ဒီနှစ်သင်္ကြန် သူတို့ဘယ်မှာရှိမလဲ၊ ဘာလုပ်ကြမလဲ (၂)
၂၀၁၇ ခုနှစ် သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ သင်္ကြန်ကိုဘယ်လို ဖြတ်သန်းကြမလဲ၊ သင်္ကြန်အမှတ်တရ၊ သင်္ကြန်ဖက်ရှင်တွေနဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိတ်ခံစားချက်နဲ့ နှစ်သစ်ဆုတောင်း စတာတွေကို ဧရာဝတီ သတင်းထောက်များဖြစ်တဲ့ သီဟတိုး၊ ထက်ဦးဝေနဲ့ ယုဖြူဟန်တို့ မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

အဆိုတော် ပိုပို
သင်္ကြန်က အခုချိန်ထိတော့ မသေချာသေးပါဘူး။ မနှစ်ကတော့ သင်္ကြန်သီချင်းလုပ်ဖြစ်တယ်။ ဒီနှစ်တော့ မလုပ်ဖြစ်ဘူး။ ဒီနှစ်သင်္ကြန်ကတော့ ရင်ခုန်စရာသိပ်မရှိဘူး။ နည်းနည်းစိတ်ညစ်စရာကောင်းတယ်လို့တောင် ခံစားမိတယ်။ ပရိသတ်တွေကို မဖျော်ဖြေရဘူး။ မဆိုရရင်လည်း လျှောက်လည်ရုံပါပဲ။

အဆိုတော် ဟဲလေး
ကျနော်က ဘားအံမှာ ရှိမယ်ဗျ။ အိမ့်ချစ်တို့၊ ကိုဇော်ပိုင်တို့ အားလုံးနဲ့ အတူတူပေါ့။ ဘားအံ ချစ်သူမြိုင်ပန်းခြံမှာပါ။ ဖီလင်ကတော့ သင်္ကြန်တွေကို စင်ပေါ်မှာဘဲ ဖျော်ဖြေချင်ပါတယ်။ အားလုံးဘဲ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးကြပါစေလို့ ပြောချင်ပါတယ်။

သရုပ်ဆောင် ရွှေသမီး
ဒီနှစ်သင်္ကြန်ကတော့ အိမ်မှာပဲနားပါမယ်။ သင်္ကြန်ပြီးရင် ရှုတင်ရှိတော့၊ အိမ်မှာနေပြီး ရေဆင်းဆော့ ဖြစ်မလားတော့ မသိဘူး။ စိတ်ကူးတော့ရှိပါတယ်။အနုပညာအလုပ်တွေ မလုပ်ခင်ကလည်း သင်္ကြန်ဆိုရင် မန္တလေးမှာတုန်းကလည်း အိမ်မှာပဲနေဖြစ်တယ်။ အိမ်ရှေ့မှာ ထွက်ပြီး ရေပက်တယ်။ ရန်ကုန်သင်္ကြန်ကျတာ ၃ နှစ်လောက်ရှိပြီ။ အိမ်မှာနေပြီး မုန့်တွေအများကြီးဝယ်ပြီး ရုပ်ရှင်ကြည့်တယ်။ စာဖတ်တယ်။ အဲဒီလောက်ပါပဲ။ သင်္ကြန်မှာဆိုရင် ဂျင်းဘောင်းဘီအရှည် ကို အပေါ်ကနေ အကျႌလက်ရှည်အပါး အရောင်တောက်တောက်လေးတွေ ပိုပြီးကြိုက်တယ်။
သင်္ကြန်ဆိုတာက မြန်မာလူမျိုးတွေအတွက် အလေးအနက်ထားရတဲ့ပွဲ နှစ်သစ်ကူးလေးပေါ့။ သင်္ကြန်နဲ့ပတ်သက်ပြီး ညီမရဲ့ ချစ်ရတဲ့ ပရိသတ်တွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ သင်္ကြန်ရေနဲ့ ဆေားကြောပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ပြောချင်ပါတယ်။ ချစ်တဲ့ မိသားစုနဲ့လည်း သာယာပျော်ရွှင်စွာနေနိုင်ပါစေလို့ ပြောချင်ပါတယ်။

အဆိုတော် ရွှေထူး
ကျနော်က မန္တလေး MBA VS LAS Vegas မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန်ဖီလင်ကတော့ ပျော်ပါတယ်။ ကျနေ်ာက ငယ်ငယ်လေးတည်းက သင်္ကြန်ကို ကြိုက်တယ်။ ဒီနှစ်လည်း MBA မဏ္ဍပ်မှာဘဲ ကိုယ့်ဆီကို လာမယ့် ပရိသတ်တွေနဲ့ သီချင်းတွေဆိုမယ်၊ ကဲမယ်ပေါ့။ သင်္ကြန်မှာ အကုန်လုံးဘဲ သောက်ကြမယ်၊ စားကြမယ်၊ ပျော်ပါးကြမယ်ပေါ့၊ ဒါပေမယ့် အားလုံး ကိုယ့် limit လေးနဲ့ ကိုယ် ပျော်ကြပါလို့၊ ကျနော် စေတနာနဲ့ ပြောတာပါလို့။ အဓိကက အပျော်ကနေပြီးတော့ လွန်ပြီးတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ပြောတဲ့ စေတနာ စကားပါလို့ ပြောချင်ပါတယ်။

သရုပ်ဆောင် အဆိုတော် စိုးပြည့်သဇင်
သင်္ကြန်ကို ရမည်းသင်းမှာ သီချင်းဆိုပါမယ်။ လုံလုံခြုံခြုံ ဖြစ်မယ့်ဟာလေးတွေ ရွေးချယ်ထားပါတယ်။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေအတွက် ရိုးရာတခုလည်းဖြစ်တယ်။ ပျော်စရာကောင်းတဲ့ အချိန်လည်းဖြစ်တယ်။ နှစ်ကူးမှာ ပရိသတ်တွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ အလုပ်အကိုင်တွေ အဆင်ပြေ ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အဆိုတော် ထွန်းရတီ
သင်္ကြန်ကတော့ အခုချိန်ထိ ဘယ်မှာကျမလဲ သေချာမသိသေးတော့ အကယ်၍ သီချင်း မဆိုဖြစ်ဘူးဆိုရင်တော့ အိမ်တွင်းပုန်းလုပ်ဖြစ်မှာပေါ့။ ရတီက များသောအားဖြင့်တော့ သီချင်းစဆိုဖြစ်တဲ့အချိန်ကစပြီးတော့ သင်္ကြန်မဏ္ဍပ် တွေမှာ သီချင်းဆိုဖြစ်တာများတယ်။ ဒီနှစ်ကျတော့ မဏ္ဍပ်တွေက အရမ်းနည်းတော့ ဘယ်လိုဖြစ်မလဲမသိသေးဘူး။ မဏ္ဍပ်ကနည်းပြီး အဆိုတော်တွေကများနေတော့ အဓိကကတော့ အဆိုတော်တွေအနေနဲ့ အခက်အခဲတော့ ဖြစ်သွားတာပေါ့။
သင်္ကြန်မှာဆို လည်ဖြစ်ရင်တော့ လုံလုံခြုံခြုံဝတ်ဖြစ်တယ်။ အသားအရေ မပျက်စီးအောင် အတိုအပြတ်တွေဝတ်ရင် အသားအရေတွေ အရမ်းထိခိုက်တယ်။ ဘောင်းဘီရှည် အကျႌရှည်လေး ဦးထုပ်လေးနဲ့ပေါ့။ အဲဒီလိုမျိုးကို သဘောကျတယ်။ သင်္ကြန်ဆိုတဲ့ မြန်မာ့နှစ်သစ်ကူးမှာ ပရိသတ်တွေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘတွေ ပြည့်စုံပြီး သင်္ကြန်အတွင်းမှာ အန္တရာယ်ကင်းရှင်းကြပါစေလို့…။

အဆိုတော် ရေမွန် (Idiots)
ကျနော်က အိမ်မှာဘဲ ရှိမယ်ဗျ။ ဒီနှစ်သင်္ကြန်က အစိုးရရဲ့ အစီအစဉ်ကြောင့် ကျနော်တို့ Entertainer တွေ တော်တော် ဒုက္ခရောက်ပါတယ်။ ကျနော် ၈ နှစ် ၉နှစ်လောက် ရှိပြီ၊ မဏ္ဍပ်ရတာပေါ့၊ တနှစ်မှ မပျက်ခဲ့ဖူးပါဘူး။ အခု ဒါ ပထမဆုံ းအကြိမ် ကျနော် မဏ္ဍပ်မရတဲ့ နှစ်ပါ။ ဘော်ဒါတွေ ရှိတဲ့ မဏ္ဍပ်တွေတော့ သွားရင် သွားဖြစ်မယ်။ အုန်းလက်မဏ္ဍပ်တော့ ကျနော် မထိုင်ဖူးပါဘူး။ ဒီနှစ်သင်္ကြန်ကို ဘာအလုပ်မှ မရှိဘဲ နိုင်ငံသားတယောက်အနေနဲ့ဘဲ ဖြတ်သန်းမှာပါ။ ကောင်းတော့ကောင်းပါတယ်။ နှစ်တိုင်းမှာ သင်္ကြန်က အရမ်းအလုပ်လုပ်ရတဲ့ အရာကြီးဖြစ်နေခဲ့တယ်။ ဒီနှစ်မှာတော့ ပြည်သူပြည်သားတယောက်အနေနဲ့ ဆင်နွှဲလို့ ရတာပေါ့လို့ဘဲ ဖြည့်တွေးထားပါတယ်။
သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ရန်ဖြစ်ကြတာတွေလည်း တွေ့ဖူးတယ်၊ မဏ္ဍပ်ပြိုကျတာလည်း တွေ့ဖူးတယ်၊ ကားအစင်းလိုက် မီးလောင်တာလည်း တွေ့ဖူးတယ်ဆိုတော့ သင်္ကြန်မှာ ဘေးရန်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ဘဲ ပြောချင်ပါတယ်။

အဆိုတော် ခင်စုစုနိုင်
ဒီနှစ်က နယ်မှာရှိပါမယ်။ သင်္ကြန်ဆိုရင်းနဲ့ ဖြတ်သန်းပါမယ်။ ဒီနှစ်သင်္ကြန်မှာတော့ ပေါ့ပေါ့ပါးပါး ဒီဇိုင်းလေးတွေပဲ ရွေးချယ်ထားတယ်။ အရမ်းလဲပူတော့လေ။ သင်္ကြန်ကိုတော့ သီချင်းစဆိုဖြစ်တဲ့ ၂၀၀၉ လောက်ကတည်းက သီချင်းဆိုပြီး ပရိသတ်နဲ့ပဲ ဖြတ်သန်းပါတယ်။ ဒီနှစ်သစ်ကစပြီး အလုပ်အကိုင်တွေ အားလုံးအဆင်ပြေပါစေ ရာသီဥတုကလည်း အရမ်းပူတဲ့အတွက် ကျန်းမာရေးတွေလည်း ဂရုစိုက်ပါလို့ပြောချင်ပါတယ်။

Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း
သင်္ကြန်က ဘာအစီအစဉ်မှ မရှိသေးပါဘူး။ ခရီးသွားရင် သွားဖြစ်မယ်။ မသွားဖြစ်ရင် ရန်ကုန်မှာဘဲ လျှောက်လည်မယ်။ ဖီလင်ကတော့ ခုတလော အရမ်းပူတယ်ပေါ့နော်။ ဖက်ရှင်ကတော့ ခန္ဓာကိုယ်မှာ မကပ်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ သဘောကျတယ်။
နှစ်တိုင်း သင်္ကြန်ဆိုရင် ဗီဒိုထဲမှာ ရှိတဲ့ အဟောင်းတွေဘဲ ပြန်ထုတ်ဝတ်တယ်။ အသစ်တွေ မဝတ်ဘူး။ အဝတ်အစားတွေ ပျက်စီးတယ်လေ။ အဟောင်းတွေက ရေနဲ့ ထိရင် အရောင်တွေက ပြန်ပြီးတော့ တောက်ပလာတယ်လေ။ ဒီနှစ်လည်း အဟောင်းတွေဘဲ ပြန်ဝတ်ဖြစ်မှာပါ။ နှစ်တိုင်းတော့ တခုမဟုတ် တခု အမှတ်တရဖြစ်အောင် လုပ်ဖြစ်တယ်။ လည်ရင် လည်တယ်၊ မုန့်လုပ်စားရင် စားတယ်။ ဆော့ရင် ဆော့တယ်။ အမြဲတမ်း အမှတ်တရ တခုခုတော့ ဖြစ်အောင်လုပ်တယ်။ ဘာမှ မလုပ်ဘဲ အိပ်နေတာတော့ မရှိဘူး။
အခုက အရမ်းလည်း ခေတ်မီလာကြပြီဆိုတော့ အန္တရာယ်တွေကို ဘက်ပေါင်းစုံကနေ ဖိတ်ခေါ်နေကြတယ်၊ အဲတော့ အားလုံးလည်း အန္တရာယ်မရှိဘဲနဲ့ လုံခြုံစိတ်ချရတဲ့ သင်္ကြန်ကိုဘဲ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

အဆိုတော် လိမ္မော်သီး
သင်္ကြန်က မန္တလေးမနော်ရမာန်ကွင်းထဲမှာ ရှိပါမယ်။ ဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါး ရော့ခ် ဆန်မယ့် ဖက်ရှင်မျိုး အဓိကက ဂျင်းဘောင်းဘီ အတိုအရှည် တီရှပ်ကလေးတွေ ဝတ်ဖြစ်မယ်။
အမက ၂၀၀၇ သင်္ကြန်မှာစပြီး သီချင်းစဆိုဖြစ်တယ်။ အခုနှစ်၂၀၁၇ ခုနှစ်မှာ သီချင်းဆိုတာ ၁၀ နှစ်ပြည့်ပြီပေါ့။ အနုပညာလုပ်တာ။ ဗိုလ်ချုပ်ဈေးသင်္ကြန်မှာ စဆိုဖြစ်ခဲ့တာ။ အမတို့ မြန်မာလူမျိုးတွေ သင်္ကြန်ဆိုပျော်ကြတယ်။ အမကလည်း သင်္ကြန်ဆိုပျော်တယ်။ စိတ်လှုပ်ရှားတယ်။ ဘယ်မှာသီချင်းဆိုရမလဲ ဆိုတာကို စိတ်ဝင်စားတယ်။ ငယ်ငယ်ကတော့ အိမ်ရှေ့မှာပဲ ရေပက်တယ်။ သင်္ကြန်တခါမှ မလည်ဖူးဘူး။ အဆိုတော်ဖြစ်လာတော့ သီချင်းဆိုဖြစ်တယ်။
ဒီနှစ်သင်္ကြန် မန္တလေးမှာရှိမှာမို့ မန္တလေးက ပရိသတ်ကြီးတွေ မန္တလေးမနော်ရမာန်ကွင်းထဲမှာ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။