်။ ထီတစ်စောင် ၅ ကျပ်၊ ၁၀ ကျပ်၊ ၅၀ ကျပ်၊ ၂၀၀ ကျပ် အထိ တိုးမြှင့်လာခဲ့တယ်။ ဆုကြေးခွဲဝေပုံတွေလည်း အမျိုးမျိုး ဖြစ်လာခဲ့တယ်။ ဆုကြေးငွေ တွေလည်း ၁၀ သိန်း၊ သိန်း ၅၀၊ သိန်း ၁၀၀၊ သိန်း ၅၀၀။ သိန်း ၁၅၀၀ ဆိုပြီး ခေတ်အလျောက် တိုးမြှင့်ပေးခဲ့တယ်။
အရင်က ထီဖွင့်ရက်ကို ရက်ရှည်ကျင်းပပေးခဲ့ပေမယ့် ရွှေမြန်မာတွေက ရွှေဉာဏ်တော် စူးရောက်ပြီး အောင်ဘာလေ ထီရဲ့ နောက်ဆုံး ၂ လုံးကို နှစ်လုံးထီ လောင်းကစား အဖြစ် တီထွင်ဖန်တီး လောင်းကစား လုပ်ခဲ့ကြတယ်။ အစိုးရက နှစ်လုံးထီ မကစားနိုင်အောင် အောင်ဘာလေထီကို တရက်တည်း ဖွင့်ဖို့ ပြောင်းလဲ လိုက်ရတယ်။
သို့ပေမယ့် လောင်းကစား သမားတွေက ဒီပြောင်းလဲမှုလောက်ကို မမှုပါဘူး။ အိမ်နီးချင်း နိုင်ငံရဲ့ ဈေးကွက် ဂဏန်းကို နှစ်လုံးထီ အဖြစ် ပြောင်းကစား လိုက်ကြတယ်။ အခုဆိုရင် တပတ်ကို ၅ ရက် နှစ်လုံးထီ လောင်းကစားကို ညမနက် တရက် နှစ်ကြိမ် ပျော်ပျော်ကြီး ကံစမ်းနေကြပြီ။
ထီကံစမ်းမှုက မြန်မာတွေရဲ့ သည်းခြေကြိုက် ကံစမ်းမှု ဖြစ်ပါတယ်။ မြန်မာရှင်ဘုရင် လက်ထက် ကတည်းက ထီရုံတော်ကြီးတွေ ဖွင့်လှစ်ပြီး ကံစမ်းခဲ့ကြတယ်။ မန္တလေးမြို့ ဈေးချိုတော် တောင်ဘက်နေရာက မြန်မာရှင်ဘုရင် လက်ထက်က ထီတွေ ဖွင့်လှစ်ခဲ့တဲ့ နေရာဖြစ်ပြီး အခုထိ ရုံတော်ကြီး အဖြစ် နာမည်တွင်နေဆဲ ဖြစ်ပါတယ်။
မြန်မာအများစုက ထီထိုးရတာ ဝါသနာပါတယ်။ ဘဝရဲ့ ထွက်ပေါက် အဖြစ် သဘောထားကြသူတွေ ရှိသလို ကွမ်းစားဆေးသောက် ကျပျောက်သလောက် ငွေမို့ ကံစမ်းကြသူတွေလည်း ရှိတယ်။ ဗေဒင်မေးပြီး ဗေဒင်ဆရာဟောတဲ့ ဂဏန်း ရွေးချယ်ထိုးကြသူတွေ၊ ဗေဒင်ဟောစတမ်းတွေ ဖတ်ပြီး ဟောစာတမ်းမှာပါတဲ့ ကိန်းဂဏန်းတွေကို ယုံယုံကြည်ကြည် ထိုးကြသူတွေလည်း ရှိပါတယ်။
မြန်မာတွေ ထီဘယ်လောက်ကြိုက်သလဲဆိုရင် ရှေးခေတ် စာနယ်ဇင်းတွေမှာ သရုပ်ဖော်ပုံတွေနဲ့ ထီဆိုင်တွေကို ကြော်ငြာခဲ့ကြတယ်။ အမျိုးသားလေးက သူနဲ့ ရည်ငံနေတဲ့ အမျိုးသမီးလေးအိမ် အလည်သွားတော့ ယောက္ခမ လောင်းက “ကောင်လေးကို အပြတ် မငြင်းလိုက်နဲ့။ သူ့အိပ်ကပ်ထဲမှာ အောင်ဆုပန် ထီဆိုင်က ထိုးလာတဲ့ ထီလက်မှတ် ရှိတယ်” လို့ သူ့ အိမ်သူသက်ထားကို တိုးတိုးလေး ကပ်ပြောနေတဲ့ သရုပ်ဖော်ပုံက စာနယ်ဇင်း ပရိတ်သတ်ကြားမှာ ထင်ရှားတဲ့ ကြော်ငြာဖြစ်တယ်။ အောင်ဆုပန် ထီဆိုင် အောင်မြင်လာတော့ မရှေးမနှောင်းမှာပဲ အောင်စုပန်၊ အောင်ခရုပန်၊ အောင်ထုပန်၊ အောင်ဆုဝန် စတဲ့ ဆင်တူယိုးမှား ထီဆိုင်တွေလည်း ပေါ်လာတော့တယ်။
အရင်က ငွေကြေးဖောဖောသီသီ သုံးနေရင် အိုင်ယာလန်ထီ ပေါက်တဲ့သူ လို့ ဆိုစမှတ်ပြုကြတယ်။ အခုတော့ အိုင်ယာလန်ထီ ထိုးဖို့ လွယ်မလွယ် မသေချာပေမယ့် စင်္ကာပူထီလောက်တော့ အွန်လိုင်းပေါ်က တဆင့် ကံစမ်းလို့ ရနေပြီ။ မိတ်ဆွေတို့လည်း ထီဝါသနာပါရင် ထီကံစမ်းကြစေလို ပါတယ်။
ကဗျာဆရာတယောက်ရဲ့ ထီအပေါ် အာရုံခံစားမှုကိုလည်း မိတ်ဆွေတို့ အတွက် ဖော်ပြလိုက်ပါတယ်။
စိတ်နာတယ်
အနာဂတ်ကို
ကဗျာစပ်လို့ မရတဲ့အခါမျိုးမှာ
ထီထိုးရတာလည်း အလုပ်တခု။ ။