မကြာခင်မှာရောက်ရှိလာတော့မယ့် နှစ်သစ်ကူးအခါသမယမှာ အနုပညာရှင်တွေအနေနဲ့ ဘာတွေလုပ်ဖို့ရှိမလဲ။ သင်္ကြန် ဆိုတဲ့အပေါ် သူတို့ဘယ်လို ခံစားရလဲ။ အပြောင်းအလဲအမျိုးမျိုးနဲ့ဖြစ်ပေါ်နေတဲ့ သင်္ကြန်အပေါ် သူတို့ ဘယ်လိုမြင်ကြသလဲဆိုတာကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။
အလှမယ် ထားထက်ထက် (Miss Grand International Myanmar 2013)
ဒီနှစ် သင်္ကြန်မှာတော့ ထားထက် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်မှာရှိပါမယ်။ သင်္ကြန်ဆိုရင်တော့ ကိုယ့်ရဲ့ရိုးရာနှစ်သစ်ကူး ဆိုတော့ မရောက်ခင်ကတည်းက ပျော်နေကြပြီပေါ့နော်။ ထားထက်လည်း ကြိုတင်ရင်ခုန်ပြီးတော့ ပျော်ပါတယ်။ ခွင့်မပြုတာတွေကိုတော့ ထားထက်အနေနဲ့က ရိုးရာကိုတော့ ရိုးရာအနေနဲ့ ရှိစေချင်တယ်။ အပျော်လွန်တာတွေ မဟုတ်ဘဲ အတိုင်းအတာလေးနဲ့ ပျော်စေချင်တယ်။ သင်္ကြန်ဆိုရင်တော့ နေတွေအရမ်းပူတဲ့အတွက် အင်္ကျီ လက်ရှည်လေးတွေ ဝတ်ဖြစ်တယ်။
အရောင်လွင်တာတွေ တောက်တာလေးတွေ ဝတ်ဖြစ်ပါတယ်။ သင်္ကြန်နဲ့ပတ်သက်ပြီးပြောချင်တာက နေက တဖြည်းဖြည်း ပူလာတာဆိုတော့ ပျော်တဲ့အခါမှာ ကိုယ့်ရဲ့ အသားအရေတွေကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။
အဆိုတော် အိုင်းရင်းဇင်မာမြင့်
လောလောဆယ်မှာ သင်္ကြန်နဲ့ပတ်သက်ပြီး တိတိကျကျ မပြောနိုင်သေးပါဘူး။ စကားပြောနေတုန်း အခြေအနေပဲ ရှိသေးလို့ပါ။ သင်္ကြန်အပေါ်မှာ ခံစားချက်ကတော့ ပျော်စရာကောင်းပါတယ်။ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းနေကျဆိုတော့ ပျော်စရာကောင်းပါတယ်။
သင်္ကြန်မဏ္ဍပ်တွေ အပေါ်အမြင်ကတော့ သေချာ မပြောတတ်ပါဘူး။ ကောင်းဖို့ဖြစ်လာတယ်လို့ပဲ သဘောထားပါတယ်။ အဆိုးနဲ့အကောင်းနဲ့က ဒွန်တွဲနေတာဆိုတော့ ကောင်းဖို့ဖြစ်လာတယ်လို့ပဲ ပြောရမှာပါ။ သင်္ကြန်ဖက်ရှင်ကလည်း ဘာမှမစီစဉ်ရသေးပါဘူး။ သင်္ကြန်ကိစ္စ ပြောတုန်းဆိုတော့ အားလုံးသေချာသိသွားမှ ရာသီဥတုနဲ့လည်း သင့်တော်မယ့် မရိုင်းတဲ့ အဝတ်အစားလေးတွေ အဲဒါမျိုးလေးတွေ စဉ်းစားထားပါတယ်။ ပရိသတ်ကြီးကိုလည်း ရာသီဥတုက အရမ်းပူတဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ နေပူပူရေပူပူဆိုတော့ သတိထားပါ။ ကားမောင်းတဲ့သူတွေလည်း သတိထားစေချင်ပါတယ်။ ဘေးအန္တရာယ်ကင်းပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်ပါတယ်။
အဆိုတော် Wai လျှံ
ရှိုးဆိုပြီး သူငယ်ချင်းတွေနဲ့ ဖြတ်သန်းသွားဖို့ ရှိပါတယ်။ ဘယ်မှာဆိုုဖြစ်မလဲဆိုတာတော့ မသေချာသေးပါဘူး။ အခြေအနေအရ လူကြီးတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အပေါ်မှာရော ခေတ်ကာလ အပြောင်းအလဲအရ ရှိနေတဲ့အတွက် နည်းနည်းလေး ကသီသွားတယ်လို့ထင်ပါတယ်။ သင်္ကြန်အတွက် မဏ္ဍပ်တွေကတော့ အရင်လိုမျိုးတော့ မသေချာသေးပေမယ့် ပရိသတ်တွေနဲ့ ဖြတ်သန်းဖို့အတွက်ကို သီချင်းတွေက အမြဲတမ်း လုပ်ထားတယ်။ သင်္ကြန်နားနီးရင် ဘယ်လိုပုံစံနဲ့ ဖြတ်သန်းမလဲဆိုတာ ရင်ခုန်နေပါတယ်။ တနှစ်နဲ့တနှစ် မတူတဲ့ ခံစားချက်နဲ့ပေါ့။ ဖက်ရှင်ကတော့ ဝတ်နေကျအတိုင်းပါပဲ။ သင်္ကြန်မှာ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်နိုင် ကဲနိုင်ကြပါစေ။ နှစ်တိုင်းကစပြီး ကံကောင်းခြင်းတွေရရှိပါစေ။
အလှမယ် ဇွန်သံစဉ် (Miss Universe Myanmar 2017)
ဒီနှစ်သင်္ကြန်ကတော့ ရန်ကုန်မှာပဲရှိဖြစ်ဖို့များပါတယ်။ မသေတော့ မသေချာသေးပါဘူး။သင်္ကြန်ကတော့ ငယ်ငယ်ကဆို မြူးပြီးပျော်နေတာပေါ့။ ရေကစားရတာတွေ နှစ်သက်တယ်။ နောက်ပိုင်းမှာ သင်္ကြန်ဆိုပေမယ့် အရင်ကလို မပျော်တော့ အလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်တာများတယ်။ အလုပ်မလုပ်ဖြစ်ရင် မိသားစုနဲ့ ခရီးတွေထွက်တယ်။ ဒီနှစ်သင်္ကြန်က အနုပညာရှင်တွေ အဆိုတော်တွေအတွက် သိပ်ပျော်ဖို့မကောင်းတော့ဘူး။ မဏ္ဍပ်တွေများများနဲ့ စည်စည်ကားကားဖြစ်နေမှသာ နှစ်သစ်ကိုပျော်ပျော်ပါးပါးနဲ့ ကြိုဆိုရတာလို့ မြင်တယ်။ အနုပညာရှင်တွေ အတွက်လည်း အဆင်မပြေဘူး။ ပြည်သူတွေအတွက်လည်း ပျော်ဖို့မကောင်းတော့ဘူးလို့ မြင်ပါတယ်။ အားလုံးက ဒီ သင်္ကြန် ၅ ရက်လေးကိုပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြတာလေ။ မဏ္ဍပ်မရှိဘူးဆိုတော့ ပျင်းစရာကောင်းသွားမှာပေါ့။ ခြောက်ခြောက်ကပ်ကပ် ဖြစ်သွားမှာကိုတော့ စိတ်မကောင်းပါဘူး။ သင်္ကြန်ဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ပဲ ဝတ်ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးသင်္ကြန်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။