Lifestyle

ကမ္ဘာကျော်လက်ဝှေ့သမား အောင်လအန်ဆန်း ကြော်ငြာရိုက်ကူးမည်

Lion Energy Drink မှ ကမ္ဘာကျော်လက်ဝှေ့ကစားသမား Aung La NSang(အောင်လအန်ဆန်း)နှင့် ကြော်ငြာရိုက်ကူးရန် သဘောတူစာချုပ် ချုပ်ဆိုပွဲကို ရန်ကုန်မြို့ Central Hotel မှာ ကျင်းပခဲ့ပါတယ်။

စာချုပ်သက်တမ်း တနှစ်ဖြစ်ပြီး Aung La NSang က ဒီစာချုပ် ချုပ်ဆိုရခြင်းကြောင့် သူ့နောက်မှာ အထောက်အပံ့ရှိသွားခြင်းဖြစ်တဲ့အတွက် သူ့အနေနဲ့ ပိုပြီး အားရှိကြောင်း ပြောဆိုခဲ့ပါတယ်။ သူဟာ ကချင်တိုင်းရင်းသားတဦးလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး သူ့ရဲ့ အသုံးအဆောင်ပစ္စည်းများ လေလံပွဲမှ ရရှိလာမယ့် ငွေများကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းသွာမယ့်အကြောင်းလည်း ပြောပါတယ်။

“ကျနော့်ရည်မှန်းချက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကျနော်ကြိုးစားမယ်။ လေလံပစ်မယ့်အထဲမှာ ကျနော် မြန်မာပြည်မှာ ထိုးတဲ့ပွဲက လက်အိတ်ပါမယ်၊ ကျနော့် Training လက်အိတ်ပါမယ်၊ ကျနော်ထိုးတဲ့ ဘောင်းဘီပါမယ်။ အရင်က အမေရိကန်မှာ ထိုးတုန်းက ဝတ်တဲ့အင်္ကျီပါမယ်။ ရတဲ့ အလှူငွေကိုတော့ မြစ်ကြီးနားဘက်ကို လှူမယ်၊ နောက်ပြီး မိဘမဲ့ကလေးတွေကို လှူမယ်” လို့ Aung La NSang က ဧရာဝတီကို ပြောပြပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ပြုလုပ်သွားတဲ့ သူ့ရဲ့ နောက်ဆုံးပွဲစဉ်မှာ သူရှုံးနိမ့်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီးတော့ သူက “တကယ်တမ်းက ကျနော်နဲ့ သူက ဇူလိုင်လမှာ ထိုးဖို့ စီစဉ်ထားတာ။ ဒါပေမယ့် အဲဒီကြားထဲမှာ သူနဲ့ထိုးရမယ့်သူက injury ဖြစ်တယ်ဆိုတော့ ကျနော် ဝင်ထိုးရတယ်။ ၂ ပတ်အတွင်းမှာ ကျနော် ဝင်ကစားရတယ်။ စာချုပ်ထဲမှာလည်း သူ့ကို ပြန်ပြီး စိန်ခေါ်ဖို့ ပါပြီးသားပါ” လို့ သူက ဧရာဝတီကို ပြောပြပါတယ်။

အဲဒီပွဲပြီးတဲ့နောက်မှာ သူ့အနေနဲ့ ပြင်ဆင်ဖို့ လိုအပ်တာတွေနဲ့ နောက်တပွဲမှာ ပိုကောင်းအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

“ကျနော် အများကြီးပိုပြီး ပြင်ဆင်ရမယ်၊ ပိုကောင်းအောင် ကြိုးစားမယ်၊ ဒီပွဲမှာ ကျနော်က အချိန် ၂ ပတ်ပဲ ရလိုက်တယ်၊ အဲဒီအချိန်မှာ ကျနော် ဒူးရယ်၊ ခါးရယ် သိပ်မကောင်းဘူး။ နောက်ပြီး ဒီပွဲက championship ဆိုတော့ ၅ ချီထိုးရတယ်လေ၊ အဲဒီ ၅ ချီက လက်ဝှေ့၊ နပန်းလုံး အားလုံးစုံအောင် ကစားရတဲ့အတွက် လူကို တအား မောစေတယ်၊ လုံးဝ မလွယ်ဘူးလေ” လို့ ဆက်ရှင်းပြပါတယ်။

သူ့အနေနဲ့ ဒီနှစ်ထဲမှာ အနည်းဆုံး ၂ ပွဲ ထိုးဖို့ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ၂ ပွဲလုံးက မြန်မာနိုင်ငံမှာပဲ ထိုးမှာဖြစ်ပြီး ကြားထဲမှာတော့ ပွဲစဉ်တွေ ထပ်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

Loading