စာရေးသူ – သက်ဆွေ (တပ်မတော်-ရေ)
စာအုပ်အမည် – ရေအဆုံး ကုန်းတစ်ဝက်
အမျိုးအစား – နိုင်ငံရေး
သမိုင်းအစဉ်အလာအရ ကုန်းမြေကိုအဓိကထားအင်အားတည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ရေကြောင်းစွမ်း အားနဲ့ ရေကြောင်းမဟာဗျူဟာဆိုင်ရာအကြောင်းအရာတွေကို တင်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်း ၁။ ရေကြောင်းစွမ်းအား အခန်း ၂။ ရေကြောင်းစွမ်းအား၏အဂါၤရပ်များ အခန်း ၃။ ပင်လယ်ပြင်စိုးမိုး ထိန်းချုပ်ရေး အခန်း ၄။ ဥပဒေနှင့်ညီညွတ်သောပင်လယ်ပြင် အခန်း ၅။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ရေကြောင်းစွမ်းအား အခန်း ၆။ မြန်မာသမိုင်းနှင့်ရေကြောင်းစွမ်းအား အခန်း ၇။ မြန်မာအမျိုးသားရေကြောင်းအကျိုးစီးပွား အခန်း ၈။ ပင်လယ် ပြင်ရေကြောင်းလုံခြုံမှု အခန်း ၉။ ရေကြောင်းမဟာဗျူနှင့်ရေတပ်မဟာဗျူဟာ အခန်း ၁၀။ ဖွံ့ဖြိုးဆဲနိုင်ငံရေတပ်များ၏ အခန်းကဏ္ဍ စတဲ့ အခန်း ၁၀ ပါဝင်ပါတယ်။
ဝန်ကြီးဟောင်းဦးရဲထွဋ်နဲ့ ဆရာမောင်အောင်မျိုးတို့က အမှာစာရေးထားပြီး နှစ်ဦးစလုံးက အခန်း ၆ နဲ့ အခန်း ၇ ကိုပိုပြီး စိတ်ဝင်စားခဲ့ကြပါတယ်။ ဆရာမောင်အောင်မျိုးက မြန်မာ့အရေး၊ ကမ္ဘာ့အရေးသာမက လုံခြုံရေးနဲ့မဟာဗျူဟာရေးရာ များကို စိတ်ဝင်စားသူများ မလွတ်တမ်း ဖတ်ရှုသိမ်းဆည်းထားသင့်တဲ့စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၆၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါ တယ်။
စာရေးသူ – ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့
စာအုပ်အမည် – မြန်မာစာပေအနုပညာဆိုင်ရာ ကိုယ်ပိုင်အမည်များအဘိဓာန် (က-န)
အမျိုးအစား – မြန်မာစာပေ
မြန်မာစာပေဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီးပြုစုလိုက်တဲ့စာအုပ်ဖြစ်ပါတယ်။ ပုဂံခေတ် ကနေ မျက်မှောက်ခေတ်အထိ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ ပန်းချီ၊ ပန်းပု စတဲ့အနုပညာလောကက ထင်ရှားတဲ့ ပုဂ္ဂိုလ် တွေ၊ ကျမ်းဂန်၊ စာအုပ်၊ စာနယ်ဇင်းအမည်၊ မှတ်တမ်းဝင်ရုပ်ရှင် စတဲ့ အနုပညာဆိုင်ရာ အမည်တွေကိုက အက္ခရာကနေ န အက္ခအရာအထိ တစုတစည်းတည်း ပြုစုထားပါတယ်။
စာမျက်နှာ ၅၀၀ ကျော်ပါဝင်တဲ့ ဒီစာအုပ်မှာ ၁။ ထုတ်ဝေသူအမှာစာ ၂။ ပြုစုသူ၏အမှာစာ ၃။ အက္ခရာအညွန်း ၄။ အက္ခရာစဉ်ဇယား ၅။ အဘိဓာန်ကြည့်နည်း လမ်းညွန် ၆။ အဘိဓာန် (စာကိုယ်) ၇။ ကျမ်းကိုးစာရင်း စသည်ဖြင့် ပါဝင် ပါတယ်။ အဘိဓာန်အသွင်ပြုစုထားတဲ့ အတွက် ဗဟုသုတရှာမှီးလိုသူများအနေနဲ့ လွယ်လင့်တကူလေ့လာနိုင်မှာဖြစ် တယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့က တန်ဖိုး ၂၂၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – လှသောင်း (Dip in B.Dh)
စာအုပ်အမည် – အလင်းရောင်စစ်ဆင်ရေး
အမျိုးအစား – စစ်မှတ်တမ်း
အလင်းရောင်စစ်ဆင်ရေးဟာ ဗိုလ်မှူးကြီးမောင်မောင်နဲ့တပ်မတော်အရာရှိကြီးတွေကို ကွန်မန်ဒိုစစ် ဆင်ရေး နဲ့သွားရောက် ကယ်တင်တဲ့ မြန်မာ့တပ်မတော်သမိုင်းရဲ့မှတ်တိုင်တခုဖြစ်ပါတယ်။
ဒီစာအုပ်မှာ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဖွဲ့ အဖမ်းခံရပုံ၊ မိတ္ထီလာ အကျဉ်းထောင်၊ တောင်ငူအကျဉ်း ထောင်နဲ့ကရင်ပြည်နယ် ရေသိုးကြီး၊ ဗောဂလိကြီးတို့မှာ ခက်ခက်ခဲခဲနေထိုင်ခဲ့ရပုံ၊ လွတ်မြောက်ဖို့အတွက် ကြံစည်ခဲ့ကြပုံ၊ မအောင်မြင်ခဲ့တဲ့ ယုဇနစစ်ဆင်ရေးနဲ့အောင်မြင်ခဲ့တဲ့ အလင်းရောင်စစ်ဆင်ရေး၊ ဆရာဖြစ်သူကို ကယ်တင်လိုက်နိုင်တဲ့ ပြောက်ကျားတပ်သား ရန်ကုန်ဘဆွေရဲ့ပီတိနဲ့ ယုဇနစစ်ဆင်ရေးအတွက် အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့ချီးမြှင့်ခဲ့တာ တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဆရာလှသောင်းရဲ့ဘောဂလိမြို့ကွင်းဆင်းအတွေ့အကြုံတွေကိုလည်း ဓာတ်ပုံမှတ်တမ်း တွေနဲ့အတူ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
DYNASTY BOOKS က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ကျော်စောမင်း
စာအုပ်အမည် – ဖတ်ကြည့်
အမျိုးအစား – စာပေဝေဖန်ရေး
ရပ်နားသွားခဲ့တာကြာပြီဖြစ်တဲ့ ဆရာကျော်စောမင်းရဲ့ ဖတ်ကြည့်ဝေဖန်ရေးကဏ္ဍဟာ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံနဲ့တက်လာတဲ့အစိုးရလက်ထက်မှာ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။
ဒီစာအုပ်က ဆရာကျော်စောမင်းရဲ့ ပြည်သူ့အရေးဂျာနယ်မှာရေးခဲ့တဲ့ ဖတ်ကြည့်ဆောင်းပါး ၁၈ ပုဒ်နဲ့ ကြေးမုံသတင်း စာမှာရေးခဲ့တဲ့ ကြေးမုံဖတ်ကြည့်ဆောင်းပါး ၁၈ ပုဒ်ကို စုစည်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။
“တာဝန်ရှိသူတို့သည် လွှတ်တော်၏ အသရေကိုဆယ်သည့်သဘောဖြင့် မီဒီယာခန်းကို ပြန်သိမ်းလိုက်ရတော့သည်။ …ကင်းစစ်သည့်အခါ ကင်းစောင့်များတာဝန်မကျေသည်ကိုတွေ့သည် ဆိုပါစို့။ ကင်းစောင့်ရဲဘော်တွေကို အရေးယူရမည့် အစား ကင်းစစ်အဖွဲ့ကို အရေးယူခြင်းနှင့်နှိုင်းယှဉ်ကြည့်ပါ။ မီဒီယာသမားများသည် ကင်းစစ်သူဖြစ်သည့်အပြင် စခန်းတစ် ခုလုံးကိုပါ စစ်ဆေး သူဖြစ်သည်။ တာဝန်မကျေသူ၊ ပေါ့ပျက်ပျက်နိုင်သူများကို ဖော်ထုတ်မည်သာဖြစ်သည်။ သို့မှသာ အညံ့စား အချောင်သမားတွေ ညာဝါးဖြီးဖြန်းနေခြင်းဘေးမှ ကင်းဝေမည်။” ဟု ဆိုထားပါတယ်။
လင်းလွန်းခင်စာပေက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။