လက်ပံတောင်းဒေသတွင် အသိမ်းခံလယ်ယာမြေတွေနဲ့ပတ်သက်လို့ ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ဘဝတွေကို ထင်ဟပ်ပြသထားတဲ့ “နာမည်တွင်ကျန်ရစ်မယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကို မျက်ချယ် ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက တာဝန်ယူရိုက်ကူးနေတာဖြစ်ပြီး ဒါရိုက်တာ ကိုသန့်ဇင်အောင်၊ ဝတ္ထု/ ဇာတ်ညွှန်း ကိုဇော်မြင့်ဦးတို့ဖြစ်ကာ သရုပ်ဆောင်တွေအနေနဲ့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်၊ ဇေရဲထက်၊ အိချောပိုတို့က ပါဝင်ထားကြတယ်လို့ သိရပါတယ်။
ဒီဇာတ်ကားထဲတွင် လက်ပံတောင်း ဒေသခံပြည်သူတွေထဲက သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဇာတ်ရုပ်နေရာမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ထွန်းအိန္ဒြာဗိုလ်က ဇာတ်ကားနဲ့ ပတ်သက်လို့ “ဒီဇာတ်ကားမှာ မခင်ဝင်းရဲ့ plot လေးတော့ ယူထားတယ်။ ဒါပေမယ့် မခင်ဝင်းဆိုပြီး ရိုက်တာတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်လုပ်ငန်းတွေကို အသိမ်းခံရပြီးတော့ ကုမ္ပဏီတွေလုပ်ကြတယ်ဆိုတဲ့ဟာကို ကျမက အသိမ်းခံရတဲ့ လယ်သူမတွေဘက်က သရုပ်ဆောင်ထားတာပေါ့” လို့ ထွန်းအိန္ဒြာဗိုလ်က ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ ဒီဇာတ်ကားကို လယ်ယာမြေ အသိမ်းခံရတဲ့ လက်ပံတောင်း ဒေသခံ ပြည်သူတွေဘက်ကနေ ပါဝင်ရိုက်ကူးဖြစ်တာဖြစ်ပြီး သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ မခင်ဝင်းဇာတ်ရုပ်အတိအကျအတိုင်း သရုပ်ဆောင်ထားခြင်း မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။
ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ သူအနေနဲ့ တခြား အခက်အခဲ တစုံတရာမရှိပါဘူးလို့ ဆိုပါတယ်။
“ဒီဇာတ်ကို ကျမကို လာပြတဲ့အချိန်မှာ လုပ်ကွက်မများသော်လည်း အနုပညာအရ လုပ်ကွက်လေးတွေ ရတယ်၊ နောက်ပြီး ကျမအသက်အရွယ်နဲ့လည်း လိုက်ဖက်တယ်ဆိုတော့ စိတ်ဝင်စားလို့ လက်ခံဖြစ်တာပါ” လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုု အခြေခံထားတဲ့ ဇာတ်ကားဖြစ်နေတဲ့အတွက် ဒေသခံတွေနဲ့ ပြည်သူလူထုက မျှော်လင့်ထားတဲ့ ဇာတ်ကားတကား ဖြစ်လာဖို့အပေါ်ကိုတော့ သူ့အနေနဲ့ ဘာမှ အထူးတလည် ပြောစရာမရှိကြောင်း၊ ဒီဇာတ်ကားကို အနုပညာအရသာ လက်ခံခဲ့တာဖြစ်ကြောင်း ဆက်ပြောပါတယ်။
“ဒေသခံတွေက သဘောကျကြပါတယ်။ သူတို့အနေနဲ့က အခုလက်ရှိမှာလည်း ဒီပြဿနာမျိုးတွေကို ရွာသားအများစုက ကြုံတွေ့ဖူးနေကျ ဖြစ်နေတော့ ဒီလို ဇာတ်ကားမျိုးရိုက်ကူးတာကို သူတို့က ကြိုဆိုကြပါတယ်” လို့ ဒီဇာတ်ကား ရိုက်ကူးနေမှုအပေါ် ဒေသခံပြည်သူတွေဘက်က တုံ့ပြန်မှုနဲ့ ပတ်သက်လို့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။
ဒီဇာတ်ကား ရိုက်ကူးခြင်းအပေါ် အာဏာပိုင်အဖွဲ့အစည်းတွေဘက်က အခုချိန်ထိ တစုံတရာ တားမြစ်ပြောဆိုခြင်းလည်း မရှိသေးဘူလို့ သိရပါတယ်။
“ဒီနေ့ထိတော့ အာဏာပိုင်တွေဘက်က ဘာမှပြောဆိုတားမြစ်တာမျိုး မရှိသေးပါဘူး။ နောက်ပြီး ဆင်ဆာကလည်း ကားကို အပြီးအစီးရိုက်ပြီးမှ တင်ရမှာဆိုတော့ ဆင်ဆာကျမှပဲ စကားပြောရမလား မပြောရမလား မပြောတတ်ဘူး။ pass ဖြစ်ချင် လည်း ဖြစ်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
“နာမည်တွင်ကျန်ရစ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လကုန်ပိုင်းလောက်က စပြီး ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။