Lifestyle

မော်ဒယ်လ် ခင်ရူပရဲ့ Khin Collections ဆိုင်ဖွင့်လှစ်

မော်ဒယ်လ် ခင်ရူပရဲ့ Khin Collections လို့ အမည်ပေးထားတဲ့ Fashion ဆိုင်ကို ရန်ကင်း ဘောက်ထော် ပြည်သာယာလမ်းရှိ Auto City Car Spa ဝင်းထဲတွင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“Online Shop အရင်လုပ်တယ်။ လာဝယ်ချင်တဲ့ အမတွေ ညီမတွေ ဝတ်ကြည့်လို့လည်း အဆင်ပြေမယ်။ သေချာကြည့်ပြီး ဝယ်လို့လည်း အဆင်ပြေအောင် တနိုင်တပိုင်ဆိုင်ဖွင့်ဖြစ်တာပါ” လို့ ခင်ရူပက ဧရာဝတီကို ပြောပါတယ်။

Khin Collections မှာ အမျိုးသမီးဝတ်များကိုသာ အဓိကထား ရောင်းချနေတာလည်း ဖြစ်ပါတယ်။
ဒီ ဖက်ရှင်ဆိုင်တွင် မိန်းကလေးများအတွက် သင်္ကြန်တွင် ဝတ်ဆင်ရန် လိုက်ဖက်ပြီး ဈေးလည်းသက်သာမယ့် ဒီဇိုင်းမျိုးတွေလည်း ပြသရောင်းချနေပြီး ငါးသောင်းဖိုးနဲ့အထက် ဝယ်ယူပါက လက်ဆောင်ပေးမယ့် အစီအစဉ်တွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ သူ့ရဲ့ အမည် Khin ဆိုတာဖြင့် Brand တခုလုပ်ရန် ရည်ရွယ်ထားတယ်လို့လည်း ခင်ရူပက ဆိုပါတယ်။

ဖက်ရှင်ဆိုင်ဖွင့်ထားပြီး မော်ဒယ်လ်တယောက်လည်း ဖြစ်တဲ့အတွက် ဖက်ရှင်အပေါ်အမြင်ကို မေးကြည့်တဲ့အခါ  “ဖက်ရှင်ကတော့ လူတယောက်အတွက် Impress တခုပါ။ အဓိကကြီး မဟုတ်ပေမယ့် အခြေခံတခုတော့ အပါအဝင် ဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။

စီးပွားရေးဘက်ကို လုပ်ကိုင်နေတဲ့အတွက် အနုပညာအလုပ်တွေကို အများကြီးမလုပ်ဖြစ်တော့ပေမယ့်  ပရိသတ်လက်ခံထားတဲ့ နာမည်မပျောက်ပျက်အောင် နာမည်လေးတည်တံ့အောင်မြင်အောင် ဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Loading