Grab Taxi ဝန်ဆောင်မှု ရန်ကုန်မှာ မကြာခင် စတင်မည်
မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့ အရှေ့တောင်အာရှ နိုင်ငံများမှာ လက်ရှိ အောင်မြင်စွာ ပြေးဆွဲလျက်ရှိတဲ့ “Grab Taxi ဝန်ဆောင်မှု”ကို ရန်ကုန်မြို့မှာ မကြာခင် ပြေးဆွဲတော့မယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ “Grab Taxi ဝန်ဆောင်မှု” ကို စမ်းသပ်ပြေးဆွဲကာလအဖြစ် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ တက္ကစီ အစီး ၅၀ နဲ့ ရန်ကုန်မြို့တွင်း နေရာအနှံ့မှာ စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။ လက်ရှိ Grab ဝန်ဆောင်မှုနဲ့အတူ ပူးပေါင်းထားတဲ့ ယာဉ်မောင်းဦးရေမှာလည်း ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
“Grab ဝန်ဆောင်မှုကို ကျနော်တို့ မြန်မာနိုင်ငံမှာ မိတ်ဆက်ရတဲ့ ရည်ရွယ်ချက်က အဓိက အချက် ၃ ချက် ရှိပါတယ်။ အဲဒါကတော့ အန္တရာယ်ကင်းပြီး သက်သောင့်သက်သာရှိသော၊ ဈေးနှုန်းချိုသာတဲ့ စနစ်ကို မြန်မာပြည်မှာ စပြီး Present လုပ်ဖို့ စမ်းသပ်နေပါပြီ။ ကျနော် ခရီးသည်တွေ အကုန်လုံးကိုလည်း ဒီ ဝန်ဆောင်မှုကို စပြီး သုံးကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ Grab in Myanmar ရဲ့ Head of Operation ကိုဇေယျာမင်းက ဧရာဝတီကို ပြောပါတယ်။
ခရီးသည်များအနေနဲ့ Grab Mobile Apllication ကို အသုံးပြုပြီး အငှားယာဉ်များကို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူများက မိမိသွားမယ့် လမ်းကြောင်းအပေါ် မူတည်ပြီး လက်ရှိရောက်နေတဲ့နေရာမှ သွားလိုတဲ့နေရာကို “ခေါ်ဆောင်ရမယ့် နေရာ” ၊ “ပို့ဆောင်ရမယ့် နေရာ” စတဲ့ အချက်အလက်တွေ ရွေးချယ်ဖြည့်စွက်ကာ “ခရီးစဉ် ကျသင့်ငွေ”ကို Application က တွက်ချက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Grab Application အသုံးပြုနေစဉ်မှာ အင်တာနက်ဖွင့်ထားရန် လိုအပ်ပြီး မိမိရောက်ရှိနေတဲ့ နေရာ အနီးတဝိုက်မှာရှိတဲ့ Grab Taxi ဝန်ဆောင်မှုရဲ့ယာဉ်မောင်းများကို Application က ရှာဖွေပေးမှာဖြစ်ကာ ယာဉ်မောင်းရဲ့ အမည်၊ ဓာတ်ပုံနဲ့ အချက်အလက်များကို အသုံးပြုသူက ရရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက် စီးနင်းနေစဉ်မှာလည်း GPS မှတဆင့် သွားနေတဲ့ လမ်းကြောင်းကို ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
“ကျနော်တို့ Application က မီတာတွက်သလိုမျိုး တစ်ကီလိုမီတာမှာ ဘယ်လောက်ဆိုပြီး အခြေခံနှုန်းထား သတ်မှတ်ထားတာပါ။ ကီလိုမီတာဘယ်လောက်မောင်းပြီး အချိန်ဘယ်လောက်ကြာတယ်ဆိုတဲ့အပေါ်မူတည်ပြီး ဈေးနှုန်းကို ထည့်တွက်ထားပါတယ်” လို့ ကိုဇေယျာမင်းက ဆိုပါတယ်။
Grab Application မှာ Share-my-ride ဆိုတဲ့ ဝန်ဆောင်မှု တခုလည်း ပါဝင်မှာဖြစ်ပြီး လိုက်ပါစီးနင်းသူ ခရီးသည်အနေနဲ့ မိမိရောက်ရှိနေတဲ့နေရာကို မိမိသူငယ်ချင်းများ၊ မိသားစုဝင်များကို မျှဝေပေးနိုင်မှာဖြစ်ပြီး မိမိရောက်ရှိရာနေရာကို GPS မှတဆင့် အချိန်နဲ့ တပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။
“Grab Taxi ဝန်ဆောင်မှုကို ကျမတို့ ၂၀၁၂ ခုနှစ်၊ မလေးရှားနိုင်ငံမှာ စတင် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ Grab ရဲ့အဓိက အားသာချက်ကတော့ ယာဉ်မောင်းကိုကြိုသိ၊ တည်နေရာကို ကြိုသိ၊ ငှားရမ်းခကို ကြိုသိတဲ့အတွက် Safety ဖြစ်ပါတယ်။ ယာဉ်မောင်း အချက်အလက်နဲ့ သွားမယ့် လမ်းကြောင်းတွေကို သိရှိရတာကြောင့် ယာဉ်မောင်း အပေါ် ယုံကြည်မှုနဲ့ စီးတဲ့အခါ လုံခြုံစိတ်ချမှု ရှိစေပါတယ်” လို့ Grab ရဲ့ Group Vice President of Marketing ဖြစ်သူ Ms.Cheryl Goh က ပြောပါတယ်။
Grab ဟာ နိုင်ငံတကာမှ ချီးမြှင့်တဲ့ ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ ပထမဆုံး Taxi Service လုပ်ငန်းတခုဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အငှားယာဉ်ဝန်ဆောင်မှုစနစ်ကို တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။