မြန်မာနိုင်ငံ အနှံ့အပြားမှာ သဘာ၀ အလျောက် ပေါက်ရောက်နေတာ တွေ့နိုင်တဲ့ ခွေးလှေးယားပင်က ကျန်းမာရေး အတွက် တကယ်စွမ်းသလား ဆိုတာ တင်ပြပေး ပါမယ်။ အင်္ဂလိပ်လို Cowhage သို့မဟုတ် Mucuna pruriens လို့ ခေါ်တဲ့ ခွေးလှေးယားသီးမှာ အရိုင်းနဲ့ အယဉ် ဆိုပြီး ၂ မျိုး ရှိပြီး အယဉ်က ပိုပြီး ဆေးဘက်ဝင်ပါတယ်။
အခုလို နွေဦးကာလ တပိုတွဲ တပေါင်းလတွေမှာ အသီး သီးတတ်တဲ့ ခွေးလှေးယားသီးက ၂ လက်မ၊ ၃ လက်မ ရှည်ပြီး အဖျားဘက်က ကောက်နေပါတယ်။ ခွေးလှေးယားသီး တောင့် တတောင့်မှာ နီညိုရောင် ဘဲဥပုံ အစေ့ ၅ စေ့/ ၆ စေ့ခန့်ပါပြီး အစေ့အိမ်ဘေးမှာတော့ ယားယံစေတဲ့ အမွေးတွေ ရှိပါတယ်။ ခွေးလှေးယားပင်ရဲ့ အမြစ်၊ အစေ့၊ အသီး၊ အရွက်တွေကို ကျန်းမာရေး အတွက် လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
ခွေးလှေးယားမြစ်
သွေးဝမ်းကျရောဂါ အတွက် ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနဲ့ရောပြီး သောက်ပါက ပျောက်ကင်းစေသလို ကာလဝမ်းရောဂါ အတွက်လည်း ခွေးလှေးယားမြစ်ကို သုံးခွက်တခွက်တင် ပြုတ်ပြီး ပျားရည်နဲ့ သောက်ရင် ပျောက်ကင်း စေပါတယ်။
ရေဖျဉ်းရောဂါ ခံစားနေရသူတွေ အတွက် ခွေးလှေးယားမြစ်ကို ကြိတ်ပြီး ရေဖျဉ်းရှိနေတဲ့ ဝမ်းဗိုက်မှာ လိမ်းပေးခြင်း၊ ခြေဆစ်လက်ဆစ်တွေမှာ ခွေးလှေးယားမြစ် စည်းနှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါ ပျောက်စေပါတယ်။
လေရောဂါနဲ့ ခြေလက်သိမ်သော ရောဂါများ အတွက် ခွေးလှေးယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ပျောက်စေပါတယ်။ ဆင်ခြေထောက် ရောဂါအတွက် ခွေးလှေးယားမြစ်မှုန့်ကို ဆီနှင့် ရောပြီး လိမ်းပေးရင် ပျောက်ကင်း စေပါတယ်။
ခွေးလှေးယားစေ့မှုန့်
ဆီးချုပ်ပါက ခွေးလှေးယားစေ့မှုန့်ကို ရေနှင့်ရောသောက်ပါ။ သွေးအံ သွေးလျှံရောဂါ ဖြစ်ပါက ခွေးလှေးယားစေ့ အနုကို ကြော်ချက်စားရင် ပျောက်ကင်းစေနိုင်ပါတယ်။ ခွေးလှေယားစေ့ကို ထောပတ်နဲ့ ကြော်ချက်စားပါက လူကို ဝစေ၍ အားကို တိုးစေပြီး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါ ပျောက်ဆေးအဖြစ်လည်း သုံးနိုင်ပါတယ်။
ခွေးလှေယားစေ့ကို အမှုန့်လုပ်ပြီး နွားနို့နဲ့ သောက်ရင် သုက်အားကို အထူးပွားစေပါတယ်။ အမျိုးသမီးများ အတွက် နို့ထွက်စေပါတယ်။ ခွေးလှေယားစေ့မှုန့်၊ အမြစ်မှုန့်နဲ့ သကြားတို့ကို ဆတူရောပြီး နွားနို့နဲ့ နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေပါတယ်။
ခွေးလှေယားရွက်ကို ပြုတ်တို့ စားရင် သားသည် မိခင်များ နို့ထွက်များစေပြီး၊ သွေးအန်၊ သွေးကျရောဂါတွေကို ကာကွယ်နိုင်တဲ့ အပြင် ယောကျာ်းများ အတွက် ဒူလာပါဒရက်ရောဂါ ပျောက်စေပါတယ်။
“ခွေးလှေးယားသည် ချိုခါးသော အရသာ ရှိ၏၊ အေးသော ဂုဏ်သတ္တိရှိ၏၊ လေ၊ သည်းခြေကို နိုင်၏၊ အစေ့သည် သုက်ကို ပွားစေ၏၊ အားကို ဖြစ်စေ၏၊ ဝဖြိုးစေ၏၊ သန်ပိုးများကို နိုင်၏၊ အာရုံကြောများကို အားရှိစေ၏၊ အမြစ်သည် အကြောများကို အားရှိစေ၏၊ ဆီးရွှင်စေ၏၊ အစေ့အိမ်၌ ကပ်နေသော အမွေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင် သဖြင့် ထုံကျင်နေသော နေရာတို့၌ လိမ်းပေးရ၏” လို့ မြန်မာ ဆေးကျမ်းတွေမှာ ဖော်ပြထားပါတယ်။
Ref: emedicinehealth.com & healthline.com