စာရေးသူ – မောင်စင်ကြယ်
စာအုပ်အမည် – မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ
အမျိုးအစား – အတ္ထုပ္ပတ္တိ
ကရင်လူမျိုးတို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ အဖြာဖြာကို အများပြည်သူများ သိရှိစေဖို့ အတွက် ကရင်အမျိုးသားခေါင်းဆောင် ၂၄ ဦးရဲ့ အကြောင်းကို ဆရာမောင်စင်ကြယ် က ပြုစုခဲ့ပါတယ်။ ဒီစာအုပ်မှာ ကရင်ရာဇဝင်ဆရာ ဦးပညာ၊ သူတော်စင် ဘိုးပိုက်ဆံ၊ ကရင်ခရစ်ယာန်အစ ကိုသာဖြူက၊ ကရင်နိုင်ငံရေးအစ ဒေါက်တာသီသံဗြာက၊ သုတေသီပညာရှင် ဆရာလွန်းရွှေ၊ ဆင်ဖြူရှင် ဒေါက်တာဒါမေဘိုးမင်း၊ ခွဲရေး-တွဲရေး ခေါင်းဆောင် စောဆစ်ဒနီလူနီ၊ ခေါင်းဆောင်ကြီး ဒေါက်တာစံစီပိုး၊ သာယာဝတီက ဆရာစံဘော်၊ ဝန်ကြီးစောပေသာ၊ ပိုးကရင် နိုင်ငံရေးအစ ဝန်ကြီးမန်းဘခင်က ၊ အာဇာနည် ခေါင်းဆောင် မန်းဘခိုင်၊ ဝန်ကြီးစောစံဖိုးသင်၏ ဘ၀ သံသရာ၊ စောဘဦးကြီး၏ အမျိုးသားရေးကြိုးပမ်းမှု၊ သမ္မတကြီး မန်းဝင်းမောင်၊ ကရင်လူမျိုးများ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် စောနော်တင်ဘွား၊ မြောင်းမြက နိုင်ငံရေးခေါင်းဆောင် ဦးမန်းစေဘု၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး မန်းဘဆိုင်၊ ပထမဆုံး အမျိုးသမီးဝန်ကြီး မစ္စက် ဘမောင်ချိန်၊ မုဆိုးကော်ကဆာ စောဟန်တာသာမွှေး၊ မန်းဘဇန်နှင့် သဘောတရား၊ နိုင်ငံရေး မီးပင်လယ်၊ နှလုံးရည်သမား ဆရာသာထို၊ အိမ်ခြေတစ်ရာရွာ စီမံကိန်းနှင့် ဆရာကြီး စောပေါလ်ဖော၊ တောင်ငူက ဆရာကြီး ဦးစောဘိုးခင် စတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီးတွေ အကြောင်းကို ဖတ်ရှုရမှာပါ။ စိတ်ကူးချိုချို စာပေက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ကျော်ဝင်း
စာအုပ်အမည် – NLD ခေတ် – ပထမနှစ်
အမျိုးအစား – နိုင်ငံရေး
ဆရာကျော်ဝင်းရဲ့ ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်အတွင်း ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်း ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ OPINION ခေါင်းစဉ်အောက်မှာ ဆောင်းပါး အပုဒ် ၄၀ ၊ WORLD VIEW ခေါင်းစဉ်အောက်မှာ ဆောင်းပါး ၁ ပုဒ်၊ BOOK REVIEW ခေါင်းစဉ်အောက်မှာ ဆောင်းပါး ၃ ပုဒ်၊ CASE STUDY ခေါင်းစဉ်အောက် မှာ ဆောင်းပါး ၂ ပုဒ်နဲ့ ICG – REPORT ၁ စောင်တို့ ပါဝင်ပါတယ်။ “မြန်မာ့နိုင်ငံရေးကို ကြည့်ပြန်တော့လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ ရွေးချယ်ထားသော လက်တွေ့ အလုပ်ဖြစ်နိုင်သည့် လမ်းကြောင်းကိုပင် အစွန်းနှစ်ဖက်မှ ချိန်ခါသင့် တိုက်ခိုက်နိုင်ရန် စောင့်ကြည့်နေကြသည်ကို တွေ့နေမြင်နေရသည်” လို့ ဆရာကျော်ဝင်းက ဆိုပါတယ်။ UNITY စာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – သစ္စာနီ
စာအုပ်အမည် – အတ္ထုပ္ပတ္တိ ရုပ်ရှင်များ
အမျိုးအစား – ရုပ်ရှင်
စာပေ၊ ကဗျာအပြင် ဆရာသစ္စာနီ အာရုံကျတာကတော့ ပန်းချီနဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ ရုပ်ရှင် ၃၀ ကျော် ပါဝင်တဲ့ ဒီစာအုပ်မှာ ကမ္ဘာပေါ်မှာ လူသိများ ထင်ရှားတဲ့ နိုင်ငံရေးသမား၊ လူထုခေါင်းဆောင်၊ ရုပ်ရှင်၊ ပန်းချီ၊ စာရေးဆရာ အနုပညာရှင်များ၊ သိပ္ပံပညာရှင်၊ အားကစားသမားများ သာမက ထူးခြားမှု ရှိတဲ့ သာမန်လူတွေ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ အကြောင်းကို ဖတ်ရှုရမှာပါ။ “ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ရုပ်ရှင် အကြောင်းသာမက သူတို့ သူတို့၏ တကယ့် အစစ်အမှန် ဘဝဇာတ်ကြောင်းများ ကိုပါ သိရှိခွင့်ရမယ် ဖြစ်ရာ စာဖတ်သူများ အနေဖြင့် ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း” လို့ ဆရာသစ္စာနီက ဆိုပါတယ်။ စံပယ် စာအုပ်တိုက်က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်ချိုမင်း (ကန ္တာရဝတီ)
စာအုပ်အမည် – သိမှတ်ကြစရာအတည်
အမျိုးအစား – အနုပညာ
ဆရာမောင်ချိုမင်း (ကန ္တာရဝတီ) ရဲ့ မဂ္ဂဇင်းဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ တစ်ခေတ်တခါက ကျော်ကြားခဲ့တဲ့ ကျိုက္ကဆံ မြင်း ပွဲကြီးများ အကြောင်း၊ ဗေဒင်ဆရာကြီးစန္ဒြ၏ ပညာစွမ်း၊ မျက်လှည့်၊ ဆပ်ကပ်၊ မြွေအလမ္ပာယ်ပညာရှင်များ အကြောင်း၊ ဆရာရွှေပြည်အေး၊ ဂီတလုလင် မောင်ကိုကိုနှင့် အခြား စန္ဒရား ပညာရှင်များ အကြောင်း၊ လူသန်ကြီးဖေအေး အကြောင်း၊ ဦးဆုံးရုပ်ရှင် အကယ်ဒမီဆုပေးပွဲ၊ ကိုးလုပ်ဇာတ်လမ်း အပါအဝင် ဆောင်းပါး ၄၃ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ “ငါ့သမီးတွေကို ဂျော်ကီနဲ့ မပေးစားဘူးဟေ့။ သူတို့ကို ယူရင် မသာဝယ်ယူတာနဲ့ အတူတူပဲ” လို့ အဲဒီခေတ် သမီးရှင်က ဆိုပါ သတဲ့။ စအက္ခရာစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ ။