Lifestyle

ကမ္ဘာ့ထိပ်တန်း ဒီဂျေတွေ ပါဝင်မယ့် Barrack Water Festival

လာမယ့်၂၀၁၇ သင်္ကြန်တွင် Barrack မဏ္ဍပ် မှ DJ Soda အပါအဝင် ကမ္ဘာ့ထိပ်တန်း ဒီဂျေများနဲ့ မြန်မာပြည်မှ အကောင်းဆုံး ပြည်တွင်း ဒီဂျေများပူးပေါင်းပြီး  Music Festival အဖြစ် ကျင်းပသွားမယ်လို့ Barrack မှ တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောပါတယ်။

“ကျမတို့ မဏ္ဍပ်က ၂ နှစ်ရှိပြီပေါ့။ လာနေကျ လူတွေလည်း သိပါတယ်။ အကောင်းဆုံးစေတနာနဲ့ လုပ်ပေးပါတယ်။ Festival လိုမျိုး အပွင့်ကြီးလည်း မဟုတ်ဘူး။ သင်္ကြန်မဏ္ဍပ်လို ပုံစံမျိုးလုပ်ပေးထားတယ်။ ရေပက်စင်တခုပဲ မပါတာ အကုန်လုံးတတ်နိုင်တဲ့ဈေးနဲ့ပဲ လုပ်ပေးထားတယ်” လို့ ၎င်းက ပြောပါတယ်။

DJ Soda အပါအဝင် နိုင်ငံတကာမှ DJ သမားများ၊ မြန်မာနိုင်ငံမှ Double U (DJ Wine ) နဲ့ နာမည်ကြီး DJ သမားများ အနည်းဆုံး ၆ ယောက် ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Barrack Water Festival တွင် ဒီဂျေတဦးကို ပုံမှန်အားဖြင့် တရက်လျှင် ၁ နာရီ သို့မဟုတ် ၂ နာရီ နီးပါး ဖျော်ဖြေမှာဖြစ်ပြီး တနေကုန် တီးခတ် ဖျော်ဖြေမှာမဟုတ်ဘူးလို့ သိရပါတယ်။

ယခုနှစ် Barrack Water Festival ကို ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ပြုလုပ်မှာဖြစ်ပြီး လက်မှတ်ဈေးနှုန်း တွေကတော့ သင်္ကြန်ငါးရက်စာ ရိုးရိုးလက်မှတ်ကို ၆ သောင်းကျပ်ဖြစ်ပြီး VIP လက်မှတ်ကို ၁သိန်း၁သောင်း ကျပ်ဖြစ်ကာ နေ့အလိုက် ပါဝင်ဆင်နွှဲမည်ဆိုပါက ကျပ် ၁ သောင်းခွဲ၊ ၂ သောင်းခွဲ၊ ၃ သောင်းခွဲ ဆိုပြီး အသီးသီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Loading