၂၀၁၇ ခုနှစ် သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ သင်္ကြန်ကိုဘယ်လို ဖြတ်သန်းကြမလဲ၊ သင်္ကြန်အမှတ်တရ၊ သင်္ကြန်ဖက်ရှင်တွေနဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိတ်ခံစားချက်နဲ့ နှစ်သစ်ဆုတောင်း စတာတွေကို ဧရာဝတီ သတင်းထောက်များဖြစ်တဲ့ သီဟတိုး၊ ထက်ဦးဝေနဲ့ ယုဖြူဟန်တို့ မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။
မော်ဒယ်လ် သရုပ်ဆောင် အွန်ဆိုင်း
ဒီနှစ်သင်္ကြန် ဘာအစီအစဉ်ရှိလဲဆိုရင် အွန်ဆိုင်း ခရီးသွားမယ်၊ ဘူတန်နိုင်ငံကို အလည်သွားမှာပါ။ သင်္ကြန်က ခါတိုင်းနှစ်တွေဆိုရင် မနှစ်က ယိုးဒယားသွားတယ်။ သင်္ကြန်ဆိုရင် အွန်ဆိုင်းက မဏ္ဍပ် သိပ်မသွားဖြစ်ဘူး၊ ခရီးပဲသွားဖြစ်တာ များတယ်။
သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရ ရှိလားဆိုတော့ ငယ်ငယ်တုန်းက သင်္ကြန်က တကယ်ကို ပျော်ဖို့ ကောင်းတဲ့သင်္ကြန်ပေါ့နော်။ ဘာလို့လဲဆိုတော့ ရပ်ကွက်ထဲက လူတွေ အားလုံးစုပြီး သင်္ကြန်ဆိုရင် လူကြီးတွေက ရေခပ်တယ်၊ ကလေးတွေလည်း ရေခပ်တယ်။ ပြီးတော့ ခွက်လေးနဲ့ လောင်းခဲ့ရတယ်။ အိမ်ရှေ့တွေမှာ စုပြီး မဏ္ဍပ်လေးတွေမှာ ရေလောင်းခဲ့ရတယ်။
အခုနောက်ပိုင်း ရန်ကုန် ပြန်ရောက်တဲ့အချိန်မှာကျတော့ သင်္ကြန်ဖြစ်တဲ့အချိန်ဆိုရင် အရင်တုန်းက အလုပ်နဲ့ ဖြတ်သန်းတာရှိတယ်။ နောက်ပိုင်းကျတော့လည်း မထွက်ဖြစ်ဘူး၊ သင်္ကြန်မှာဆိုရင် ခရီးတွေ သွားတယ်၊ အနားယူတာ ပိုများတယ်။
သင်္ကြန်ကို ဖြတ်သန်းဖြစ်မယ်ဆိုရင် ဖက်ရှင်ဆိုတာထက် သင်္ကြန်မှာ နေက အရမ်းပူတယ်။ ရေတွေက မသန့်ဘူး။ အဲဒီတော့ Sunblock များများ သေချာလိမ်းရမယ်။ တနေကုန် နေလည်း ပူမှာဆိုတော့ ရေဓာတ်ရအောင် ရေများများ သောက်ရမယ်။ အွန်ဆိုင်းသာ မဏ္ဍပ်သွားမယ်ဆိုရင် အဓိကက ကျန်းမာရေးနဲ့ ပတ်သက်တာကိုပဲ ပိုဂရုစိုက်ဖြစ်မယ်။
အွန်ဆိုင်းက သင်္ကြန်ဆိုရင် အမှန်တိုင်းပြောရရင် မြန်မာနိုင်ငံသား တယောက်အနေနဲ့ သင်္ကြန်ဆိုတာ အရမ်းချစ်ဖို့ကောင်းတဲ့ မြန်မာ့ရိုးရာတခုပါ။ အွန်ဆိုင်းက သင်္ကြန်ကို တကယ်ချစ်တယ်။ သင်္ကြန်ကို အွန်ဆိုင်းက ပျော်ရွှင်စွာ ဖြတ်သန်းလာတဲ့ သူတယောက်ဆိုတော့ တကယ်ကို သင်္ကြန်ရောက်တိုင်း ပျော်ပါတယ်။
အဆိုတော် စန္ဒီမြင့်လွင်
သင်္ကြန်က Skynet မဏ္ဍပ်မှာဘဲ ရှိမယ်။ ဟိုးအရင်တွေတုန်းကလိုမျိုး စည်စည်ကားကား သင်္ကြန် ဖြစ်စေချင်ပါတယ်။ ဖက်ရှင်က ဒီးဒီ ဝတ်နေကျ ပုံစံပဲဝတ်ဖြစ်ပါမယ်။ သင်္ကြန်မှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပျော်နိုင်ကြပါစေလို့ ပြောချင်ပါတယ်။
မော်ဒယ်လ် ထွန်းကိုကို (Mr.Face of Myanmar 2013 – Asia New Star Model Contest)
ဒီနှစ်သင်္ကြန် ကျနော် မြိတ်မှာ သီချင်းဆိုဖြစ်မယ်။ ခါတိုင်းနှစ်တွေကတော့ တခါတလေလည်း သီချင်းဆိုတဲ့ ပွဲတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ မန္တလေးမှာ နာရေးကူညီမှုအသင်းနဲ့အတူ အမှိုက် လိုက်ကောက်တာတို့၊ ပြီးတော့ သင်္ကြန်သံချပ် အဲဒီလို အစီအစဉ်လေးတွေ ရှိခဲ့တယ်။
သင်္ကြန်မှာ ပရဟိတလှုံဆော်ဖို့အတွက် ဓာတ်ပုံတွေ တင်ပေးတာတို့ မြိတ်ကနေ တခြားလူငယ်တွေ အကုန်လုံး လုပ်နိုင်အောင် လှုံ့ဆော်ပေးမယ့် အစီအစဉ်တွေရှိတယ်။ အဲဒါကတော့ သင်္ကြန်တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းပေးနိုင်မယ့်၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့နဲ့ အမှိုက်တွေ ရှင်းလင်းပေးဖို့ အဲဒီလို ပရဟိတအဖွဲ့တဖွဲ့ လောလောဆယ် လုပ်ဖို့ရှိတယ်။
သင်္ကြန်ကတော့ ဒါကျနော်တို့ မြန်မာ့နှစ်သစ်ကို ကူးပြောင်းတဲ့ နှစ်ကူး အချိန်လေးပေါ့နော်။ အဲဒီအတွက် နှစ်ဟောင်းမှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောပြီးတော့ နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်နိုင်မယ့် အစီအစဉ်ပေါ့။ အဲဒီအတွက် ခံစားချက်ကတော့ ပျော်ရွှင်ပါတယ်။
သင်္ကြန်နဲ့ အမှတ်တရကတော့ အရင်တုန်းကတော့ သင်္ကြန်ဆို တရားစခန်းဝင်တယ်။ သင်္ကြန်ဆို အပြင် မထွက်ဖြစ်တာ များတယ်။ အပြင်ထွက်ဖြစ်တာဆိုရင် ဒီ ၃၊ ၄ နှစ်ပဲ ရှိဦးမယ်။ ငယ်ငယ်တုန်းကဆိုရင် သင်္ကြန်ဆို အမြဲဖျားနေတာ များတယ်။ အိမ်ထဲမှာပဲ နေဖြစ်တယ်။ ပျော်ရတာတော့ ၃၊ ၄ နှစ်ပဲ ရှိသေးတယ်။
နှစ်သစ်မှာ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေလည်း နှစ်သစ်က သင်္ကြန်ရေနဲ့ ဆေးကြောပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မော်ဒယ်လ် သရုပ်ဆောင် ဟန်သီ
ဒီနှစ်ကတော့ တာချီလိတ်မှာ သီချင်းဆိုဖို့ပဲ ရှိပါတယ်။ ကျန်တာတော့မရှိပါဘူး သင်္ကြန်ကတော့ များသောအားဖြင့် ခရီးထွက်တာတို့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖြစ်ပါတယ်။ သင်္ကြန်မှာဆို ဖက်ရှင်အနေနဲ့ နေအရမ်းပူတော့ အရှည်ဝတ်ဖြစ်တာ များတယ်။ အရှည်ကိုမှ အရောင်တောက်တောက် နီယွန်ကာလာလေးတွေ ကြိုက်တယ်။ ဒီနှစ်ကတော့ ဘောင်းဘီအရှည် အကျပ်ကို အပေါ်က Crop Top အင်္ကျီလေးကို လက်လှလှလေးနဲ့ အရောင် တောက်တောက်လေးတွေ ပြင်ဆင်ထားတယ်။
ဒီနှစ်သင်္ကြန်ကိုတော့ ရင်ခုန်မှုက သိပ်မရှိဘူး။ သင်္ကြန်ဆိုပြီး တွေးလိုက်တာနဲ့ ရေစိုချင်နေပြီ။ ပရိသတ်တွေလဲ ဒီနှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
သရုပ်ဆောင် အဆိုတော် မေ
သင်္ကြန်အတွက်က အခုလောလောဆယ် မသိသေးဘူး။ အရင်ကတော့ မဏ္ဍပ်တွေ သွားဖြစ်တယ်။ အခုနောက်ပိုင်းတော့မသွားဖြစ်ဘူး။ သင်္ကြန်ဆိုရင်က ငယ်ငယ်လေးထဲက အကြိုက်ဆုံးပွဲတော် ဖြစ်တဲ့အတွက်လည်း ပျော်ပါတယ်။ အခုနောက်ပိုင်းတော့ သိပ်မပျော်တော့ဘူး။ ဖက်ရှင်ကတော့ အသားအရေ မပျက်စီးမယ့်ဟာပဲ ဝတ်ဖြစ်တယ်။ အပေါ်ထပ်တွေလည်းဝတ်ဖြစ်တယ်။ သင်္ကြန်ပြီးလို့ အသားအရေ ပျက်စီးတာက သင်္ကြန်မှာ လှချင်တာနဲ့မကာမိဘူး။
သင်္ကြန်မှာ ပျော်စရာကောင်းတဲ့ နှစ်သစ်တခုဖြစ်ပါစေ။ စီးပွားလာဘ်လာဘတွေ ဒီထက်မက တိုးတက်ပြီးတော့ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေ။
သရုပ်ဆောင် အဆိုတော် နန်းသီရိမောင်
အခုထက်ထိတော့ မဏ္ဍပ်တွေက ကမ်းလှမ်းထားတာရှိပေမယ့် အကြောင်းတော့ မပြန်သေးဘူး။ သီချင်းမဆိုဖြစ်ရင်တော့ ခရီးထွက်ဖြစ်မယ်ထင်ပါတယ်။ သင်္ကြန်ရောက်ရင်တော့ ရေကစားတာကို သဘော ကျပါတယ်။ သူငယ်ချင်းတွေနဲ့ ရေကစားဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းကတော့ သက်သောင့်သက်သာ လွတ်လွတ် လပ်လပ်ဖြစ်မယ့်ဟာလေးတွေ ကြိုက်ပါတယ်။ နှစ်သစ်မှာပျော်ရွှင်ပြီး ချစ်တဲ့သူတွေနဲ့အတူ ဘဝကို ဖြတ်သန်းရပါစေ။
အဆိုတော် စောလားထော်ဝါး (Myanmar Idol Season 1 Winner)
ဒီနှစ်သင်္ကြန်မှာက ပြီးခဲ့တဲ့နှစ်ကလို ၁၉ လမ်းက sky net မဏ္ဍပ်မှာရှိပါမယ်။ ပြိုင်ပွဲပြိုင်ပြီးမှ သင်္ကြန်မှာ သီချင်းဆိုပြီးဖြတ်သန်းဖြစ်တာပါ။ အရင်ကတော့ သူငယ်ချင်းတွေနဲ့ လည်ဖြစ်တယ်။ သင်္ကြန်နှစ်သစ်ကူးက အရမ်းကိုပျော်စရာကောင်းတယ်။ တဖက်မှာလည်း အပျော်ကနေ အပျက်ဖြစ်သွားတာတွေလည်း တွေ့ခဲ့ဖူးတယ်။ ဖြစ်နိုင်ရင်ပျော်ပျော်ပါးပါးနဲ့ မသောက်စားပဲ ဖြတ်သန်းစေချင်ပါတယ်။
ပရိသတ်အားလုံး နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။