စာရေးသူ – မြဇင်
စာအုပ်အမည် – ကဗျာ့နရီနှင့် နိမိတ်ပုံ
အမျိုးအစား – ကဗျာ
ဆရာဇော်ဂျီရဲ့ “ရသစာပေနိဒါန်း” နဲ့ ဆရာမြဇင်ရဲ့ “ကဗျာနရီနဲ့နိမိတ်ပုံ”စာအုပ်တွေမပါဘဲ ခေတ်ပေါ်ကဗျာကို လေ့လာလို့ရမှာမဟုတ်ဘူးလို့ ဆရာမောင်စွမ်းရည်က ဆိုပါတယ်။ ကိုယ်တွေ့ပါတဲ့။ ဒီစာအုပ်မှာ မြန်မာကဗျာကို မြတ်နိုးတဲ့၊ မြန်မာကဗျာကို ကမ္ဘာကတန်ဖိုးထားစေချင်တဲ့ ဆရာမြဇင်ရဲ့ ဆောင်းပါး ၃၉ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါ တယ်။ ခေတ်ကို ကိုယ်စားပြုသော ခေတ်ပေါ်ကဗျာသည် ခေတ်၏အာရုံခံစားပုံတွင် အခြေတင်ရမည်။ ခေတ်၏ ခံစားပုံကို ဖော်ကျူးမည်။ “ကျွနု်ပ်တို့၏ခေတ်၌ ရေးသားဖွဲ့ဆိုအပ်သောကဗျာသည် ကျွနု်ပ်တို့၏ ခေတ်ပေါ်ခံစားပုံကို အခြေပြု၍ ခေတ်ပေါ်ခံစားပုံကို ဖော်ကျူးမှသာလျှင် ခေတ်ကိုကိုယ်စားပြုသော ခေတ်ပေါ်ကဗျာဖြစ်ပေမည်”လို့ ဆရာမြဇင်က ဆိုထားပါတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်ထုတ်ဝေစဉ်က ဆရာမြဇင်ရဲ့အမှာစာတွေနဲ့ တတိယအကြိမ်ထုတ်မှာပါဝင်လာတဲ့ ဆရာမောင်စွမ်းရည် ရဲ့အမှာစာတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်းဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ကျော်စွာမိုး
စာအုပ်အမည် – ပြည်သူတွေကို တောင်းပန်ရမယ်
အမျိုးအစား – နိုင်ငံရေး
သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၃ နှစ်ပြည့်ပါပြီ။ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းခဲ့တဲ့လူတွေက ပြည်သူတွေကိုတောင်းပန်ရမယ်လို့ ဆိုခဲ့ပါတယ်။ ဒီစာအုပ်မှာ ဧရာဝတီသတင်းဌာနက ပြည်တွင်း၊ ပြည်ပမှာပြုလုပ်ခဲ့တဲ့ အင်တာဗျူး ၁၆ ခုပါဝင်ပါတယ်။ ဟံသာဝတီဦးဝင်းတင်၊ ကိုဝဏ္ဏ၊ ဆရာတော်ဦးဇဝန၊ နှင်းပန်းအိမ်၊ ဦးလှဖူး၊ ကိုဝင်းချို၊ မခင်ဥမ္မာ၊ ဦးလှရွှေ၊ ကိုစောထွန်းထွန်း၊ မဝေနှင်းပွင့်သုန်၊ ဖဒိုမန်းရင်စိန်၊ ကိုမိုးဇော်ဦး၊ ကိုဘိုကြည်၊ ဒေါက်တာဇော်ဦး၊ ကိုမင်းကိုနိုင် စတဲ့ပုဂိ ္ဂ္ဂုလ်တွေရဲ့ ဖွင့်ဟချက်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဝင်ဒီလောရုံ၊ မသီတာ(စမ်းချောင်း)၊ ဖေမြင့်၊ နုနုရည်အင်းဝ၊ ပြည်သူ့အရေးဂျာနယ်တို့ရဲ့ စာအုပ်အပေါ် ရှုမြင်မှုတွေလည်းပါဝင်ပါတယ်။ စာနဒီစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ယိမ်းနွဲ့ပါး
စာအုပ်အမည် – ခါကာဘိုခရီးသည်
အမျိုးအစား – ခရီးသွား
ခါကာဘိုရာဇီရေခဲတောင်ကြီးက မြန်မာနိုင်ငံမှာသာမကဘဲ အရှေ့တောင်အာရှမှာပါ အလှဆုံးနဲ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်မှာ ဗိုလ်မှူးကြီးစောမြင့်ခေါင်းဆောင်တဲ့ ယိမ်းနွဲ့ပါးစစ်တံခွန်အဖွဲ့ဟာ ခါကာဘိုရာဇီတောင်ကြီးအကြောင်းကို ဒေသခံတွေဆီက စုံစမ်းခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ လမ်းပြမုဆိုးတွေ အကူအညီနဲ့ခရီးပြင်းနှင်ခဲ့ပြီး ခါကာဘိုရာဇီကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီစာအုပ်မှာ ကချင်ပြည်နယ်ရဲ့ဆီးနှင်းဒေသအလှတွေ၊ ခနီး္တရှမ်း၊ရဝမ်၊လီဆူး၊တိဗက်တိုင်းရင်းသား လူမျိုးစုတို့ ဓလေ့ထုံးစံတွေ၊ ကမ္ဘာ့ရှားပါး မြန်မာသစ်ခွတွေနဲ့ ခါကာဘိုခရီးသည်တွေရဲ့ အတွေ့အကြုံအဖုံဖုံကို မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။ “လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံသားထဲမှ ယိမ်းနွဲ့ပါးအဖွဲ့သည် တရားဝင် ပထမဆုံးတွေ့ရှိ၊ ရောက်ရှိတက်ရောက်ကာ ဖော်ထုတ်ပေးခဲ့သော အဖွဲ့ဖြစ်ချေသည်” လို့ မှတ်တမ်းတင်ထားပါတယ်။ နန်းဒေဝီစာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဓမ္မဃောသက ဦးမောင်မောင်
စာအုပ်အမည် – မြန်မာ့စီးပွားရေး ပုဂ္ဂိုလ်ကျော် တစ်ဆယ့်နှစ်ဦး
အမျိုးအစား – အတ္ထုပ္ပတ္တိ
ဆရာကြီး ဓမ္မဃောသက ဦးမောင်မောင်က ခေတ်လူငယ်တွေအတွက် မြန်မာ့စီးပွားရေးလူရည်ချွန်ကြီးတွေရဲ့အကြောင်းကို ပြုစုခဲ့ပါတယ်။ ဒီစာအုပ်မှာ မွန်သူဌေးကြီး ဦးနာအောက်၊ သူဌေးကြီး ဦးရွှေလှေး၊ ဆာဦးဘိုးသာ၊ ထားဝယ် ကူးသန်း ရောင်းဝယ်ရေး လီမိတက်၊ မျိုးချစ်ကုန်သည်ကြီး ဟင်္သာတဦးမြ၊ ပန်းကန်စက် ဦးသော်၊ ဗြိတိသျှဘားမား (သို့မဟုတ်) ဟံသာဝတီ ဦးညွန့်၊ ပဲရော့ဦးဆန်နီ၊ ငွေပန်းထိမ်လုပ်ငန်းပိုင်ရှင် ဦးညီလေး၊ ပီအောဦးထွန်းရင်၊ ဧကမ္ဘာဦးဧမောင်၊ လူပျံတော်ပတ္တမြားဦးမောင်မောင် စတဲ့ မြန်မာသူဌေးကြီး ၁၂ ဦးရဲ့အကြောင်းကို တိုတိုကျဉ်းကျဉ်းနဲ့ဖော်ပြထားပါတယ်။
“အလုပ်ရှင်နဲ့အလုပ်သမားဆိုတာ စီးပွားဖက်တွေပေါ့ဗျာ။ ဒီတော့ အလှူအတန်းကြီး တခုခုလုပ်ရင် သူ့ရဲ့ အလုပ်သမားတွေ အားလုံးကို ဖိတ်ပြီး ရေစက်ခွက်ကိုင် ရေစက်ချခိုင်းတယ်။ ဒီအလှူဟာ အလုပ်သမားတွေရဲ့ ကာယအား၊ ဉာဏအားနဲ့ ရတဲ့ပစ္စည်းတွေနဲ့ လှူတဲ့အလှူ၊ သူ့ငွေ သူ့ပစ္စည်းချည်းမဟုတ်ဘူး။ သူတို့နဲ့အတူ ရှာဖွေလုပ်ကိုင်ပြီး ရတဲ့အလှူ၊ ဒါကြောင့် ဒီအလှူဟာ အလုပ်သမားတွေနဲ့လည်း ဆိုင်တယ်ဆိုပြီး သူနဲ့အတူ ရေစက်ချခိုင်းခြင်းပဲ ခင်ဗျာ”လို့ သူဌေးကြီးတယောက်က ဆိုပါတယ်။ ပဉ္စဂံစာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။