Lifestyle

အရေပြားကင်ဆာ ကာကွယ်ဖို့ နာနတ်သီးကို သုံးစွဲစို့

Want create site? Find Free WordPress Themes and plugins.

နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အမျိုးသမီးတို့ အလှအပအတွက်လည်း အလွန် အသုံးဝင်လှ ပါတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ် များစွာ ပါဝင်ပြီး သတ္တုဓာတ် အများအပြား ပါဝင်တဲ့ သစ်သီး တမျိုးဖြစ်ပြီး သင့် ရာသီမရွေး စားသုံးသင့်တဲ့ ၊နွေရာသီမှာ ရွှေရင်အေးစရာ ဖျော်ရည်ပြုလုပ်သောက်နိုင်တဲ့ နာနတ်သီးတန်ဖိုး အကြောင်း ပြောပြပါမယ်။

လူနီအင်ဒီးယန်းများဟာ နာနတ်သီးကို ဆေးဖက်ဝင် အစာကြေဆေး အဖြစ်လည်းကောင်း၊ အသားနုတက်ဆေး Healer အဖြစ် လည်းကောင်း သုံးစွဲကြပါတယ်။ အင်ဒီးယန်း အမျိုးသမီးများသည် နာနတ်သီး အသားဖတ်များဖြင့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကာ အသားအရေ စိုပြည်လှပအောင် ပြုပြင်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Bromelain ခေါ် Enzyme Protease ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး၊ ယင်းအင်ဇိုင်းက ပရိုတင်း ဖွဲ့စည်းမှုကို ချေဖျက်နိုင်စွမ်း ရှိပါတယ်။ ပရိုတင်း အစိုင်အခဲများကို ပြိုကွဲစေပြီး Peptides နဲ့ အမိုင်နိုအက်စစ်များ အဖြစ် ပြောင်းသွားစေပါတယ်။ အဲဒီ အက်ဆစ်က အရေပြားပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ ကြွက်နို့လို အဖုအသားမာ တွေကို ချေဖျက်ပေးနိုင်ပါတယ်။

ဆေးဖက်ဝင် အစွမ်းထက်တဲ့ Bromelain ဟာ နာနတ်ရွက်မှ အသီးအထိ ကြွယ်ဝစွာ ပါဝင်နေသည်။ Bromelian ထုတ်ယူပုံမှာ နာနတ်ပင်စည် ငုတ်တိုများကို စုဆောင်းပြီး အပြင်အခွံကြမ်း အခေါက်ကို ခွာထုတ်ပါ၊ ပင်စည် အတွင်းသားကို ကြိတ်ချေပြီး ရေသင့်ရုံရောကာ သတ္ထုရည် ရယူပါ။ ထိုသတ္ထုရည်ကို Acetone နဲ့ ဓာတ်ပြုလိုက်ရင် Bromelain အနည်အဖြစ်ကျလာမည်။ ယင်း အနည်အနှစ်တွေ အခြောက်ခံလိုက်ရင် အဖြူရောင် Bromelain အမှုန့်တွေ ရရှိပါတယ်။

Bromelain ဟာ နှလုံးရောဂါကို ကုသရာမှာ ထိရောက်တဲ့ အထောက်အပံ့ ဖြစ်စေသလို သွေး ခဲခြင်းနှင့် သွေး ယိုစိမ့်ခြင်း အစွန်းနှစ်ဘက်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

နာနတ်သီးတစ်ခုလုံးတွင် စားသုံးနိုင်သော ပမာဏမှာ ၆ဝ ရာခိုင်နှုန်းပါဝင်နေပြီး၊ ရေဓာတ် ၈၅ ရာခိုင်နှုန်း၊ ပရိုတင်း ဓာတ် သုည ဒသမ ၄ဝ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၄ ရာခိုင်နှုန်း၊ အဆီ ဓာတ် သုည ဒသမ ၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ် သုည ဒသမ ၅ ရာခိုင်နှုန်းအပြင် ဗီတာမင်အေ၊ ဘီဝမ်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

အရေပြားကင်ဆာနဲ့ နာနတ်သီး

နာနတ်သီးမှာပါဝင်တဲ့ Enzyme Bromelain က အရေပြား ကင်ဆာ ရောဂါကို ကာကွယ်ပေးသလို၊ ကင်ဆာရောဂါကို လျော့ကျစေတဲ့ အကြောင်း အမေရိကန် ကင်ဆာဂျာနယ်မှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် ဘရိုမီလိန်ဟာ ပန်းနာရင်ကြပ်၊ အဆစ်အမြစ် ကိုက်ခဲမှုနဲ့ အနာတွေကို အမြန်ကျက်စေတဲ့ သတ္တိရှိပါတယ်။

နာနတ်သီးကို အလိုရှိသလို စားသုံးနိုင်ပါတယ်။ မျက်လုံး အမြင်အာရုံ အတွက် စားသုံးပေးနိုင်သလို အရိုးခိုင်မာ သန်စွမ်းဖို့ အတွက် တနေ့ကို နာနတ်ဖျော်ရည် တခွက် သောက်သုံးပေးသင့် ပါတယ်။ နာနတ်သီး တခုတည်း သီးသန့် သုံးဆောင်ပေးခြင်းက အကျိုးကျေးဇူး ပိုမိုထိရောက်စေပါတယ်။ နေ့လယ်စာ စားသောက်ပြီးမှ သုံးဆောင်ပေးတာက အစာကြေညက်မှုကို အထောက်အကူ ပြုပေးပါတယ်။
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးသည်

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ နာနတ်သီးရည်တခွက်၊ နှင်းဆီရည် လက်ဖက်ရည်ဇွန်း တဇွန်း တို့ကို အသင့်ပြင်ထးပါ။ မျက်နှာကို သေချာ သန့်စင်ပြီး သံလွင်ဆီနဲ့ မျက်နှာကို လိမ်းကျံပါ။ သံလွင်ဆီက အရေပြားကနေ အဆီကို စုပ်ယူပါတယ်။ ပြီးရင်တော့ နာနတ်သီးအရည်နဲ့ နှင်းဆီရည်ရောထားတဲ့ အရည်နဲပ လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီးသွားရင်တော့ မျက်နှာကို ရေသန့်နဲ့ သစ်ပေးလို့ ရပါပြီ။ ဒီနည်းကို တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွန့်ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ပေါင်းတင်ခြင်း

နာနတ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်က အသားအရေကို ဝင်းပ စိုပြောစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ် ပေးပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည် ဖြည့်တင်းပေးပါတယ်။ နာနတ်သီးဖျော်ရည် စားပွဲတင် ဇွန်း ၁ ဇွန်း၊ သို့မဟုတ် နာနတ်သီးမှည့်မှည့် တစိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး နာနတ်သီးစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရပါမယ်။ လိမ်းကျံ ပွတ်သပ်နှိပ်နယ်ပြီး ၁၀ မိနစ်ခန့် စောင့်ပါ။ စေးကပ်တတ်တာမို့ နာနာတ်သီးကို လိမ်းပြီးပါက ရေနဲ့ သေချာ ဆေးကြောပေးဖို့ လိုပါလိမ့်မယ်။ အရေပြားကို အရမ်းနူးညံ့စေပါတယ်။ ဒီနည်းကို တပတ်တခါပဲ ပြုလုပ်ပေးပါ။

မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ် အခြား နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ တခြား အစိတ်အပိုင်း တွေကို လိမ်းကျံမယ် ဆိုရင်တော့ နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥတလုံး၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမယ်။ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာတို့နဲ့ ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပေးနိုင်ပါတယ်။ လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးဖို့ လိုပါတယ်။ ။

ညွှန်း – wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading