ကန္တာရဝတီ၊ ငွေတောင်ပြည် ဆိုတာကို ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ပုံပြင်ထဲက မင်းသားသုဓနုနဲ့ ဒွေးမယ်နော်တို့ တကယ်များနေတာလားလို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒဏ္ဍာရီထဲက ငွေတောင်ပြည်ကို အလည်တခေါက် ရောက်တော့မှ စိတ်ကူးထက်ပိုပြီး ထူးဆန်းတဲ့ မြင်ကွင်းတွေ၊ သာယာတဲ့ သဘာဝတောတောင်တွေကို တွေ့မြင်ခံစားရတဲ့အကြောင်း ပြောပြချင်ပါတယ်။
အရင်ကာလတွေကတော့ ကယားပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေးခက်ခဲတာရော၊ ဒေသလုံခြုံရေးအရပါ သွားရောက်လည်ပတ်လို့ရတဲ့ ဒေသလို့ ကိုယ်တိုင် မတွေးမိခဲ့တာကို ခု ရောက်ဖူးလည်ပတ်မိမှ မှားမှန်းသိရပါတော့တယ်။
ကယားပြည်နယ်ဟာ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေပြီးတော့ ခုဆို လည်ပတ်စရာတွေကလည်း တော်တော်များလာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားဒေသတွေအများစုဟာ သူ့ဒေသနဲ့သူ တောတောင်ရေမြေသဘာ၀ အလှကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့အထဲမှာ ကယားပြည်နယ်က မပျက်စီးသေးတဲ့ သဘာဝအလှနဲ့ လည်ပတ်သူတွေကို ဆွဲဆောင်နေပါပြီ။
အစောဆုံးဖွံဖြိုးမှုအားကောင်းတဲ့ မြို့ပြတွေမှာ နေတဲ့သူတွေအနေနဲ့တော့ ကွန်ကရစ်တွေ၊ အိပ်ဇောနံ့တွေ၊ ပူလောင်အိုက်စပ်နေတဲ့ရာသီနဲ့၊ သန့်ရှင်းမှုမရှိတဲ့လေထုကြားကနေ ခပ်ဝေးဝေးမှာ လည်ပတ်အနားယူဖို့ အခုနောက်ပိုင်းစဉ်းစားလာကြတာအမှန်ပါပဲ။ မြို့ပြဖွံဖြိုးမှုတွေရဲ့ နောက်ကွယ်မှာ ဆုံးရှုံးလိုက်ရတဲ့ သဘာ၀ အလှအပ ပတ်ဝန်းကျင်တွေကို ခံစားဖို့ နေရာသစ်တွေကို ရှာဖွေ သွားလာတတ်နေကြပါပြီ။ ဒီတော့ ဒီနှစ်တွေမှာ အစိုးရကလည်း ခရီးသွားလာရေးမှာ အထူးဖွံဖြိုးစေချင်တဲ့ ကယားပြည်နယ်ကို ခဏခေါ်ဆောင်သွားချင်ပါတယ်။
ကယားပြည်နယ်ဆိုတာ ဘယ်နေရာလဲ
ကယားပြည်နယ်ကို ကရင်နီပြည်နယ်လို့ ဟိုးယခင်က လူသိများကြပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်ခပ်ကျကျနေရာမှာ ရှိပြီးတော့ အင်အားကြီးကျယ်ပြန့်လှတဲ့ ရှမ်းပြည်နဲ့ ကရင်ပြည်နယ်တို့နဲ့ ထိစပ်နေပါတယ်။ အရှေ့ဘက်မှာတော့ ထိုင်းနိုင်ငံနယ်စပ်မယ်ဟောင်ဆောင်ဒေသနဲ့ ကပ်နေပါတယ်။ ကယားပြည်နယ်ဟာ တောင်စဉ်အထပ်ထပ်နဲ့ ဝန်းရံထားတာမို့ အရင်ကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အချိန်တွေမှာ တခြားမြို့ကြီးတွေကနေ လေကြောင်းလမ်းကပဲ အများစု သွားခဲ့ကြရတာပါ။
ခေတ်အဆက်ဆက်မှာ လမ်းပန်းဆက်သွယ်ရေးကြောင့်ပဲ ဒေသဖွံဖြိုးမှု အားနည်းခဲ့ရပါတယ်။ ဒီဒေသမှာ အများစုကတော့ ကယား၊ ကရင်၊ ရှမ်း၊ ပအို့နဲ့ မြန်မာလူမျိူးတွေ နေထိုင်ကြပါတယ်။ ဒါပေမယ့် တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ လူဦးရေက နည်းပါးလှပါတယ်။
အရင်ကာလအနေအထားကို သေချာ မရောက်ခဲ့ဖူးတာကြောင့် အကြားသာရှိခဲ့ပေမယ့် အခုကိုယ်တိုင် လက်တွေ့ရောက်တဲ့အချိန်မှာတော့ ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့ဟာ တော်တော် သပ်ရပ်သန့်ရှင်းလှပတာတွေ့ရပါတယ်။ မြို့ပေါ်က လမ်းမတွေဟာ အမှိုက်ကင်းစင်နေပြီးတော့၊ တခြားပြည်နယ်မြို့တော်တွေလို ဆိုင်ကယ်တွေ ရှုပ်ထွေးနေတာမျိူးလည်း သိပ်မတွေ့ရပါဘူး။
ကယားပြည်နယ်ထဲကိုရောက်တာနဲ့ ကျမတို့လို သူစိမ်းခရီးသွားတွေအနေနဲ့ လမ်းမသိလို့ မေးမြန်းမယ်ဆိုရင်တောင် ဖော်ရွေတဲ့ တိုင်းရင်းသားတွေက သွားလိုရာ လမ်းနေရာ တိတိကျကျ လမ်းညွှန်ပြပေးတာ တွေ့ရသလို ရှမ်းပြည်နယ်နဲ့ ထိစပ်နေတာကြောင့်လည်း နယ်စပ်မြို့တွေမှာ လူမျိူးပေါင်းစုံ ပေါင်းစပ်နေထိုင်ကြတာတွေ့ရပါတယ်။ ရိုးသားတဲ့ တိုင်းရင်းသားတွေဒေသဟာ ဧည့်ခရီးသွားတွေကို ဖော်ရွေလှပါတယ်။
ဘယ်လိုသွားမလဲ
ကယားပြည်နယ်ကို မိမိကိုယ်ပိုင်အစီအစဉ်နဲ့ ကားလမ်းကနေပဲ သွားမယ်ဆိုရင် အများစုသွားကြတဲ့ လမ်းကြောင်းအချို့ကို ပြောပြချင်ပါတယ်။ ကျမတို့ မိသားစုကတော့ လမ်းကြောင်းတွေကို မသွားခင် သေချာမေးမြန်းကြပြီးမှ ကိုယ်သွားချင်တဲ့လမ်းကြောင်းကို ပြန်ဆွဲတာပါ။
ကျမတို့က မိသားစုအေးအေးဆေးအေး သွားချင်တာမို့ အရင်ဆုံး ရှမ်းပြည်နယ် ကလောဘက်က တက်တဲ့လမ်းကြောင်းကို အသွားလမ်းကြောင်းအဖြစ် စယူပါတယ်။ ကလောလမ်းကြောင်းကတော့ ရန်ကုန်ကနေ အမြန်လမ်းအတိုင်းသွားပြီး ပျော်ဘွယ်လမ်းခွဲမှာ ညာဘက်ကိုဆင်း၊ ယင်းမာပင်လမ်းခွဲကနေ ကလောကို တက်ပါတယ်။ ကလောမှာ တည အနားယူလိုက်သေးတာမို့ အဲဒီလမ်းကြောင်းကသွားမယ်ဆိုရင် အေးအေးဆေးဆေးလည်းဖြစ်၊ လမ်းပေါ်ကမြို့တွေလည်း လည်ပတ်လို့ရပါတယ်။ နောက်ရက်မှာ ကလောကနေ ပင်လောင်းမြို့ကို တက်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းပင်လောင်းမြို့ဟာ အင်မတန် သာယာလှပပြီးတော့၊ တကယ့် လက်ဖက်စိုက်ကွင်းတွေ၊ တောင်ယာဥယျာဉ်တွေဟာ လမ်းဘေးတလျှောက်ကြည့်ရတာကိုက မျက်စိအေးပြီး ခရီးသွားရတဲ့ တကယ့်အရသာကို ပေးပါတယ်။ ကျမကတော့ ဒီလမ်းကြောင်းကို နည်းနည်းရှည်ပေမယ့်တော်တော် သဘောကျပါတယ်။
ကလောကနေ ပင်လောင်းကို မိုင် ၆၀ လောက်မောင်းရပြီး လမ်းတစ်လျှောက် ပအို့ရွာတွေဖြတ်သန်းသွားရတာမို့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေ၊ ဒေသအနေအထားကိုလည်း လေ့လာသွားလို့ရပါတယ်။ ပြီးတော့ ပင်လောင်းက ဘုရားတွေ၊ ဈေးတွေကိုလည်း ဝင်လို့ ရသေးတယ်လေ။ ပင်လောင်းက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀ ကျော်မြင့်တာမို့ စိမ့်နေပြီးရာသီကတော့ အင်မတန်ကောင်းတဲ့ ဒေသပါ။ ပင်လောင်းလက်ဖက်ခြောက်က ဒီရာသီကြောင့် အရသာပိုကောင်းတာ ဖြစ်ပါလိမ့်မယ်။ ကုန်းလမ်းက ကားနဲ့ ခရီးသွားခြင်းအနုပညာမှာ ဒီလိုဒေသတွေကို အရသာရှိရှိ ခံစားနိုင်လို့လည်း ပင်ပန်းတယ်တောင် မထင်ရတာပါ။ ပင်လောင်းကနေ ကျမတို့ လွိုင်ကော်ကို ဆက်မောင်းပါတယ်။ မိုင် ၃၀ လောက်ပါ။
ကလောကနေ ပင်လောင်းကတော့ တောင်ကုန်းတွေကို ကျော်ဖြတ်ခဲ့ရပြီး၊ ပင်လောင်းကနေ လွိုင်ကော်ကတော့ လမ်းအတက်အဆင်းရှိပေမယ့် သိပ်မြင့်တဲ့တောင်တွေကို မဖြတ်ရတော့ပါဘူး။ လွိုင်ကော်မရောက်ခင် ရှမ်း-ကယားနယ်စပ်ရောက်ခါနီးတော့ တောင်အမြင့်ပိုင်းကနေ လှမ်းကြည့်လိုက်ရင် ရှမ်းပြည်နယ် ဖယ်ခုံက မိုးဗြဲဆည်ကြီးကို ပြာပြာကြီးနဲ့ လှမ်းမြင်လိုက်ရတဲ့အရသာဟာ သိပ်ထူးပါတယ်။
တောင်တန်းတွေကြားက ရေပြာပြာကြီးက ပင်ပန်းထားသမျှကို ပြေပျောက်စေမှာအမှန်ပါပဲ။ အဲဒီမှာလည်း ကားခဏရပ်ပြီး အလှဓာတ်ပုံတွေ စိတ်ကြိုက်ရိုက်နိုင်လောက်အောင် ပတ်ဝန်းကျင်က လှပါတယ်။ ပြောင်းခင်းတွေ၊ တောင်တန်းပြာကြီးတွေ၊ ရေပြာပြာတွေ၊ သဘာဝကြောင့် သင့်အလှတွေပိုကြွလာစေမှာပါ။ ရှမ်း-ကယား နယ်စပ် ရောက်ရင်လည်း ဓာတ်ပုံရိုက်ဖို့ မမေ့နဲ့ဦးနော်။ မနက်၁၀ နာရီလောက်က ကလောကနေ ထွက်လာတဲ့ကျမတို့က လမ်းမှာနားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ နေ့လည် ၂နာရီလောက်မှာ လွိုင်ကော်မြို့ကိုရောက်ပါတယ်။ ကလောကနေ လွိုင်ကော်ကို မိုင် ၉၀ ကျော်လောက်ဝေးပါတယ်။
လွိုင်ကော်
လွိုင်ကော်ကိုဝင်တာနဲ့ မြေပြန့်ပိုင်းပြန်ရောက်သွားတော့ အဝင်လမ်းတွေကလည်း တော်တော်လေးကို ကောင်းမွန်တာတွေ့ရပါတယ်။ မြို့လေးက သေးပေမယ့် သပ်ရပ်သန့်ရှင်းပါတယ်။ လူတွေကြပ်ညပ် နေတာမဟုတ်တော့၊ ကားတွေ ဆိုင်ကယ်တွေလည်းမရှုပ်လှပါဘူး။ ကျမတို့တည်းတဲ့ ကန်သာယာဟိုတယ်ကို လမ်းခပ်ကျဉ်းကျဉ်းက ဝင်သွားရပေမယ့် ဟိုတယ်ရောက်တော့ ဘေးမှာ ရေကန်ကြီးတခုရှိတာမို့ အမောပြေသွားရပါတယ်။
လွိုင်ကော်မှာ ဟိုတယ်ခတွေကတော့ အနည်းဆုံး ၃၅၀၀၀ ကျပ်လောက်ကနေ အဆင့်ဆင့်ရှိပါတယ်။ ကျမတို့တည်းတဲ့ဟိုတယ်ကတော့ လမ်းထိပ်ဘက်ထွက်ရင် နာမည်ကျော် နောင်ယားကန်ထိပ်ကိုရောက်ပါတယ်။
လွိုင်ကော်က နောင်ယားကန်ကတော့ ကန်တော်ကြီးလိုပါပဲ။ ကန်ထဲမှာ တံတားလေးတွေနဲ့ ကန်တဝိုက်စားသောက်ဆိုင်တွေနဲ့၊ ထိုင်ခုံတန်းလေးတွေနဲ့ တော်တော်သာသာယာယာ လုပ်ထားတာပါပဲ။ သူကလည်း လည်ပတ်စရာနေရာတခုထဲမှာပါပါတယ်။ လွိုင်ကော်ရောက်တာနဲ့ နေ့လည်စာကို အဲဒီနောင်ယားကန်နားက စားသောက်ဆိုင်တွေမှာ စားနိုင်ပေမယ့် ကျမတို့က နာမည်ကြီးတဲ့ ဒီးမော့ဆိုမြို့နယ်ဘက်သွားတဲ့လမ်းပေါ်က မြန်မာထမင်းဆိုင် တခုကိုရွေးလိုက်ပါတယ်။ ရွှေလက်ရာဆိုတဲ့အတိုင်း အင်မတန်ကိုလက်ရာကောင်းပါတယ်။
ဟင်းခွက်တိုင်းက အပေါ့အငန်၊ အချိူအလေးအရသာတွေကို ချိန်ချိန်ဆဆထည့်ထားပြီး ငါးပိရည်နဲ့ အတို့အမြှုပ်တွေကလည်း တော်တော် စုံတဲ့အပြင် လတ်ဆတ်လွန်းလို့ ဗိုက်ခွေးနမ်းအောင်စားတာတောင် တယောက် ၂၅၀၀ လောက်ပဲ ကျတာပါ။
လွိုင်ကော်မြို့ထဲမှာ အထင်ကရ တောင်ကွဲစေတီ၊ မြို့နာမ်စေတီ၊ကန္တာရဝတီဟော်နန်း (ခုတော့ဘုန်းကြီးကျောင်းဖြစ်) စတာတွေရှိပါတယ်။ ဒါပေမယ့် ကျမတို့က နေ့လည်စာ စားပြီးတာနဲ့ ဒီးမော့ဆိုမြို့နယ်ဘက်ထွက်ခွာလာပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ဘာတွေ လည်ပတ်လို့ရမလဲ
လွိုင်ကော်ကနေ ဆယ်မိုင်လောက်ဝေးပေမယ့် လမ်းတဆက်တည်း ကောင်းတာမို့လည်း သွားရလွယ်ပါတယ်။ အဲဒီမှာ နာမည်ကျော် ငွေတောင်ဆည်ကြီးရှိပါတယ်။ ကျမတို့က ငွေတောင်ဆည်ကိုရောက်တဲ့အချိန်မှာ ညနေစောင်း ဖြစ်နေပြီမို့၊ နာမည်ကျော် ကယန်းလူမျိူးတွေနေတဲ့ ပန်ပက်ရွာကို သွားဖို့ အချိန်မရတာနဲ့တခြားနေရာတွေကို ရွေးလိုက်ပါတယ်။
ငွေတောင်ဆည်ဟာ အဲဒီဒေသအတွက် စပါးကောင်းကောင်းစိုက်နိုင်ဖို့ ရေပေးဝေနေတဲ့ဆည်တခုမို့ ဒေသခံတွေအားထားရတဲ့ နေရာလည်းဖြစ်သလို ညနေစောင်းမှာ အင်းယားကန်စောင်းလမ်းလျှောက်သလို လမ်းလျှှောက်နိုင်တာမို့လည်း လည်ပတ်လို့ကောင်းတဲ့နေရာပါ။ ဆည်ကနေထွက်လာတဲ့ ဆည်မြောင်းသေးသေးတွေက ရေကြည်ကြည်တွေကို လာချိူးကြတဲ့ လူငယ်တွေ၊ ကြညလင်နေတဲ့ ရေထဲက ငါးတွေကို၊ ငါးမျှားလာသူတွေ၊ ဆည်ဘောင်တလျှောက် ညနေခင်း လမ်းလျှောက်နေကြသူတွေနဲ့ စည်ကားလှပါတယ်။
အဲဒီငွေတောင်ဆည်ကနေ ပြန်ထွက်လာတော့ နောက်ထပ်လည်ပတ်စရာက ထီးပွင့်ကန်တော်ပါ။ ငွေတောင်ဆည်ဘက်ကနေ ပြန်လာရင် ညာဘက်ခြမ်းကို ချိူးရပါတယ်။ ဆိုင်းဘုတ်ရှိပါတယ်။ ထီးပွင့်ကန်ဆိုတာကို အတွင်းကို ၁၀မိနစ်လောက်ဝင်ရင်ရောက်ပါပြီ။ အဲဒီထီးပွင့်ကန်ဆိုတာကတော့ ရိုးရိုးခပ်ကျဉ်းကျဉ်း မြေသားကန်ကို အုတ်ပတ်ထားပြီးတော့ ဘေးမှာ စေတီလည်းရှိပါတယ်။
ထူးခြားချက်ကတော့ ဒီကန်ထဲမှာ ကြာပန်းတွေနဲ့အတူ ရေအောက်ကနေ သဲတွေ ရေမျက်နှာပြင်ပေါ် ပွက်ထ တက်လာပြီး မကြာခင်မှာ သဲကြာပွင့်ကြီးတွေ ပွင့်ပွင့်လာတတ်လို့ပါပဲ။
ဒေသခံတွေအပြောအရတော့ သဲပွင့်ကြီးတွေ ကန်ရေပေါ်တက်လာတာများများမြင်ရရင် ကံကောင်းတယ်၊ လာဘ်ကောင်းတယ်ဆိုတာပါ။ ကျမတို့သွားတဲ့အချိန်မှာ သဲပွင့်သုံးပွင့် ပေါ်နေပါတယ်။ မြေကြီးထဲမှာ ဓာတ်အမျိူးမျိူးပြုပြီး ရေပြင်ထက်ကို သဲတွေ ပလုံစီတက်လာတာကတော့ သိပ္ပံနည်းကျ လေ့လာမယ် ဆိုရင်တော့ စိတ်ဝင်စားစရာပါ။
ထီးပွင့်ကန်တော်ကနေ ဆက်သွားမယ်ဆိုရင် အတွင်းတော်တော် ဝင်ရတဲ့ နေရာမှာ အင်မတန်သာယာတဲ့ ကန်ခုနှစ်ဆင့်ဆိုတာရှိပါတယ်။ ကန်ခုနှစ်ဆင့်ဆိုတာကတော့ တောင်တန်းကြီးတွေ ပတ်လည်ဝိုင်း နေတဲ့နေရာမှာကြည်လင်နေတဲ့ ကန်တွေ ခုနှစ်ခုလောက် ဆက်စီးနေတဲ့နေရာပါ။ သာယာလွန်းလို့ ညနေဘက် လာအပန်းဖြေသူတွေအများကြီးပါပဲ။
ကျမတို့တော့ ကန်ခုနှစ်ဆင့်ကို နောက်ရက်မှ ရောက်ဖြစ်ပါတယ်။ ကြည်လင်နေတဲ့ရေပြင်ပေါ်မှာ တောင်ပြာ အရိပ်ကျနေတာကို ကမ်းစပ်က ထိုင်ကြည့်ရတာကိုက ညနေဘက် အရသာအပြည့်ပေါ့။
ဒီးမော့ဆိုဘက်ကနေ ပြန်ထွက်လာတော့ ညနေမှောင်ရီစပြုနေပြီ။ ဒါပေမယ့် တောင်ကွဲစေတီကို တက်လို့ရသေးတဲ့ အနေအထားမို့ ကျမတို့ တောင်ကွဲစေတီကို အပြန်မှာ ဝင်ပါတယ်။
တောင်ကွဲစေတီဟာ ကယားပြည်နယ်ရဲ့ အထိမ်းအမှတ်နေရာဖြစ်သလို မြို့လယ်စည်ကားတဲ့နေရာလည်းဖြစ်ပြန်တာမို့ လူစည်ကားလှပါတယ်။ သဘာ၀ တောင်နှစ်လုံးကွဲနေတဲ့ ထိပ်ဖျားမှာ စေတီတည်ထားတာမို့၊ ဒီအပေါ်ကို ရောက်အောင် ခြေလျင်ကော ဓာတ်လှေကားပါ သုံးပြီးတက်နိုင်ပါတယ်။ တောင်ထပ်ရောက်တဲ့အချိန်မှာ လွိုင်ကော်မြို့ကို အပေါ်စီးက မြင်နိုင်မှာဖြစ်ပြီးတော့ သဘာ၀ ကောင်းကင်ရဲ့ အလှအပနဲ့ ပနံတင့်လှတဲ့ ဆည်းဆာချိန်ကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။ ညဘက်ကတော့ မီးတွေလင်းပြီး သိပ်လှတဲ့ နေရာတခုပေါ့။
ထီးဆဲခါးရေတံခွန်
ကယားပြည်နယ်ထဲမှာ သဘာ၀ ကျောက်လိုဏ်ဂူတွေပေါသလို သဘာဝရေတံခွန်တွေလည်း ပေါလှပါတယ်။ လူသိများတဲ့ ထီးဆဲခါးရေတံခွန်ကို အရောက်သွားဖို့ ကျမတို့ မနက်စောစောထပါတယ်။ လွိုင်ကော်ကနေ ထီးဆဲခါးရေတံခွန်ကိုရောက်ဖို့ တနာရီခွဲကျော်လောက်ကားမောင်းရပါတယ်။ ဒီရေတံခွန်က လွိုင်ကော်ကနေ တောင်ကြီးသွားတဲ့လမ်းပေါ်မှာရှိပြီးတော့ ရှမ်း-ကယားနယ်စပ်၊ပြောရရင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်ထဲမှာရှိပါတယ်။
လမ်းဆုံထိပ်မှာ ရေတံခွန်သွားဖို့ ဆိုင်းဘုတ်ရှိပြီးတော့ အတွင်းလမ်းကတော့ နည်းနည်းကြမ်းပါသေးတယ်။ ဒါပေမယ့် ၁၀မိနစ်လောက်မောင်းပြီးတဲ့အခါ ရေစီးသံတဝေါဝေါကြားရပါတော့တယ်။ ထီးဆဲခါးရေတံခွန်ဟာ ရေတံခွန်အမြင့်ကြီးတွေကနေ ရေတဝေါဝေါကျနေတာမျိူးမဟုတ်ဘဲ၊ ခပ်နိမ့်နိမ့်ရေတံခွန်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့နေရာပါ။
ကြည်လင်အေးစက်နေတဲ့ရေတံခွန်လေးတွေက ပတ်ချာလည်ရှိနေပြီးတော့ အဲ့နေရာကို ခုဆို လည်ပတ်စရာနေရာတခုဖြစ်အောင် သပ်သပ်ရပ်ရပ်လုပ်ထားတာတွေ့ရပါတယ်။ ရေတံခွန်တွေပေါ်က တံတားခပ်နိမ့်နိမ့်လေးတွေ ရေထဲပေါ်နေတဲ့ အပင်ကြီးတွေ၊ နေရောင်တွေဖြာနေတဲ့ ရေစပ်စပ်နဲ့ ထီးစဲခါးက တကယ်ကို သာယာလွန်းပါတယ်။ ကျမတို့ ပြန် မထွက်ချင်လောက်အောင် သာယာတဲ့နေရာတခုပါ။
အောင်သပြေလိုဏ်ဂူ
ပြောခဲ့သလို ထုံးကျောက်လိုဏ်ဂူတွေ ပေါလှတဲ့ ကယားပြည်နယ်ထဲမှာ ခုနကထီးဆဲခါးရေတံခွန်ကနေလွိုင်ကော်ဘက်ပြန်လာရင် ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်။ လိုဏ်ဂူတွေထုံးစံအတိုင်း အတွင်းမှာ ထုံးကျောက် ကျောက်စက် ပန်းဆွဲတွေနဲ့ ဘုရားဆင်းတုတွေနဲ့ အေးချမ်းတာတော့အမှန်ပါ။
လိုဏ်ဂူအတွင်းထဲထိသွားမယ်ဆိုရင်တော့အင်ဒီယားနားဂျုံးရုပ်ရှင်တကားတော့ ရိုက်လို့ရမယ်ထင်ပါတယ်။ အတွင်းထဲအထိ ဝင်မယ်ဆိုရင်အချိန်တော်တော်ပေးရမှာပါ။ အပြင်ဘက်မှာတော့ နေကြာပန်းခင်းကြီးတွေရှိတာမို့ ဓာတ်ပုံသမားတွေ အကြိုက်ဖြစ်ဦးမှာပါ။
လွယ်တမူလိုဏ်ဂူ
အောင်သပြေဂူကနေ ပြန်လာပြီး လွိုင်ကော်မြို့နားပြန်ဝင်ခါနီး အမြောက်တပ်ထဲမှာ လွယ်တမူလိုဏ်ဂူရှိပါတယ်။ စစ်တပ်နေရာထဲရှိနေတာမလို့ စစ်ဆေးရေးတော့ရှိပါတယ်။ ဒီဂူကတော့ အဆန်းပါ။ အပြင်ပန်းကြည့်ရင် ဂူကို အမြင့်ကြီးမမြင်ရပါဘူး။
ဂူကိုအောက်အတွင်းထဲဆင်းသွားရတာမို့ အပြင်ကနေကြည့်ရင် သာမန် စေတီတော်နေရာလို့ပဲထင်စရာပါ။ အတွင်းကတော့ တော်တော် နက်ပါတယ်။ လှေကားထစ်ချိူးမြင့်မြင့်တွေကနေ ဆင်းသွားရင် အောက်ထဲမှာ နေရာကျယ်ကျယ်ရှိပါတယ်။ ဘုရားဆင်းတုတော်တွေကော၊ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်စက်မိုးမျှော်တွေ၊ရေတွင်းလို ဖြစ်နေတဲ့ နေရာ စသဖြင့် အစုံမြင်ရမှာပါ။ စွန့်စားဝင်ချင်သူတွေအတွက် အကြိုက်ပေါ့။ ဂူကရှည်လျားလွန်းလို့ လွိုင်ကော်လေဆိပ်နားထိတောင် ပေါက်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကြတ်ဂူ
လွိုင်ကော်ကနေ ရှားတောမြို့နယ်ဘက်သွားတဲ့လမ်းပေါ်မှာရှိပြီး ဆယ်မိုင်ကျော်ကျော်လောက် လွိုင်ကော်ကနေသွားတဲ့အခါ ကြက်သီးထစရာ ကြတ်ဂူ (ဒေသခံတွေအခေါ် ဂျတ်ဂူ) ကိုရောက်ပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက် ဆယ်မိုင်၊ ပင်လယ်ရေမျက်နှာပြင် ၂၉၉၀ ပေမှာ ရှိတဲ့ ဒီကြတ်ဂူဟာထုံးကျောက်နဲ့ဒိုလိုမိုက်ကျောက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကယားဘာသာနဲ့ဆိုရင် ရာစုကုလို့ခေါ်ပါတယ်။
ဂူအတွင်းထဲမှာ အရှည်ဆုံးဆိုရင် ၁၅ ပေနဲ့ အတိုဆုံး ၂ ပေရှိတဲ့ သစ်သားခေါင်းတလားတွေ တွေ့ထားတာမို့ ဒီနေရာမှာ မမြင်မတွေ့နိုင်သူတွေလည်း နေထိုင်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းကြားရပါတယ်။ ဒီဂူထဲကို လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်လောက်ကဝင်ခဲ့ဖူးတဲ့သူတွေအဆိုအရဆိုရင် မျက်နှာကြက်တွေပေါ်မှာရှိနေတဲ့ ခေါင်းတွေထဲမှာ အရိုးစုတွေတောင်တွေ့ရတယ်လို့ဆိုပါတယ်။ ခုတော့ မတွေ့ရတော့ပါဘူး။
ယုံကြည်မှုဆိုင်ရာညွှန်းဆိုချက်တွေအရတော့ ဒီနေရာဟာ ပရလောကသားတွေပါ ရှိနေသလိုလိုပါ။ ဂူအတွင်းထဲကိုဝင်မယ်ဆိုရင်ရင် မြေပေါ်ကနေ ၁၀ မိနစ်ကျော်လောက် လှေကားထစ်တွေအတိုင်းတက်ရပါတယ်။ ဂူဝရောက်တဲ့အခါ ကြီးမားလှတဲ့ကျောက်တုံးကြီးတွေ ရှိနေတာမို့ သစ်သားလျှောက်လှမ်းလေးနဲ့ ခဲရာခဲဆစ် ထပ်ဝင်ရပါတယ်။ ကျမတို့သွားတုန်းက အတွင်းပိုင်းထိ မီးမရသေးလို့ ဂူတဝက်ကနေ လှည့်ပြန်လာခဲ့ရပါတယ်။ ခေါင်းတွေလည်း မတွေ့ရပါဘူး။ ဂူထဲက အနေအထားကြောင့်လားမသိ၊ ကျမတို့တော့ အမျိူးအမည်မသိတဲ့ ချမ်းစိမ့်စိမ့်ဖီလင်လေးတောင် ဖြစ်ခဲ့ရပါသေးတယ်။ ခု နောက်ပိုင်းမီးတွေတပ်ဆင်ပြီးတာမို့ ပေ ၈၀၀ ကျော် လောက်အထိ သွားနိုင်ပါပြီ။
ပန်ပက်ကျေးရွာ
ကြတ်ဂူကနေအပြန် ဒီးမော့ဆိုဘက်ပြန်လှည့်ပြီးမနေ့က မရောက်ခဲ့ရတဲ့ ကယန်းတိုင်းရင်းသားတွေရွာကို သွားကြပါတယ်။ ပန်ပက်ရွာသွားတဲ့လမ်းဟာ ကောင်းပေမယ့် နည်းနည်းခြောက်ကပ်ပါတယ်။ အသွားအလာလည်း နည်းပါတယ်။ လမ်းတလျောက်ကတော့ တောင်ကြီးကြီးတွေကြားမှာသွားရတမို့ ရှုခင်းမြင်ကွင်းတွေက အရမ်းကို လှပပါတယ်။
ပန်ပက်ရွာအဝင်မှာတင် ပြည်တွင်းပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖို့ တဲခပ်သေးသေး ၁၅လုံးလောက်နဲ့ တည်ထားတဲ့ ဆိုင်တန်းလေးတွေကို တွေ့ရပါပြီ။ ပထမ ကျမတို့က ပန်ပက်ရွာလို့တောင်ထင်မိပါတယ်။ အမှန်က ဈေးဆိုင်တန်းလေးပါ။ အတွင်းမှာ ဆိုင်တနေရာတိုင်း ကယန်းပျိုဖြူတွေကိုယ်တိုင် ဂျတ်ခုတ်လုပ်ရောင်းတဲ့ ပဝါတွေ၊ လက်ကောက်တွေ၊ အဝတ်အထည်တွေကို ဝယ်ယူအားပေးနိုင်ပါတယ်။ ဆိုင်တိုင်းက ကယန်းအမျိူးသမီးတွေဟာ သူတို့ရိုးရာဝတ်စုံ ချည်ထူထူအကျႌ၊ စကပ်အတို၊ ခြေစွပ်မတိုမရှည်နဲ့ လည်ပင်းကြေးကွင်းကြီးတွေ၊ ခေါင်းစည်းပဝါတွေနဲ့ ကြည့်ရတာ နည်းနည်းတော့ စိတ်ရှုပ်စရာပေမယ့် သူတို့ကတော့ ဝတ်နေကျရိုးနေတဲ့ပုံပါ။
အဲဒီမှာ ဆိုင်တွေကနေ သူတို့ရိုးရာဝတ်စုံငှားဝတ်ပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။ ကိုယ်ကြိုက်တာလေးတွေလည်း လက်ဆောင်ပြန်ဝယ်ပေါ့။ ကျမတို့ကတော့ ဓာတ်ပုံမျိုးစုံရိုက်ပြီး သဘောတွေကျလို့။ နိုင်ငံခြားသားတွေလည်း ဒီရွာကိုတော်တော်လာလည်တယ်ဆိုတာသိရပါတယ်။ ပန်ပက်ရွာအတွင်းပိုင်းကတော့ ဝင်လည်မယ်ဆိုလည်း ကယန်းဒေသခံတွေရဲ့ လူနေမှုဘဝကိုကောင်းကောင်းလေ့လာနိုင်မှာပါ။ ခဏနေပြီးတော့ ကျမတို့ ကန်ခုနှစ်ဆင့်ဘက်ကို ညနေဘက်ဝင်လည်ဖြစ်ခဲ့ပါတယ်။
အပြန်လမ်း
အပြန်မှာတော့ ကျမတို့က လာလမ်းအတိုင်းမပြန်တော့ပဲ၊ မရောက်ဖူးသေးတဲ့ နေပြည်တော်-ပင်လောင်းလမ်းကဆင်းမယ်လို့ စိတ်ကူးပါတယ်။ ဒီလမ်းက လမ်းပိုင်းတိုပါတယ်။ လွိုင်ကော်ကနေ ပင်လောင်းထိမိုင်၃၀လောက်ပြန်ဆင်းပြီးရင် အဲဒီကနေ နေပြည်တော်သို့ဆိုတဲ့ လမ်းခွဲအတိုင်းလိုက်ရပါတယ်။ လမ်းကြောင်းတလျှောက်တောင်ဆင်းတောင်ကွေ့အင်မတန်များပြီး၊ လမ်းလည်းကျဉ်းပါတယ်။ ဒါပေမယ့် လမ်းပိုင်းတိုတော့ နေပြည်တော်ကို ၄နာရီလောက်မောင်းရင် ရောက်ပါတယ်။
ဒီလမ်းကြောင်းကတော့ သဘာဝကျောက်တောင်တွေနဲ့ တောင်အထပ်ထပ် ၁၈ကွေ့ဆိုရင် တော်တော် မောင်းယူရပေမယ့် လှပတဲ့ မြင်ကွင်းတွေကိုတော့ ကျေနပ်မိပါတယ်။ တခုရှိတာက လူကြီးတွေပါရင်တော့ ပင်ပန်းပါလိမ့်မယ်။ လူငယ်တွေကတော့ သွားရတာကျေနပ်ပါလိမ့်မယ်။ နေပြည်တော်ကို ညနေပိုင်းရောက်ပြီးတော့ အမြန်လမ်းက ပြန်လာတဲ့အခါ အချိန်ကုန် သက်သာတာတွေ့ရပါမယ်။
ကယားပြည်နယ်မှာ လွိုင်ကော်မြို့ကို ပတ်စီးနေတဲ့ဘီလူးချောင်း ရှိပါတယ်။ ချောင်းဖြတ်တံတားတွေနဲ့ ဓာတ်ပုံရိုက်လို့လှသလို၊ ပြီးတော့ လောပိတရေတံခွန်နဲ့လျှပ်စစ်ဓာတ်အားပေးရေးစခန်းတို့ကလည်း အချိန်ရရင် ဝင်လည်သင့်တဲ့နေရာတွေပါ။ ဘာပဲပြောပြော ကယားပြည်နယ်ကတော့ အခုဆို လမ်းပန်းဆက်သွယ်ရေးလည်းကောင်းနေပြီဆိုတော့ အချိန် သုံးလေးရက်ပေးတာနဲ့တင် လည်စရာတွေ တော်တော်စုံစုံရောက်ဖြစ်မှာပါလို့။ ။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)