တသက်လုံး သောက်လာတာ ဖြစ်ပေမယ့် လူ အတော်များများဟာ ရေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် မှန်မှန်ကန်ကန် မသောက်သုံးတတ်ကြဘူးလို့ ဆိုပါတယ်။ ရေကို မှန်မှန်ကန်ကန် သောက်သုံးခြင်းက သင့်ရဲ့ ကျန်းမာရေးကို အထောက် အကူပြုစေနိုင်တဲ့ အကြောင်း ပြောပြမှာပါ။
တကယ်လို့ သင်ဟာ အလွယ်တကူ မောပန်းနွမ်းနယ်တတ်တယ်၊ သင့် ကြွက်သားတွေ နာကျင်ကိုက်ခဲတာတွေ ခံစားရတယ် ဆိုရင်တော့ သင်ဟာ ရေလုံလောက်အောင် မသောက်သုံးတာကြောင့်ပဲ ဖြစ်တယ်။ တနေ့မှာ ရေ ဘယ်လောက်များ သောက်သင့်တယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။
သင့် ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းမှာ ရေဓာတ်ပါဝင်နေပြီး ရေဓာတ်က ခန္ဓာကိုယ် အတွင်း/ အပြင် အလုပ် လုပ်ဆောင်မှု အပိုင်းကို ကူညီထောက်ပံ့မှု ပေးနေသလို အသက်ရှင်သန်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်စီဂျင် စုပ်ယူခြင်းနှင့် ခန္ဓာကိုယ်တွင်း ကလီစာများ သန့်ရှင်း အတွက်လည်း ရေက မပါမဖြစ် မရှိမဖြစ်ပါ။
အစာကြေစေသည်
ရေက အစာကြေစေဖို့ ကူညီပေးပါတယ်။ တကယ်လို့ သင်ဟာ ရေသောက်တာ နည်းနေမယ်၊ အရည်ရွှမ်းတဲ့ အသီးအနှံစားတာ နည်းမယ်၊ ဟင်းရည်သောက်မပါဘဲ စားသောက်မယ် ဆိုရင်တော့ သင့် အတွက် ပထမဆုံး ဖြစ်စေနိုင်တာက ဝမ်းချုပ်ခြင်းပဲ။ အဲဒီလို ဝမ်းချုပ်မယ်၊ ဝမ်းတလုံး မကောင်းဘူး ဆိုရင် တခြား ရောဂါတွေလည်း ဆက်စပ်တွဲကပ် ဝင်လာမှာ သေချာပါတယ်။
သွေးလှည့်ပတ်မှုကို အားပေးသည်
တကယ်လို့ သင့် သွေးထဲမှာ ရေဓာတ်နည်းပါး နေပြီ ဆိုရင် သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေဓာတ်နည်းတဲ့ သွေးပျစ်တတ်ပါတယ်။ ပျစ်နေတဲ့ သွေးဟာ ခန္ဓာကိုယ် သွေးလွှတ်ကြော သွေပြန်ကြောတွေ ကနေ စီးဆင်းလည်ပတ်ဖို့ ခက်ခဲစေနိုင်ပါတယ်။ အဲဒီလို ဖြစ်နေရင် သွေးလှည့်ပတ်ဖို့ နှလုံးက အလုပ်တွေ အများကြီး ပိုလုပ်ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာရော သွေးထဲမှာရော ရေဓာတ် မနည်းအောင် ရေကို သောက်သုံးဖို့ လိုပါတယ်။
ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးသည်
ရေသောက်ခြင်းက သင့်ခန္ဓာကိုယ် အပူချိန် ထိန်းညှိပေးပါတယ်။ ကိုယ်လက် လှုပ်ရှား အားကစားလုပ်တဲ့ အခါမှာ၊ ဒါမှဟုတ် နေပူထဲမှာ အလုပ် လုပ်မယ် ဆိုပါတော့ သင့်ခန္ဓာကိုယ်က ချွေးထွက်ပြီး ရေဓာတ် နည်းပါး ခန်းခြောက်သွား စေပါတယ်။ ရေဓာတ် ခန်းခြောက်သွားတဲ့ အခါမှာ သင့် ခန္ဓာကိုယ်ဟာ အားကုန်အားပြတ် ခံစားရတတ်ပါတယ်။ ရာသီဥတု ပူနေတဲ့ အခါ သင့်ခန္ဓာကိုယ်ကို ရေက အေးစေအေင် ထိန်းညှိပေးပါတယ်။
အဆိပ်အတောက်တွေ ဖယ်ရှားပေးသည်
အမြင်သာဆုံးကတော့ သင့် စွန့်ပစ်လိုက်တဲ့ ဆီးတွေထဲမှာ ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးတာပါ။ ရေကို လုံလုံလောက်လောက် သောက်သုံးခြင်းအားဖြင့် သင့် ကျောက်ကပ်ရဲ့ အလုပ် လုပ်ဆောင်မှုကို အားပေး ကူညီပေးပါတယ်။ အထူးသဖြင့် ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အသည်းမှာ ကျောက်တည်တာတွေကို ရေသောက်ခြင်းက ဖယ်ရှားပြီး အကာအကွယ် ပေးပါတယ်။
တနေ့ကို ရေဘယ်လောက်များ သောက်သင့်သလဲ
ဆေးပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ အရ လူတယောက်ဟာ ပျမ်းမျှ အားဖြင့် တနေ့ကို ရေ ၈ အောင်စ သို့မဟုတ် ၁ ဒသမ ၉ လီတာ သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သောက်သုံးသူနဲ့ ရာသီဥတု အပေါ် မူတည်ပြီး ကွဲပြားတာလည်း ရှိနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့သူတွေက ရေကို ပုံမှန် သောက်သုံးတာထက် ပိုမိုသောက်သုံးဖို့ လိုပါတယ်။ ပြီးတော့ နို့တိုက်မိခင်တွေ အနေနဲ့ ၂ ဒသမ ၃ လီတာ ကနေ ၃ ဒသမ ၁ လီတာလောက် အထိ သောက်သုံးသင့်ပါတယ်။
www.mayoclinic.org