Orchestra for Myanmar နဲ့ The New Children’s Choir တို့မှ ဖျော်ဖြေတင်ဆက်ပြီး BBC Symphony Orchestra မှ တေးဂီတပညာရှင်များ ပါဝင်မယ့် အခမဲ့ တေးဂီတ ဖျော်ဖြေပွဲကြီးကို ဧပြီလ ၃ ရက်နေ့၊ ည ၇ နာရီ အချိန်၊ ရန်ကုန်မြို့ကမ်းနားလမ်းပေါ်က Strand Hotel Ballroom မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဖျော်ဖြေပွဲမှာ နိုင်ငံတကာမှ တယောပညာရှင်များဖြစ်ကြတဲ့ Anna Smith၊ Daniel Meyer၊ Viola တီးခတ်သူ Peter Mallinson နဲ့ Matthias Wiesner ၊ Cello တီးခတ်သူ Michael Atkinson ၊ Trumpet တီးခတ်သူ Martin Hurrell ၊ Trombone တီးခတ်သူ Dan Jenkins နဲ့ စန္ဒယား ပညာရှင် Elizabeth Burley တို့ ပါဝင်မယ်လို့ သိရပါတယ်။
New Children’s Choir နဲ့အတူ အထူးတင်ဆက်မယ့် Orchestra for Myanmar မှ အနုပညာရှင်များကို နိုင်ငံတကာ အသိအမှတ်ပြု UK အခြေစိုက် BBC Symphony Orchestra အဖွဲ့ဝင်များမှ စေတနာဝန်ထမ်း အဖြစ် လေ့ကျင့်သင်ကြားပြီး ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲအတွင်း အထူးအစီအစဉ်အနေနဲ့ မြန်မာနိုင်ငံမှ ဂီတပညာရှင် ဓီရာမိုရ် ဖန်တီးရေးစပ်ထားတဲ့ သံစဉ် တေးသွားကို နိုင်ငံတကာမှ ဂီတပညာရှင်တွေက တီးခတ်ဖျော်ဖြေပေးကြမှာဖြစ်ပြီး ဒါဟာ ပထဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံမှာ ရှင်သန်နေတဲ့ ဂီတထဲမှာ ဒီ Orchestra နဲ့ တီးတဲ့ သံစုံဂီတ ဆိုတာက မပါခဲ့သေးဘူး။ အခုမှပဲ စသေးတယ်။ စနေတဲ့အချိန်မှာ အဲဒီ ခရီးကို မစနိုင်ခဲ့ဘူး။ မြန်မာ့ဂီတကို ကမ္ဘာကို နားထောင်စေချင်တဲ့ ရည်ရွယ်ချက်က အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီ ခရီးက အခု စနိုင်ခဲ့ပြီလို့ ကျနော် ထင်ပါတယ်။ မြန်မာ့ဂီတကို ပထမဆုံး ကမ္ဘာကို မိတ်ဆက်နိုင်တဲ့ အခြေအနေတခုပါ” လို့ ဓီရာမိုရ်က ပြောပါတယ်။
အဆိုပါ အထူးတေးသွားကို ရေးစပ်နိုင်ဖို့ ဓီရာမိုရ်ကို UK နိုင်ငံ၊ Bristol University မှာ ၃ လကြာ တက်ရောက် နိုင်ရန် ပရဟိတလုပ်ငန်း Live4Music မှ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
Orchestra for Myanmar နဲ့ New Children’s Choir အဖွဲ့တို့ဟာ MARGA Youth Foundation မှ ဦးစီး ထောက်ပံ့ထားတဲ့ နာမည်ကြီး ပရဟိတစီမံကိန်း ၂ ခုဖြစ်ပြီး UK မှ ပရဟိတလုပ်ငန်း ဖြစ်တဲ့ Live4Music ရဲ့ ဒါရိုက်တာ Sebastian See-Schierenberg က စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
The New Children’s Choir စီမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံတဝန်းမှ မိဘမဲ့ ကလေးများနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ Choir အဖွဲ့မှာ နိုင်ငံတကာကျောင်းများမှ လူငယ် ဆရာများလည်း ပါဝင်တယ်လို့ သိရပါတယ်။
စီမံကိန်းရဲ့အဓိက ရည်ရွယ်ချက်ကတော့ ဂီတကို အသုံးပြုပြီး ကလေးသူငယ်များကို ပူးပေါင်းပါဝင်မှု၊ ယုံကြည်မှုရှိမှု၊ မိတ်ဆွေသူငယ်ချင်း ဖြစ်တည်မှုတို့ကို ရရှိစေရန်နှင့် ဘဝအတွက် ကျွမ်းကျင်မှုတခုကို တတ်မြောက်စေရန် ဂီတပညာကို သင်ကြားပေးတာ ဖြစ်ပါတယ်။
အဆိုပါ အခမဲ့ တေးဂီတ ဖျော်ဖြေပွဲကြီး ဖြစ်မြောက်အောင် ဗြိတိန်သံရုံး၊ ဆွစ်ဇာလန်သံရုံး၊ Cathay Pacific, Mercedes Benz, Venari Consulting Services, Javlin Services Ltd, Myanmar Music Trading, Lucy Wayne and Associates နဲ့ the Charles Wallace Trust တို့ ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။