စာရေးသူ – ဂျာနယ်ကျော်ဦးချစ်မောင်နှင့် အယ်ဒီတာအဖွဲ့
စာအုပ်အမည် – ဂျာနယ်ကျော်ခေါင်းကြီးများ
အမျိုးအစား – သတင်းခေါင်းကြီး
ဗိုလ်ချုပ်အောင်ဆန်းက ` ဒီလူဟာ လူရိုးလူတော်တစ်ယောက်ဗျ။ ကျုပ်တို့ရှင်းလင်းစရာတွေ ဦးချစ်မောင်ရဲ့ဆောင်းပါးနဲ့ပဲ အတော်ကြီးရှင်းသွားပါပြီ` လို့ မှတ်ချက်ချခဲ့ဘူးပါတယ်။
ဒီစာအုပ်မှာတော့ ဂျာနယ်ကျော်အယ်ဒီတာအဖွဲ့ရဲ့ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၉ ခုနှစ်အတွင်း ရေးခဲ့တဲ့ အစိုးရတို့၏မလုံ လောက် သောဆင်ခြေ၊ လွှတ်တော်အမတ်များ အထူးသတိပြုဖွယ်၊ ပုလိပ်အဖွဲ့ ယဉ်ကျေးအောင် လုပ်ကြပါဦး၊ မြန်မာပြည် အစိုးရတို့ ၏ချို့ယွင်းချက်ကြီး၊ တိုင်းရင်းသားများ၏ လက်သို့ ရောက်အောင်စီမံပေးလော့၊ ပြည်နှင့်အဝန်း မငြိမ်မဝပ် ဆူပူမှု ဖြစ်လျှင် အစိုးရတာဝန်၊ အားရစရာ ဘာတစ်ကွက်မျှ မရှိသေးသော အခြေအနေစတဲ့ ခေါင်းကြီးတွေအပါအဝင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အမျိုးသားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး ကိစ္စရပ်များကို ဝေဖန် ထောက်ပြထားတဲ့ခေါင်းကြီး ၉၃ ပုဒ်ကို ဖတ်ရှုရမှာပါ။
စိတ်ကူးချိုချိုက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မြို့မကိုပေါ
စာအုပ်အမည် – အတိတ်လမ်းသို့ အလွမ်းပြေ
အမျိုးအစား – ကိုယ်တွေ့မှတ်တမ်း
အသက် ၉၀အရွယ် ဆရာကြီးမြို့မကိုပေါက အတိတ်ကာလတွေကို ပြန်တွေးမိတိုင်း ရင်ထဲမှာ ဝေဒနာတစ်မျိုးရှိနေရတယ် လို့ဆိုပါတယ်။ ဒီစာအုပ်မှာ မြို့မနဲ့အတူ ကြီးပြင်းခဲ့ရတဲ့ မြို့မကိုပေါရဲ့ငယ်ဘဝ၊ ဓားတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးဘသိန်းတို့ရဲ့ ဂီတပညာဖြန့်ဝေပုံ၊ ဂီတနဲ့အချစ်ရေးကြားက မြို့မကိုပေါ၊ ဂီတလုလင်မောင်ကိုကိုရဲ့ပညာရှာလိုစိတ်ပြင်းပြပုံ၊ ဂန္တဝင် သ င်္ကြန် သီချင်းအချို့ရဲ့မြစ်ဖျား၊ မင်းသားကြီးဝင်းဦးနဲ့မန်းသင်္ကြန်၊ မြို့မကိုပေါရဲ့ရုပ်ရှင်အတွေ့အကြုံတွေနဲ့ သင်္ကြန်မိုးရုပ်ရှင် ဇာတ် ကြီး၊ မြို့မတူရိယာအသင်းရဲ့လောကဓံတွေနဲ့ မြို့မအသင်းကြီးအရှိန်အဟုန်မြင့်လာအောင်စွမ်းဆောင်ခဲ့တဲ့ မြို့မ ကိုပေါရဲ့စွမ်း ဆောင်ချက် စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
အမှာစာရေးပေးတဲ့ ဆရာ စန္ဒရားသိမ်းမောင် က `ဆရာ ပေါ(မြို့မ)ဟာ အလွန်သိရှိသိုသိပ်လွန်းသူဖြစ်ပါတယ်။ ဒါကြောင့် သူသိရှိထိတွေ့ခဲ့တာတွေကို ဆယ်ရာခိုင်နှုန်းလောက်သာ ရေးပြောခြင်းမျှ ပြုလိမ့်မည်ဟု ထင်ပါတယ်။….သူပေး၊ သူရေး သမျှလေးနဲ့ပဲ သာဓုခေါ်လိုက်ရပါတယ် `ဟု ဆိုထားပါတယ်။
အလင်းသစ်စာပေက တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ညိုဝင်းရှင်
စာအုပ်အမည် – မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ
အမျိုးအစား – အတ္ထုပ္ပတ္တိ
ဆရာကြီးညိုဝင်းရှင် ပြုစုခဲ့တဲ့ မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ (ပ+ဒု) စာအုပ်ကို ဒုတိယအကြိမ် ထုတ်ဝေလိုက် တာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ကုန်းဘောင်ခေတ် ပန်းချီတော်ဦးကြာညွန့်ကစလို့ မော်ဒန်ပန်းချီဆရာ ပေါ်ဦးသက်အထိ ပန်း ချီပန်းပုဗိသုကာပညာရှင်ပေါင်း ၈၂ ဦးရဲ့အတ္တုပ္ပတ္တိတွေနဲ့အတူ ရှားပါးပန်းချီလက်ရာတွေလည်း ပါဝင်ပါတယ်။
ဆရာကြီးညိုဝင်းရှင်၊ ပန်းချီချစ်သူတစ်ဦး၊ ပန်းချီလှတင်ထွန်း၊ ထုတ်ဝေသူတို့ရဲ့ အမှာစာတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါ တယ်။ ပန်းချီချစ်သူတစ်ဦး အမည်ခံ ဆရာပေါ်သစ် (ဟံသာဝတီဦးဝင်းတင်)က `ကျွန်တော်ဖတ်ကြည့်သည်။ ကောင်းသည်။ ကောင်းသည်ဟု ဆိုရသည်မှာ အကြောင်းရှိသည်။ နောက်ခံအကြောင်းအချက်အလက် စုံစေ့ခြင်း၊ ဘဝဖြစ်စဉ်ဖြစ် ရပ်နှံ့စပ်ခြင်း၊ သဘောထားအမြင်စုံလင်ခြင်းစသော အတ္ထုပ္ပတ္တိဂုဏ်ရည်တို့ကို အသာထား၍ ထိုထိုဆရာတို့၏ဘဝဖြစ်စဉ် နှင့် အနုပညာလုပ်ရပ်တို့ကို သဲလွန်စရှာနိုင်ခြင်းသည်ပင် ကောင်းသောအကြောင်းဖြစ်သည် `လို့ ဆိုထားပါတယ်။
သင်းစာပေက တတွဲလျှင် တန်ဖိုး ၁၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဒေါက်တာစိန်မြင့်
စာအုပ်အမည် – တစ်နှစ်အတွင်း ငြိမ်းချမ်းရေးမှသည်… (၁၉၄၈ – ၁၉၆၂)
အမျိုးအစား – နိုင်ငံရေး
၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးပုံဖော်မှုသမိုင်းကို ရေးသားပြုစုထားတာ ဖြစ်ပါတယ်။
ဒီစာ အုပ်မှာ အခန်း ၁။ လွတ်လပ်ခြင်းနှင့် ပြည်တွင်းစစ် အခန်း ၂။ ဖဆပလအစိုးရအဖွဲ့၏ လက်ဝဲညီညွတ်ရေး အခန်း၃။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်အာဏာရယူရေးလမ်းစဉ် အခန်း ၄။ ဖဆပလအစိုးရ၏ တစ်နှစ်အတွင်း ငြိမ်းချမ်းရေး အခန်း ၅။ ပြည်သူ့ငြိမ်းချမ်းရေးဗဟိုကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အခန်း ၆။ ငြိမ်းချမ်းရေးမှ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) လက်နက်ကိုင် တော်လှန်မှုအပြုတ်တိုက်ရေး အခန်း ၇။ လက်နက်ချ အလင်းဝင်ခဲ့ကြ အခန်း ၈။ သုံးပါတီညီ ညွတ်ရေးဖော်ဆောင်ခြင်း အခန်း ၉။ ဖဆပလအစိုးရအဖွဲ့၏ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ လက်နက်ချအလင်းဝင် လာရေး အခန်း ၁၀။ ဦးနုနှင့်သခင်သန်းထွန်းတွေ့ဆုံရေးရှင်းတမ်း အခန်း ၁၁။ ဆုငွေနှင့်သုံးပါတီညီညွတ်ရေး အခန်း ၁၂။ ၄ နှစ်စီမံကိန်းနှင့် ငြိမ်းချမ်းရေးအဓိပ္ပါယ် အခန်း ၁၃။ ပြည်ထောင်စုပါတီအစိုးရအဖွဲ့နှင့် ပြည်တွင်း စစ်ရပ်စဲရေး အခန်း ၁၄။ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ရှုမြင်သုံးသပ်ချက်များ စသည်ဖြင့် အခန်း ၁၄ ခန်းပါဝင်ပါတယ်။
လွင်ဦးစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။