နပန်းပွဲတွေကို လူတွေ စိတ်လှုပ်ရှား ရင်ခုန်စွာ ကြည့်လေ့ရှိပါတယ်။ နပန်းသမားတွေလည်း လူသိများ လူကြိုက်များ တာတွေ ရှိပါတယ်။ လက်ရှိ နာမည်ကြီးနေတဲ့ The Rock, Stone Cold, Triple H, John Cena, Randy Orton တို့လို နာမည်ကျော် နပန်းသမားတိုင်း ရုပ်ရှင်းကားတွေ ရိုက်ဖူးကြပေမယ့် အများစုက တကား နှစ်ကားလောက်ပါပဲ။
ဒါပေမယ့် အဲဒီလို နပန်းသမား ရာချီပြီး ရှိတဲ့ အထဲက ရုပ်ရှင်သရုပ်ဆောင်ဘက် ဝင်ရောက်ပြီး အအောင်မြင်ဆုံး ဖြစ်လာသူကတော့ တယောက်တည်းလို့ ပြောရမယ့် အနေအထားပါ။ သူက The Rock လို့ လူသိများတဲ့ Dwayne Johnson ပါပဲ။ ဘာကြောင့် The Rock ကို အောင်မြင်တယ် လို့ ပြောရတာလဲ ဆိုတော့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေ လက်ချိုး မရေနိုင်လောက်အောင် များလာသလို နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ကား များစွာလည်း ရှိနေလို့ပါပဲ။
ပြီးတော့ နာမည်ကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ၂၀၁၆ ခုနှစ် အတွင်း ဝင်ငွေ အကောင်းဆုံး ဟောလီဝုဒ် မင်းသား ဖြစ်လာခဲ့တယ် လေ။ ဟုတ်ပါပြီ၊ အခု ကျွန်တော်တို့ သူ့ အကြောင်း နည်းနည်း ကြည့်ရအောင်ပါ။ သူ့ပုံစံ၊ သူ့ ဘ၀ အကြောင်း ပြောပြချင်ပါတယ်။
The Rock ကို ၁၉၇၂ ခုနှစ် မေလ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားက ဟေးဝဒ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖိုး ဖြစ်သူ Peter Maivai က Samoan နပန်းသမား တဦး ဖြစ်သလို သူ့ အဖေဖြစ်တဲ့ Soul Man လို့ လူသိများတဲ့ Rocky Johnson ကလည်း ပထမဆုံး အာဖရိက လူမျိုး တွဲဖက် နပန်းသမားနဲ့ အတွဲလိုက် ချန်ပီယံ (Tag Team Champions) ကို ရခဲ့သူပါ။
ဒါပေမယ့် The Rock က အရွယ်ရောက်တာနဲ့ နပန်း ကစားခဲ့သူ မဟုတ်ပါဘူး။ သူက အမေရိကန် ဘောလုံးကို ဝါသနာ ပါပြီး ကစားသမား ဘဝကို သူ ကျောင်းသားဘ၀ အထက်တန်းမှာ စတင်ခဲ့ပါတယ်။ ကောလိပ်ရောက်တော့ Miami Hurricanes ဆိုတဲ့ အသင်းမှာ ဝင်ကစားပါတယ်။
စုစုပေါင်း ၃၉ ပွဲ ကစားခဲ့ပြီး Tackle လို့ ဆိုတဲ့ အမေရိကန် ဘောလုံး ကစားနည်းမှာ အဓိက ကျတဲ့ တဖက်အသင်းရဲ့ ဘောလုံး သယ်ဆောင်လာမှုကို ထိန်းချုပ် ဟန့်တားနိုင်မှု ၇၇ ကြိမ် ရှိခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ဘောလုံး ကစားချိန် ၁၉၉၁ ခုနှစ်မှာ သူက ပြည်နယ် ကိုယ်စားပြု အသင်းမှာလည်း ပါဝင်ခွင့် ရခဲ့သူပါ။
ဘောလုံး ကစားနေရင်း မီယာမီ တက္ကသိုလ် တက်နေစဉ်မှာ The Rock လည်း ချစ်သူ ရခဲ့ပါတယ်။ ပထမ ဇနီးလို့ ဆိုနိုင်မယ့် Dany Garcia ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၁၀ နှစ်ကြာ လက်တွဲပြီး လမ်းခွဲခဲ့ကြသလို အခုချိန်ထိ အလုပ်တွေ ပူးပေါင်း လုပ်ကိုင်ရင်း ၁၁ နှစ် သမီးလေး Simone Johnson ကို အတူတူ ပြုစုပျိုးထောင်နေတာ တွေ့ရ ပါတယ်။
ဒီလိုနဲ့ ဘောလုံး ကစားရင်း ပခုံးနဲ့ နောက်ကျောမှာ ပြင်းထန်းတဲ့ ဒဏ်ရာရခဲ့လို့ The Rock တစ်ယောက် ဘောလုံး ဆက်ကစားလို့ မရတော့တဲ့ ဘ၀ ရောက်ခဲ့ပါတယ်။ NFL မှာ ကစားခွင့် မရနိုင်တော့တဲ့ The Rock ကလည်း ဘောလုံး ဝါသနာကြီးသူမို့ ကနေဒါ ဘောလုံးလိဂ်မှာ တပတ်ကို ဒေါ်လာ ၂၅၀ နဲ့ ဝင်ကစားပါတယ်။ ဒါပေမယ့် ဘဝရပ်တည်ရေး အတွက်ရော ဒဏ်ရာကြောင့်ပါ အောင်မြင်မှု မရခဲ့လို့ နောက်ဆုံး သူ ဘောလုံး ကစားတာကို အချိန်တို အတွင်းမှာ ရပ်နားလိုက်ပါတယ်။
ဘောလုံး ကစားခြင်းကနေ အနားယူလိုက်ပြီး သူက မိသားစုရဲ့ ကျွမ်းကျင်ရာ နပန်းလိုင်းကို ကူးလာပါတယ်။ (World Wrestling Entertainment – WWE) ရဲ့ အပျော်တမ်း အဆင့်မှာ စ ကစားတယ်၊ ၁၉၉၆ ခုနှစ် Survivor Series မှာ TV ပေါ် ပထမဆုံး ဖော်ပြ တင်ဆက်ခြင်း ခံလာရတယ်။ အရင်ဆုံး သူ့ နပန်းသမား ဘ၀ နာမည် အဖြစ် Rocky Maivai ဆိုပြီး ဖခင်နဲ့ အဖိုး နာမည် နှစ်ခုကို ပေါင်းပြီး ခေါ်လိုက်တာပေါ့။
WWE သမိုင်းမှာ အကောင်းဆုံး တတိယ မျိုးဆက် နပန်းသမား အဖြစ် မှတ်တမ်းတင်ခံရတယ်၊ The People’s Elbow နဲ့ The Rock Bottom လို လူကြိုက်များတဲ့ ပွဲသိမ်း ကစားကွက်တွေနဲ့ ပရိတ်သတ် အခိုင်အမာ ရလာခဲ့ပါတယ်။ Heavyweight ခါးပတ်ကို ၆ ကြိမ်နဲ့ အတွဲလိုက် Tag Team ခါးပတ် ၅ ကြိမ် ရခဲ့ပါတယ်။
ဒီလို နပန်းလောကမှာ အောင်မြင်ကျော်ကြားမှုက ဟောလီးဝုဒ်ရဲ့ စက်ကွင်းထဲကို The Rock ကို ရောက်လာစေခဲ့ပါ တယ်။ အရင်ဆုံး နယူးယောက်မြို့ အကြောင်း တင်ဆက်တဲ့ Saturday Night Live အစီအစဉ်မှာ ပါဝင် တင်ဆက်ခွင့် ရခဲ့တာပါ။
ဒါပေမယ့် ရုပ်သံလိုင်းမှာ ပါဝင်ခွင့် ရရုံနဲ့ သရုပ်ဆောင်လိုင်းဘက် လုံး၀ မကူးသေးဘဲ The Rock ဟာ နပန်းနဲ့ရော ရုပ်သံဘက်မှာပါ အကောင်းဆုံး ကြိုးစား ရပ်တည်နေခဲ့ပါသေးတယ်။ နာမည်ကျော် The Scorpion King လို ရုပ်ရှင်မှာ ဇာတ်ဆောင် မင်းသား နေရာရတယ်။ အဲဒီအချိန်က နာမည်ကျော် မင်းသားတွေတောင်မှ မရခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၅ ဒသမ ၅ သန်းရခဲ့တယ်။ အဲဒီအပြင် The Mummy Returns မှာ အခန်းတိုလေးပဲ ပါခွင့်ရပေမယ့် လူသိများခဲ့တယ်။
ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ ဇာတ်ကြမ်းကား တကား ဖြစ်တဲ့ The Rundown ထွက်လာတယ်။ ဒီဇာတ်ကားနဲ့ပဲ The Rock ဟာ စွယ်စုံရ ဇာတ်ကြမ်းမင်းသား ဆိုတာ ပရိတ်သတ်က လက်ခံလာခဲ့တာပါ။ အဆိုပါ ဇာတ်ကား အစမှာ နာမည်ကြီး အာနိုးလည်း တခန်းပါရှိပေးခဲ့သလို အာနိုးက အဆိုပါ ဇာတ်ကားနဲ့ ပတ်သတ်ပြီး အင်တာဗျုးမှာ The Rock အနေနဲ့ အခွင့်အလမ်းကောင်း ရသွားစေတဲ့ ဇာတ်ကားလို့ မှတ်ချက်ပြုသလို အက်ရှင်မင်းသား အဖြစ် အောင်မြင်မှုတွေ အများကြီး ရဦးမယ့် မင်းသားတလက် လို့ ဆိုခဲ့တာပါ။
ရုပ်ရှင်ဘက်မှာ အောင်မြင်မှု များလာခဲ့တော့ ရလဒ် အနေနဲ့ ကြိုးဝိုင်းဘက်မှာ ထိုးပွဲ နည်းလာခဲ့ပါတယ်။ နပန်းပွဲတွေမှာ မြင်ရနည်းလာတဲ့ The Rock က ရုပ်ရှင်ဘက်မှာ ပိုမို အားထည့်လာပြီး ၂၀၀၇ ခုနှစ်မှာ The Game Plan နဲ့ ၂၀၁၀ ခုနှစ်မှာ The Other Guys တွေ ထွက်ရှိခဲ့ပါတယ်။
“ဇာတ်ကား တကား ရိုက်ကူးပြီး၊ ပြသပြီးတိုင်း ကျနော့်မှာ အခွင့်အလမ်းတွေ ပိုများလာတယ် လို့ ခံစားမိတယ်လို့” The Rock က ပြောပါတယ်။ ဇာတ်ကားတိုင်းမှာ အကြမ်းရော ဟာသတွေပါ ပေးရင်း ပရိတ်သတ်တွေ ပိုမို များလာစေခဲ့တာ ပါ။ နောက်တော့ တကားချင်း ရုပ်ရှင်တွေ အပြင် ဇာတ်လမ်းတွဲ Fast and Furious မှာလည်း ပါဝင်ခွင့် ရလာခဲ့ပါ တယ်။ Fast Five မှာ စပြီး ပါဝင်ခွင့် ရခဲ့တာပါ။ ဒီလို Fast Fiveမှာ ပါဝင်ခွင့် ရခဲ့တာက နာမည်ကျော် ရုပ်ရှင် ဖြန့်ချိ ကုမ္ပဏီ Universal နဲ့ ချိတ်ဆက်ခွင့် ရခဲ့တာပါပဲ။ အဆိုပါ Fast Five က ကမ္ဘာနဲ့ အဝှမ်း ဒေါ်လာ ၆၇၆ သန်း ဝင်ငွေ ရစေခဲ့ပါတယ်။
၂၀၁၃ ခုနှစ် Fast Six မှာလည်း ဆက်ပါခဲ့ရတယ်။ ပြီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ Fast 7 မှာရောပေါ့။ အဆိုပါ ဇာတ်ကား ၂ ကားကလည်း ဝင်ငွေ ၁ ဒသမ ၅ ဘီလီယံလောက် ရခဲ့ပါတယ်။ Fast and Furious လို ဇာတ်လမ်းတွဲတင် မဟုတ်ပဲ G.I Joe: Retalation နဲ့ Journey 2: The Mysterious Island တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းတွဲ တွေထဲမှာ ပါဝင် အောင်မြင်မှုတွေ အပြင် သူ့ရဲ့ ပုံမှန် ဇာတ်ကောင် စရိုက်နဲ့ လုံး၀ ကွဲပြားတဲ့ ဇာတ်ကား တစ်ကား ဖြစ်တဲ့ ၂၀၁၃ ခုနှစ်ထွက် Pain and Gain မှာလည်း မင်းသား Mark Wahlberg နဲ့ တွဲဖက် ပါဝင်ခဲ့ပါတယ်။
အဆိုပါ ဇာတ်ကား အတွက် မင်းသား ၂ ယောက်ဟာ အလေးချိန် ၁၂ ပေါင်ကနေ ၁၅ ပေါင်ထိအောင် တိုးဖို့ လေ့ကျင့် စားသုံးခဲ့ရပြီး Mark ဆိုရင် တနေ့ကို အသားဟင်း ၁၇ မျိုးထိအောင် စားပြီး ကျင့်ခဲ့ရတယ် လို့ ဆိုပါတယ်။ The Rock ကြွက်သားတွေကတော့ နပန်းသမား ပီပီ အလွန်ပဲ ကြည့်ကောင်းခဲ့သလို Muscle and Fitness မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ သူက နေ့စဉ် အသားဟင်း ၇ မျိုး စားသုံးတယ်လို့ ဖြေခဲ့တာ တွေ့ရသလို အဲဒီဟင်းတွေထဲက လေးမျိုးမှာ ငါးကြီးဆီထုတ်ယူတဲ့ Cod ငါး ပါရှိတယ် လို့ ဆိုပါတယ်။
ရုပ်ရှင် သရုပ်ဆောင်အဖြစ် အောင်မြင်နေသည့်တိုင် The Rock ဟာ နပန်းလောကကိုလည်း ခဏတာ ခြေပြန်ချခဲ့တာ တွေ့ရ ပါသေးတယ်။ သူက ငွေကြောင့် ပြန်လာတာ မဟုတ်ပါဘဲ ဒီလို နပန်းသမား ဘဝကို နှစ်သက်တာကြောင့် လို့ ဆိုပါတယ်။
ဒီလိုနဲ့ နပန်းသတ်ရင်း စီးပွားလည်း ဖြစ်ခဲ့တာပဲလေ လို့ ပြောပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာတော့ The Rock ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်သစ် San Andreas ထွက်ရှိလာပါတယ်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘေးအန္တရာယ် ဇာတ်လမ်း ဖြစ်လို့ လူကြိုက် မများဘူး ထင်ခဲ့ရပေမယ့် ဝင်ငွေ ဒေါ်လာ သန်း ၅၆၀ ကျော်လောက် ရခဲ့တာ တွေ့ရ ပါတယ်။ ရုပ်သံလိုင်း တခုဖြစ်တဲ့ HBO ရဲ့ Ballers အစီအစဉ်မှာလည်း ပါဝင်တင်ဆက်နေသေးတယ်။
၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကား Central Intelligence မှာလည်း မင်းသား Kevin Hart နဲ့ တွဲဖက်ပြီး ဟာသ သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တနှစ်လုံးမှာ ဝင်ငွေ သိန်း ၁၁၀ ရခဲ့ပြီး ဝင်ငွေ အကောင်းဆုံး ဟောလီးဝုဒ် မင်းသား ဖြစ်လာခဲ့တာပါ။
ဒီလို ဝင်ငွေတွေက အထက်မှာ ပြောခဲ့တဲ့ ဇာတ်ကားတွေမှာ ပါဝင်မှု အပြင် Moana ဆိုတဲ့ Disney ရဲ့ နာမည်ကျော် Animation ဇာတ်ကားမှာ Maui အဖြစ် အသံ သရုပ်ဆောင် ပေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ Fast and Furious ရဲ့ နောက်ဆုံးထွက်ရှိမယ့် ဇာတ်ကား The Fate of the Furious မှာလည်း ပါရှိဦးမှာပါ။ Baywatch ဆိုတဲ့ ဇာတ်ကား မှာလည်း မင်းသား Zac Efron နဲ့ တွဲဖက်ပြီး ပါဝင်မှာ ဖြစ်သလို ဒီကားက လာမယ့် မေ ၂၆ မှာ ပြသမှာပါ။
ပြီးတော့ လာမယ့် ဒီဇင်ဘာ ၂၀ မှာ Jamanji: Welcome to the Jungle ကိုလည်း စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် ကြိုးဝိုင်းကို ချစ်ပါတဲ့ ဆိုတဲ့ The Rock ကို ၂၀၁၈ ခုနှစ်ထဲမှာ WWE ပွဲစဉ်တွေ အတွင်း မြင်တွေ့ရဖို့လည်း ရှိနေသေး တာတွေက အခုနှစ် အတွက်လည်း ဝင်ငွေ အကောင်းဆုံး ဖြစ်လာဦးမှာလား စောင့်ကြည့်ရမှာပါ။
San Andreas 2 နဲ့ Journey 3: From the earth to the moon လည်း ရိုက်ကူးနေတယ် လို့ သိရသလို စွမ်းအားရှင် ဇာတ်လမ်းတွေထဲ ကိုလည်း Black Adam အဖြစ် Shazam ထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ရောက်လာနိုင်ပါသေးတယ်။ လူကောင်ကြီးပြီး၊ သန်သလောက် မြန် သလို အနားမနေဘဲ အလုပ်တွေပဲ လုပ်ရင်းပျော်နေတဲ့ နပန်းမင်းသားကြီး ဆိုရမှာပါပဲ။
Ref: www.businessinsider
com www.forbes.com