အလုပ်အင်တာဗျုး တခုမှာ မေးခွန်း မေးမြန်း စစ်ဆေးမယ့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တခုရဲ့ တာဝန်ရှိသူဟာ မေးခွန်းတွေ မေးမြန်းနိုင်သူ၊ စစ်ဆေးနိုင်သူ၊ စိတ်ကြိုက် အမှတ်ပေးနိုင်သူ၊ ဆုံးဖြတ်ချက် ချမယ့်သူ ဖြစ်ပေမယ့် အချို့သော မေးခွန်းမျိုးတွေကိုတော့ လာရောက်လျှောက်ထားသူတွေကို မမေးသင့်တာ တွေ ရှိပါတယ်။
ဒါက မှန်ကန်တဲ့ လုပ်ငန်းခွင် စည်းကမ်းတခု ဖြစ်ပြီး သင့်ရဲ့ စည်းစနစ်ရှိမှုကို အများက မြင်စေနိုင်မယ့် အချက်လည်း ဖြစ်ပါတယ်။ ဒီတော့ သင်က တာဝန်ခံ တဦးဖြစ်နေလင့်ကစား အင်တာဗျူး တခုမှာ မမေးသင့်တဲ့ မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။
(၁) အိမ်ထောင်ရှိသလား
သာသာရေး ယုံကြည်မှုကြောင့် ဖြစ်စေ၊ အကြောင်းရင်း တခုခုကြောင့် ဖြစ်စေ အချို့က ဒီမေးခွန်းကို မဖြေချင်ကြပါဘူး။ အိမ်ထောင် ရှိနေလျက်နဲ့ လူပျို၊ အပျို လျှောက်ထားရမယ့် အလုပ် တခုကို လိုအပ်ချက်ကြောင့် လာရောက် လျှောက်ထားသူက လိမ်လည် လျှောက်ထားတာ မှန်ပေမယ့် မိမိက သူ့ရဲ့ ကိုယ်ရေးအချက်ထဲက ဖြည့်စွက်ချက် အတိုင်းပဲ မှတ်သားထားရှိပါ။ နှုတ်နဲ့ ထပ် မမေးပါနဲ့။ တဖက်သားကို စိတ်ဖိအား ပေးမိသလို ဖြစ်သွားတတ်ပါတယ်။
အိမ်ထောင်ရှိသလား ဆိုတဲ့ မေးခွန်းအစား – မင်းရဲ့ မိသားစုရေးမှာ အခု လုပ်ဆောင်ရမယ့် တာဝန်ကို ထိခိုက်စေနိုင်မယ့် သူများ ရှိသလား ဆိုတာမျိုး အစားထိုး မေးသင့်ပါတယ်။
(၂) အသက် ဘယ်လောက်လဲ
အသက်အရွယ် ဖုံးကွယ်ပြီး အလုပ် လျှောက်ထားမှု အများစု တွေ့ရနိုင်ပါ တယ်။ အလုပ် လိုအပ်ချက်ကြောင့် အသက်အရွယ်ကို မဖြစ်-ဖြစ်တဲ့ နည်းနဲ့ ဖုံးကွယ်လျှောက်ထားမှုတွေ တွေ့လာရ နိုင်ပါတယ်။ ဒီ အတွက် ကိုယ်ရေးအချက်ထဲက အသက်နဲ့ မျက်မြင်အသက် ကွာခြားချက် ရှိနေတယ် ဆိုတောင်မှ မင်းအသက် ဘယ်လောက်လဲ လို့ မမေးပါနဲ့။ စိတ်ဖိအားနဲ့ အတူ စိတ်ဓာတ်ကျသွား စေတတ်ပါ တယ်။
အသက် ဘယ်လောက်လဲ မေးခွန်းအစား ၁၈နှစ်ပြည့်ပြီးပြီလား၊ အခုတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင် နိုင်ဖို့ လုံလောက်တဲ့ အသက်နဲ့ အတွေ့အကြုံမင်းမှာ ရှိထားပြီး ဖြစ်တယ်လို့ ယုံကြည်သလား ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။
(၃) ကလေးရှိသလား၊ ကလေးယူဖို့ ရှိသလား
ဒီအချက်ကလည်း တဖက်သားရဲ့ အရေးကို ဝင်ရောက် စွက်ဖက်ရာရောက်သလို အလုပ် လာလျှောက်သူ ဆီကနေ ဖုံးကွယ် လိမ်ညာမှု တခုခုကို မဖြစ်-ဖြစ်အောင် လုပ်လိုက်သလို ဖြစ်စေပါတယ်။ အလုပ် လိုအပ်နေသူ ကတော့ ကလေးရှိသည့်တိုင် အောင်၊ ယူဖို့ အစီအစဉ် ရှိသည့်တိုင်အောင် အလုပ် မခန့်မှာ စိုးရိမ်တဲ့ အတွက် မရှိဘူး လို့ လိမ်ညာလာနိုင်ပါတယ်။
ဒီအတွက် ကလေးရှိလား၊ ကလေးယူဖို့ ရှိသလား မေးခွန်း အစား မင်းပုံစံက တက်ကြွနေပါ့လား၊ ဒီအလုပ်ထဲမှာ အာရုံပြည့် ကြိုးစားမယ် ဆိုရင် အချိန်တို အတွင်း ရာထူးတက်လာနိုင်တာပဲ၊ ငယ်သေးပါတယ်၊ အလုပ်ကိုပဲ စိတ်ထဲ ထည့်ပြီး ကြိုးစားမယ် မဟုတ်လား၊ အိမ်ထောင်ရေး၊ မိသားစုရေးတွေ အလေးထားပုံ မရပါဘူး၊ ဟုတ်တယ် မဟုတ်လား ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။
(၄) အရင် အလုပ်မှာ ဖျားနာမှုရှိခဲ့ရင် မင်း ခွင့်ဘယ်လောက် ယူခဲ့သလဲ
ဒီမေးခွန်းက အမှန်ဆို မလိုအပ်တဲ့ မေးခွန်းမျိုးပါ။ တချို့က တိကျသေချာချင် တာကြောင့် အခုလို မေးခွန်းမျိုး မေးတတ် ပေမယ့် မမေးပါနဲ့။ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဘယ်လိုဖျားမယ်၊ ဘယ်လောက်ကြာမယ်၊ ဘယ်သူမှ ကြို မသိပါဘူး။ ဖြေဆိုသူကိုလည်း စိတ်ကျဉ်းကြပ်စေပါလိမ့်မယ်။
အဲဒီ မေးခွန်း အစား တကယ်လိ့ု အလုပ်မှာ လိုအပ်ချက် ရှိခဲ့ချိန် မင်းမှာလည်း ကျန်းမာရေး အခက်အခဲ ရှိခဲ့ပေမယ့် အဆင်ပြေအောင် တာဝန်ယူပေးနိုင်ဖို့ ရှိသလား ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။
(၅) အရင်အလုပ်မှာ၊ မကြာသေးခင်က ပြစ်ချက်တခုခု ကျူးလွန်ထားတာ ရှိသလား
ဒီတချက်က အလုပ် အင်တာဗျူး ပုံစံ မဟုတ်တော့ပဲ မှုခင်းစစ်ဆေးမှုလို ဖြစ်နေစေပါတယ်။ အရင်အလုပ်မှာ ဖြစ်တဲ့ အဖြစ်အပျက်တွေဟာ သင်နဲ့ မဆိုင်ပါဘူး။ လျှောက်ထားသူနဲ့ပဲ ဆိုင်ပါတယ်။ သူ့ရဲ့ အရည်အချင်းကိုပဲ ကြည့်ပါ။ သဘောကျရင် အလုပ်ခန့်ထားနိုင်ပြီး မဟုတ်ရင် ပယ်လိုက်နိုင်ပါတယ်။ အားနည်းချက် တခုခု ရှိနိုင်တဲ့ အလုပ်လျှောက်သူ အတွက် ဒီလို မေးခွန်းမျိုး မမေးသင့်ပါဘူး။
ဒီလို မေးခွန်းအစား မင်းမှာ အခု အလုပ်ကို ပြောင်းလုပ်ချင်လာတဲ့ အခြား အကြောင်း မရှိဘူးလား၊ အရင် အလုပ်နဲ့ စာရင် အခုအလုပ်က ဘယ်လို ပိုကောင်းမယ် ထင်လို့ ပြောင်းလျှောက်လာတာလဲ ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။
(၆) မင်းက ဘယ်ဘာသာဝင်လဲ
မမေးသင့်ဆုံး မေးခွန်းတခုပါပဲ။ ဖြေဆိုသူက ပြန်မဖြေခဲ့ဘူး ဆိုရင်တောင် သူ မမှားပါဘူး။ မေးမြန်းသူရဲ့ အမှားပါ။ လုပ်ငန်းခွင်မှာ ဘာသာရေး ခွဲခြားမှုလည်း မရှိရသလို မေးမြန်းချိန်မှာလည်း မမေးသင့်ပါဘူး။ အလုပ် လျှောက်ထားသူတိုင်းဟာ သူတို့ လုပ်ဆောင်ရမယ့် အလုပ်ကို လေ့လာပြီးမှ လျှောက်ထားကြတာ ဖြစ်လို့ မိမိပေးမယ့် အလုပ်နဲ့ သူ လုပ်နိုင်မယ့် အလုပ် အံမကျစရာ မရှိပါဘူး။
အဲဒီမေးခွန်းအစား အခု ရာထူးနဲ့ ပတ်သတ်ပြီး မင်းမှာ လူမှုရေးပိုင်းအရ အံမဝင်စရာ အချက် တခုခုများ ရှိနိုင်သလား ဆိုတာမျိုး အစားထိုး မေးသင့်ပါတယ်။
Ref: www.businessinsider.com