၂၀၁၇ ခုနှစ် သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ သင်္ကြန်ကိုဘယ်လို ဖြတ်သန်းကြမလဲ၊ သင်္ကြန် အမှတ်တရ၊ သင်္ကြန်ဖက်ရှင်တွေနဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဧရာဝတီ သတင်းထောက်များဖြစ်တဲ့ သီဟတိုး၊ ထက်ဦးဝေနဲ့ ယုဖြူဟန်တို့ မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။
သရုပ်ဆောင် အကယ်ဒမီ နေတိုး
သင်္ကြန် အစီအစဉ် ဘာမှ မရှိပါဘူး။ ဒီနှစ်က အိမ်မှာပဲ ရှိမယ်။ အနုပညာနဲ့ ပတ်သက်ပြီး တခြား အထွေအထူးတော့ မရှိဘူး။ မနှစ်ကတော့ ၃၊ ၄ ရက်လောက် ကျနော် သီချင်းဆိုဖြစ်တယ်။ ဒီနှစ်ကတော့ အစီအစဉ် မရှိဘူး။ ထုံးစံအတိုင်းပဲ၊ တော်တော်များများက အစီအစဉ် မရှိကြဘူူး။ ကျနော်တို့ ရုပ်ရှင်ကို အဓိကထားပြီးတော့ အလုပ်လုပ်နေတဲ့သူတွေ အတွက်ကျတော့ ပိုပြီးတော့ မရှိဘူး။ မရှိတဲ့ဟာကတော့ ကျနော် မနှစ်ကလည်း နားချင်တယ်။ လူမှုရေးအရ၊ နောက်ပြီး ကိုယ့် ပရိသတ်တွေအတွက်ကော စဉ်းစားပြီး ကျနော် သီချင်းဆိုဖြစ်တယ်။
ဒီနှစ်မှာတော့ ကျနော့် ဆန္ဒက သင်္ကြန်တွင်းမှာ စာဖတ်ချင်တယ်။ ၂၀၁၇ အတွက် အလုပ်လုပ်ရမယ့် ဟာလေးတွေကို နည်းနည်းလေး ကျနော် ပြန်ပြီးတော့ ဝမ်းစာဖြည့်ချင်တယ်။ အဲဒီတော့ ကျနော် ဒီနှစ်တော့ နားဖြစ်မယ်နဲ့ တူပါတယ်။
သင်္ကြန် အမှတ်တရကတော့ မရှိဘူး။ ခံစားမှုနဲ့ပဲ သွားတာ။ သိပ်ပြီးတော့ သင်္ကြန်မှာ မှတ်မှတ်ရရ ဖြစ်ခဲ့တာမျိုးတွေလည်း မရှိပါဘူး။ သင်္ကြန်ရဲ့ ခံစားမှုကိုပဲ နှစ်တိုင်း၊ နှစ်တိုင်း သင်္ကြန်ရောက်တိုင်း အမှတ်တရ ဆိုတာထက် ခံစားမှုကဘာလဲဆိုရင် လူတယောက်က စိတ်ခံစားချက်ပေါ့။ သင်္ကြန်ကိုု မြင်ရတဲ့အခါ အေးချမ်းတယ်၊ တကယ်ကိုပဲ နှစ်ဟောင်းကို ဆေးကြောသန့်စင်ပြီးတော့ နှစ်သစ်ကို တကယ်ကိုမှ စိတ်သစ်၊ လူသစ်နဲ့ ဖြတ်သန်းရတယ်ဆိုတဲ့ ခံစားမှု၊ အဲဒီ ခံစားမှုကို ကျနော် နှစ်သက်တယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရကတော့ ကျနော့်အတွက် စိတ်ခံစားမှုပါပဲ။
သင်္ကြန်က နှစ်သစ်ဖြစ်တဲ့အခါကျတော့ ကျနော်က ပရိတ်သတ်ကြီးကို ဆုတောင်းပေးပါတယ်။ နှစ်သစ်မှာ ပရိသတ်ကြီး ပျော်ရွှင်ပါစေ။ ဘယ်နှစ်ကူးမဆို ကျနော်တို့ နှစ်သစ်မှာ ပြည်သူတွေ၊ ပရိသတ်တွေ ကျန်းမာ ချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်ဝပြီးတော့ စီးပွားလာဘ်လာဘတွေ တိုးပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်။
အဆိုတော် မော်ဒယ်လ် နန်းသူဇာ
သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိဖို့များပါတယ်။ ခရီးလည်း သွားရင်သွားဖြစ်မယ်၊ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ်ပေါ့။ လောလောဆယ်တော့ လူစုလို့ မရသေးဘူး။ ဖက်ရှင်အနေနဲ့က ခရီးသွားဖြစ်ရင်တော့ ခရီးသွားဖက်ရှင်ပဲ ဝတ်ဖြစ်မယ်။ ရန်ကုန်မှာဆိုရင်တော့ ဂျင်းန်ပဲ ဝတ်ဖြစ်မယ်၊ ရာသီဥတုလည်း ပူတော့ ဂျင်းတွေ သိပ်မဝတ်ချင်ပေမယ့် မဝတ်လို့လည်း မရဘူးလေ။ ပေါ့ပေါ့ပါးပါးပဲ ဝတ်ဖြစ်မှာပါ။ ခရီးမသွားဖြစ်ရင်တော့ အိမ်မှာပဲ နေဖြစ်ဖို့များတယ်။ မဏ္ဍပ်တွေဘာတွေ ခုထိတော့ လက်မှတ်တွေလည်း မဝယ်ထားဘူး။ သူငယ်ချင်းတွေ ဆွယ်ရင်တော့ တရက်လောက် သွားမယ်၊ ပြီးရင် သူငယ်ချင်းအိမ်မှာ ရေပက်မယ်၊ ကားရှင်းတယ်ဆိုရင်တော့ ကားလျှောက်မောင်းမယ်။ သင်္ကြန်မှာ ရာသီဥတု ပူတဲ့အတွက် အားလုံးပဲ ဂရုစိုက်ကြပါ။ ပြုံးနိုင်ရွှင်နိုင်ကြပါစေ။ စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေလို့ ပြောချင်ပါတယ်။
မော်ဒယ်လ်သရုပ်ဆောင် ခင်ရူပ
သင်္ကြန်က TMF (Thingyan Music Festival) မှာ ရှိမယ်။ သင်္ကြန် ၄ ရက်လုံးပါပဲ။ ဖက်ရှင်က ညီမ collections ထဲကပဲ ဝတ်ဖြစ်ဖို့များပါတယ်။ ဘယ်လိုမျိုးဝတ်မယ်ဆိုတာတော့ အနီးကပ်ကျမှ တွဲလိုက်တာမျိုးဘဲ များတယ်။ ကိုယ့်အတွက်ကို ကြိုပြီးတော့ မစီစဉ်ဖြစ်ဘူး။ နောက်ပြီးတော့ TMF မှာ ဆိုင်ဖွင့်မှာလေ။ အဲဒီတော့ ဆိုင်မှာပဲ ရှိမယ်။ ဆိုင်က စားသောက်ဆိုင်ပါ။ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။
အဆိုတော် ဘာဘူ
သင်္ကြန်ကျမယ်ဆိုတာ မေ့တောင်နေတယ်။ အစီအစဉ်ကတော့ သူငယ်ချင်းတွေ အသိတွေနဲ့ အိမ်ရှေ့မှာ ပေနှစ်ဆယ်၊ အစိတ်၊ သုံးဆယ် ချောက်တီးချောက်ချက် မဏ္ဍပ်လေး ထိုးဖြစ်မယ်ထင်တယ်။ ကျန်တာတော့ ဘာမှမရှိသေးဘူး။
EDM ပွဲတွေကလည်း တနှစ်လုံး လုပ်နေတာဆိုတော့ သင်္ကြန်နဲ့ မဆိုင်ဘူးလေ။ သူငယ်ချင်းတွေကလည်း တော်တော်များများက ဟိုနိုင်ငံ ဒီနိုင်ငံသွားမယ့်လူနဲ့ Beach သွားမယ့်လူနဲ့ဆိုတော့ ရန်ကုန်မှာရှိမယ့် လူက နည်းတယ်။ သင်္ကြန်နားနီးရင် ညဘက် ၉ နာရီလောက် ဘယ်နားမှာ မဏ္ဍပ်တွေရှိလဲဆိုပြီး ကားရှင်းတဲ့ အချိန်လေး ပတ်မောင်းပြီး ကြည့်ရတဲ့ feel ကို လိုချင်တာ။ ဒါ အနုပညာရှင်တယောက်အနေနဲ့ ပြောတာမဟုတ်ဘူး။ သင်္ကြန်ကို မြန်မာပြည်မှာ ပျော်ပျော်ပါးပါး နေလာတဲ့ လူတယောက်အနေနဲ့ ပြောနေတာပါ။
သင်္ကြန်အတွက် အမှတ်တရစကားကတော့ နောက်နှစ်ကျရင် သင်္ကြန်လုပ်ဖြစ်ပါစေလို့ ပြောချင်ပါတယ်။
အဆိုတော် ပန်းရောင်ခြယ်
သင်္ကြန်က ဒယ်ဒီနဲ့ ရန်ကုန်မှာပဲရှိမယ်။ Forever Group ကလုပ်တဲ့ MRTV-4 မဏ္ဍပ်မှာ ရှိမယ်။ သင်္ကြန်မှာ ဝတ်ဖို့ ဖက်ရှင်ကတော့ ဘာမှ အထူးတလည် မစဉ်းစားသေးဘူး။ ခါတိုင်းနှစ် သင်္ကြန်တွေမှာဆိုရင် မနှစ်က သင်္ကြန် ရန်ကုန်မှာပဲ။ ပန်းရောင်က Premier မဏ္ဍပ်မှာ ဆိုတယ်။ ဒယ်ဒီက MPT မဏ္ဍပ်မှာ ဆိုတယ်။ ခါတိုင်း ခါတိုင်း ဟိုးအရင်နှစ်တွေကတော့ သင်္ကြန်ဆိုရင် များသောအားဖြင့် ဒယ်ဒီဆိုရတဲ့ မဏ္ဍပ်ကို လိုက်ဖြစ်တာပဲ များတယ်။ ဟိုးအရင်ကဆိုရင် မန္တလေးသင်္ကြန်ကျတာ များတယ်။ အဓိကက ဟိုတယ်နဲ့ စင်ပေါ်နဲ့ပဲ သွားဖြစ်တာများတယ်။ ဟိုတယ်မှာ နားတယ်၊ စင်ပေါ်မှာ သီချင်းနားထောင်တယ်၊ ရေပက်တယ် ဒီလောက်ပဲ။
မနှစ်က ပန်းရောင် သင်္ကြန်မဏ္ဍပ်မှာ သီချင်း စဆိုတာဆိုတော့ ဒီနှစ်လည်း သီချင်းဆိုဖြစ်မှာပါ။
သင်္ကြန်ဆိုရင် မြန်မာတပြည်လုံးက အရမ်းပျော်စရာပေါ့။ နှစ်သစ်ကူးလည်း ဖြစ်တယ်။ နောက်ပြီးတော့ သင်္ကြန်ရဲ့ ပျော်ပွဲရွှင်ပွဲကာလမှာ အကုန်လုံးက စိတ်ပြေလက်ပျောက် ပျော်ရွှင်ကြတယ်။ မြန်မာ့ နှစ်သစ်ကူးကို ကြိုဆိုကြတယ်။ သင်္ကြန်ဆိုရင် အကြီးမားဆုံး Holiday ပေ့ါ။ အရမ်းပျော်ဖို့ ကောင်းတယ်။ သင်္ကြန်ကို အမြဲတမ်း တနှစ်ပြီး တနှစ် မျှော်လင့်ပါတယ်။
သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရဆိုရင် များသောဖြင့် စင်ပေါ်မှာပဲ ဖြတ်သန်းဖြစ်တာများတယ်။ အမှတ်တရ သိပ်တော့ မရှိဘူး။ တခေါက်လောက် မိသားစုနဲ့ ကားကြီးကို အမိုးဖွင့်ပြီး ရေပက်ခံ ထွက်ချင်တယ်။
အဆိုတော် အနဂ္ဂ
သင်္ကြန်က အခုထိတော့ ဘာမှ အစီအစဉ်မရှိသေးဘူးဗျ။ ပွဲတပွဲ ပြောထားတာတော့ ရှိတယ်။ ဒါပေမယ့် လက်မခံရ သေးဘူး။ ပွဲလက်မခံဖြစ်ရင်တော့ အိမ်မှာဘဲ နေဖြစ်မယ်။ အိမ်မှာနေဖြစ်ရင်တော့ အိမ်ရှေ့မှာဘဲ ကလေးတွေနဲ့ အုန်းလက်မဏ္ဍပ် မကျတကျလေး ထိုးမယ်ပေါ့။ တူလေးတယောက်က spanish လေးဆိုတော့ သူက ဒီနှစ်သင်္ကြန် လာမယ်ပြောတော့ သူ့အတွက် ရေပိုက်တွေ၊ ရေပုံးလေးတွေနဲ့ လုပ်ပေးမလားလို့ စဉ်းစားမိတယ်။ ပွဲကို လက်ခံဖြစ်ရင်တော့ အဲဒီမှာပဲ ရှိပါမယ်။ နှစ်သစ်မှာ အားလုံး ကျန်းမာကြပါစေ၊ စီးပွားရေးတွေ ပိုပြီးတော့ အဆင်ပြေကြပါစေလို့ ပြောချင် ပါတယ်။
အဆိုတော် Bobby Soxer
သင်္ကြန်က လောလောဆယ် ဘာအစီအစဉ်မှ မရှိသေးဘူး။ အိမ်မှာ နားမလားဆိုတာလည်း မသိသေးဘူး။ ကိုယ့်ဟာကိုယ်ပဲ ပျော်ရမလား၊ ဒီအနုပညာနဲ့ ပတ်သက်ပြီး ဖျော်ဖြေရေး အစီအစဉ်က ဘာမှတော့ သေချာ Confirm မဖြစ်သေးဘူး။ ညီမက များသောအားဖြင့် လူရှုပ်တဲ့နေရာတွေ သွားရ လာရ မကြိုက်တဲ့သူဆိုတော့ ဘယ်မှ သိပ်မသွားဖြစ်ဘူး။
သင်္ကြန်ဆိုလို့ရှိရင် များသောအာဖြင့် ညီမ အင်္ကျီလက်ရှည်ဝတ်တယ်၊ အသားမဲမှာစိုးလို့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ၄၊ ၅ ရက် ပြီးသွားရင် အသားအရေက တော်တော်ဆိုးသွားတယ်။ ပြီးတော့ ဦးထုတ်၊ မျက်မှန် ဒီလောက်ပဲ။
သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရကတော့ ညီမ အဆိုတော်ဖြစ်ပြီးကတည်းက တောက်လျှောက် မဏ္ဍပ်ထိုင်၊ သီချင်းဆိုလာတာဆိုတော့ ထွေထွေထူးထူး မရှိပါဘူး။ သီချင်းဆိုတာ အမှတ်တရပါပဲ။ အဲဒီလောက်ပါပဲ။ ကလေး ဘဝတုန်းက ပြန်စဉ်းစားကြည့်မယ်ဆိုရင် တကယ့် သင်္ကြန် Mood အပြည့်အ၀ ရခဲ့တာက ကိုယ့်ကလေးဘဝတုန်းကပဲ။ ရပ်ကွက်ထဲမှာ ရေပြွတ်နဲ့ လျှောက်ပက်တာတွေရောပဲ။ အရင်တုန်းကဆိုရင် ညီမတို့ အင်းယားလမ်း သင်္ကြန်တို့ ဘာတို့ပေါ့။ အဲလိုမျိုး အချိန်တွေကို မီခဲ့လို့ ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတင်ပါတယ်။