Lifestyle

ဗိုလ်အောင်ဒင်နာမည်ပိုင်ရှင်ကို သီချင်းဖန်တီးသူက တောင်းပန်မည်

အဆိုတော်မနော သီဆိုထားသော ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်ဟာ ဆရာကြီး ရွှေဒုံးဘီအောင်ရဲ့စကားလုံး ဖြစ်နေတဲ့အတွက် ဂီတအစည်းအရုံးမှာ တိုင်ကြားခံခဲ့ရတာကြောင့် အဆိုပါသီချင်းကို ဖန်တီးသူ တေးရေးဆရာ သဟာအောင်က နိုင်ငံပိုင်သတင်းစာမှတဆင့် ကာယကံရှင်ရဲ့ မိသားစုကို တောင်းပန်မယ်လို့ သိရပါတယ်။

“ဗိုလ်အောင်ဒင် သီချင်းနဲ့ပတ်သက်လို့က နာမည်ပါထားတဲ့အတွက် တောင်းပန်တာပေါ့။ သတင်းစာထဲကိုထည့်ပြီး တောင်းပန်ပေးပါလို့ပြောပါတယ်။ သတင်းစာထဲကိုတော့ ဒီနေ့ထည့်ဖြစ်ပါမယ်။ ပါမှာကတော့ တပတ်လောက်တော့ ကြာမယ်လို့ပြောပါတယ်။ တခြားကတော့ ဆရာကြီးကို ကျနော်တို့ဘက်က တတ်နိုင်သလောက် ကန်တော့တယ်ပေါ့။ အဓိကကတော့ ဆရာကြီးရဲ့ဂုဏ်သိက္ခာအတွက်ပါ။ ငွေရေးကြေးရေးပိုင်းကတော့ ဘာမှမပြောပါဘူး။” လို့ တေးရေးဆရာသဟာအောင်က ပြောပါတယ်။

ဒီ သီချင်းနဲ့ပတ်သက်ပြီး ဂီတအစည်းအရုံးတွင် ဆရာကြီးရွှေဒုံးဘီအောင်ရဲ့ မြေးဖြစ်သူ မခင်သန့်စင်အောင်က ဧပြီလ ၅ ရက်နေ့က တိုင်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲတွင် တွေ့ရတဲ့ ဗိုလ်အောင်ဒင် တေးသီချင်း ဖန်တီးသူ သဟာအောင် (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

“ဗိုလ်အောင်ဒင်က ပထမကတော့ ဝတ္ထု၊ နောက်တော့ ရုပ်ရှင်ရိုက်လိုက်တာ မကြုံဖူးအောင်ကောင်းပြီး ပရိသတ်ကြိုက်သွားတာ။ ဒီနာမည်နဲ့ သီချင်းလုပ်ပြီးအောင်မြင်သွားတာ သဘောတွေကျနေတာ။ ရေးတဲ့သူကလည်း အရေးကောင်း၊ ဆိုတဲ့သူကလည်း အဆိုကောင်းဆိုတော့ အဲ့ဒီနောက်ပိုင်းမှာတော့ ဗိုလ်အောင်ဒင်ကို အသုံးချတာတွေ များလာတယ်။ အဲဒါနဲ့ ဂီတအစည်းအရုံးကို အကြောင်းကြားလိုက်တာ။ သူတို့ကလည်း မသိလို့သုံးစွဲမိတာပါ။ တောင်းပန်ပါတယ် ဆိုပြီးပြောပါတယ်။ ကြေးမှုံသတင်းစာထဲမှာလည်း တောင်းပန်စာ ထည့်မယ်လို့ပြောပါတယ်။ ကျေနပ်ပါတယ်” လို့ ဆရာကြီးရွှေဒုံးဘီအောင်ရဲ့ ချွေးမဖြစ်သူ ဒေါ်အေးပိုပိုက ပြောပါတယ်။

ဒီ ဗိုလ်အောင်ဒင်ဇာတ်ကားကိုတော့ ဆရာကြီးရွှေဒုံးဘီအောင်က ၁၉၃၈ တွင် ဝတ္ထုအဖြစ်ရေးသားခဲ့ပြီး ၁၉၃၉ တွင် ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဇာတ်ကားဟာ ယနေ့ထိတိုင် အောင်မြင်ကျော်ကြားနေတဲ့ ဇာတ်လမ်းတခုဖြစ်ပြီး ဇာတ်ကား သက်တမ်းကတော့ ၇၈ နှစ်ရှိပြီလို့ သိရပါတယ်။

Loading