ချင်းပြည်နယ်၏ အံ့သြလှပ ဘုံတလာရေတံခွန်
ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့သို့ သူစိမ်းတရံ ဧည့်သည်များရောက်ရှိလာသည်နှင့် မဖြစ်မနေသွား ရောက်လည်ပတ်ဖို့ ဒေသခံတို့ ညွှန်းဆိုသည့်နေရာကား ရေတံခွန်အဆင့် ၉ ဆင့်ဖြင့် လှပစွာ စီးဆင်းနေသည့် ဘုံတလာ ရေတံခွန် ဖြစ်လေသည်။
မတူပီမြို့သို့ရောက်ရှိသည့်ဧည့်သည်များ မြို့ပေါ်တွင် သွားလာရင်း တောင်ကုန်းမြင့်များပေါ်ရောက်ရှိချိန်၌ မတူပီမြို့ရဲ့ မြောက်ဘက်ရှိ ဖြူလွှလွှ ရေများကျဆင်းနေသည့် ဘုံတလာရေတံခွန်ကို ဒေသခံတို့က ဂုဏ်ယူစွာဖြင့် ညွှန်ပြလေ့ရှိ သည်။
ဒေသခံတို့ ညွှန်ပြရာသို့ ကြည့်လိုက်မိသည့် ဧည့်သည်တိုင်း “အိုး လှလိုက်တာ”ဟူသည့် အာမေဋိတ်သံ ရေရွတ်မိကြသည်။ အဘယ့်ကြောင့်ဆိုသော် တောတောင်အထပ်ထပ်ကြားထဲတွင် အသွင်သွင်စီးကျနေသည့် ဘုံတလာရေတံခွန်၏သွင်ပြင် က သာယာလှပမှုအပြင် ထူးခြားအံ့သြဖွယ်ရာတို့ပါ ပေါင်းစပ်နေ၍ ဖြစ်သည်။
ချင်းပြည်နယ်တွင် နာမည်ကျော်ကြားသည့် ဘုံတလာရေတံခွန်မှာ မင်းတပ်ခရိုင်၊ မတူပီမြို့ အရှေ့တောင်ဘက် ၁၄ မိုင် အကွာ ထီစောင်းကျေးရွာအနီးတွင် တည်ရှိသည်။ ရေတံခွန်မှ ရေတဘုံးဘုံးကျသည့်အသံကို အစွဲပြု၍ ချင်းဘာသာစကား ဖြင့် ဘုံတလာရေတံခွန်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ လေးမြို့မြစ်၏ မြစ်ဖျားခံရာဖြစ်သည့် ဘုံတလာရေတံခွန်မှာအမြင့်ပေ ၄၂၀၀ ကျော်ရှိသည့်တောင်ပေါ်မှ စီးကျနေခြင်းဖြစ်ပြီး ရေတံခွန်၏အလျားအရှည်သည်ပင် ပေ ၃၀၀၀ ခန့်ရှိကြောင်း သိရ သည်။
မတူပီမြို့ပေါ်ကနေကြည့်လျှင် ရေတံခွန်အဆင့် ၃ ဆင့်ကို မြင်တွေ့နိုင်ပြီး ထိုမြင်ကွင်းကပင် သဘာဝအလှတရား နှစ်သက် မြတ်နိုးသူတို့ကို ဘုံတလာသို့ လာလည်ဖို့ ဖိတ်ခေါ်နေသလို ဖြစ်နေသည်။
“မတူပီမြိုကပေါ်ကနေ ဘုံတလာရေတံခွန်ကိုလှမ်းမြင်ရတဲ့မြင်ကွင်းကအရမ်းရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ရေတံ ခွန် ၃ ဆင့်ကို မြင်နေရပြီး အခုချက်ခြင်းကို အဲဒီ ဘုံတလာရေတံခွန်ဆီ ထသွားချင်စိတ် ဖြစ်တဲ့အထိကို ဆွဲဆောင်နိုင် တယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ မတူပီမြို့သို့ လာရောက်လည်ပတ်သည့် ကိုလင်းသစ်က ပြောပြသည်။
မတူပီမြို့မှ ဘုံတလာရေတံခွန်သို့ သွားမည်ဆိုပါက မတူပီမြို့ရှိဆိုင်ကယ်ကယ်ရီများ ငှားရမ်း၍ သွားရောက်ခြင်းက အသင့် တော်ဆုံးဖြစ်သည်။ ကားဖြင့်သွားပါက ရေတံခွန်နှင့် ၆ မိုင်ခန့် အကွာရှိဘုံလောင်ချောင်းတွင် ကားကူးရန် တံတားမရှိသည့် အတွက် ကားများထားပြီး ဆိုင်ကယ်ဖြင့်သာ ခရီးဆက်ရမည် ဖြစ်သည်။
မတူပီမှ ဘုံတလာသို့သွားရာလမ်းတွင် မှိုင်းညှို့ညှို့တောင်တန်းကြီးများ၊ တောင်တက်တောင်ဆင်းမြွေလိမ် မြွေကောက် လမ်းများ၊ ကွေ့ဝိုက်စီးဆင်းနေသည့် လေးမြို့ချောင်း၊ ချောင်းဘေးတဖက်တချက်ရှိ လှေကားထစ် တောင်ယာစိုက်ခင်းများ စီရရီရှိနေသည့်တောတောင်ရှုခင်းများကို မြင်တွေ့ခံစားနိုင်သလို ဘုံတလာရေတံခွန်မှ စီးဆင်းလာသည့်ရေကို ရေအား လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံကိုလည်း ဝင်ရောက်လေ့လာနိုင်သည်။
ဆိုင်ကယ်ဖြင့် ၁၀မိုင်ခန့်မောင်းနှင်လျှင် ထီစောင်းရွာကို ရောက်မည်ဖြစ်ပြီး ရွာကို ကျော်သည်နှင့် ဘုံတလာရေတံခွန်အပေါ် ဆင့်များကို ရှင်းလင်းစွာ မြင်နေရပြီဖြစ်သည်။ အဝေးမှ မှုန်ပျပျ မြင်နေရသည့်အခြေအနေမှ တောင်ကြောပေါ်မှ အဆင့် ဆင့်စီးကျနေသည့် ရေတံခွန်ကြီး၏ သွင်ပြင်ကို တဖြည်းဖြည်း နီးကပ်ထင်ရှားစွာ မြင်တွေ့လာရသည့်မြင်ကွင်းကလည်း ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းသည်။
ထီစောင်းရွာမှ ဆိုင်ကယ်ဖြင့် ၂ မိုင်ခန့် ဆက်လက်မောင်းနှင်ခဲ့လျှင် ဘုံတလာရေတံခွန်သို့သွားသည့် လူသွားတောလမ်း ကလေးကို ရောက်ရှိမည်ဖြစ်သည်။ လူသွားလမ်းကို ချဲ့ထွင်၍ ဘုံတလာရေတံခွန်အရောက် ကားလမ်းဖောက်လုပ်နိုင် သော် လည်းဒေသခံတို့က လက်မခံကြဘဲ ရေတံခွန်သို့ တောလမ်း၂မိုင်ခန့် လမ်းလျှောက်သွားနိုင်အောင် ဖန်တီးထား သည်။
“ဘုံတလာအထိ ကားလမ်းပေါက်ခဲ့ရင် ရေတံခွန်နားက သဘာဝပတ်ဝန်းကျင်တွေ သစ်ပင်သစ်တောတွေ ပြုန်းတီးမှာစိုးတဲ့ အတွက် ဒေသခံတွေ ကိုယ်တိုင်က လက်မခံကြတာပါ”ဟု မတူပီမြို့အခြေစိုက် မတူပီတိုင်မ်းသတင်းဌာနမှ အယ်ဒီတာ ဦး ခင်မောင်သိန်းက ရှင်းပြသည်။
ရေတံခွန်သို့သွားသည့် လူသွားလမ်းမှာ တောင်ကြောပေါ်တွင် ဖောက်လုပ်ထားသောလမ်းဖြစ်ပြီး အနိမ့်အမြင့် အတက် အဆင်းများစွာ မရှိဘဲ ခပ်ပြေပြေဖြောင့်ဖြောင့်သွားရသည်က များသည်။ မိတ်ဆွေ အပေါင်းအသင်းများ စကားတပြော ပြောဖြင့် တောရိပ်တောင်ရိပ်ကြားတွင် သက်တောင့်သက်သာသွားလာနိုင်သောလမ်းမျိုး ဖြစ်သည်။
လမ်းလျှောက်ပြီး ၁ မိုင်ခန့်ကျော်လာလျှင် ဘုံတလာရေတံခွန်ဆီမှ ရေတဘုံးဘုံးကျသံကို ကြားရပြီ ဖြစ်သည်။ ဘုံတလာ က သူ့ဆီ လာလည်သူတွေကို ရေတံခွန်အလှအပများမမြင်ရသေးမီ အသံဖြင့် ကလူကျီစယ်နေသလို ဖြစ်နေသည်။
ဘုံတလာကို ပထမဆုံးအကြိမ်လာရောက်သည့် လူငယ်အများစုမှာ ထိုသို့ ရေတဘုံးဘုံးကျသံကြားလျှင် ရေတံခွန်ကို တွေ့မြင်ချင်စိတ်များထိန်းမရတော့ဘဲ တောလမ်းကလေးဆုံးအောင် သူ့ထက်ငါ အပြေးအလွှား သွားကြလေ့ရှိသည်ဟု ဒေသခံတို့က ရှင်းပြသည်။
တောလမ်းကလေးအဆုံးမှာတော့ ပေ ၄၀၀၀ ကျော်မြင့်သည့် တောင်ထိပ်ဖျားဆီမှ လှေကားထစ်သဖွယ် တထစ်ချင်း တထစ်ချင်းစီးကျနေသည့် လှပအံ့သြဖွယ် ဘုံတလာရေတံခွန်ကို မြင်တွေ့မည်ဖြစ်သည်။
“အစကတော့ ကျနော်လည်းသိပ်မထင်ထားပါဘူး။ သာမာန်ရေတံခွန်လောက်ပဲထင်မိတာ။ တောထဲကနေ လမ်းလျှောက် သွားပြီး ဘုံတလာရေတံခွန်ကို ဘွားခနဲ မြင်လိုက်ရတဲ့အချိန်မှ တကယ့်ကို ရင်သပ်ရှုမောလောက်အောင်လှတဲ့ ရေတံခွန် ပါလားလို့ သဘောပေါက်သွားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ လာရောက်လည်ပတ်သူ ကိုမျိုးမင်းထွန်းက ပြောပြသည်။
တောလမ်းဆုံးလျှင် ဘုံတလာရေတံခွန် အောက်ခြေသို့ရောက်ရန် ပေ ၂၀၀ ကျော်ခန့် ဆင်ခြေလျောလမ်းအတိုင်း ဆင်း သွားရပြီး ဆင်ခြေလျောလမ်းအဆုံးမှာတော့ ကျောက်ဖျာ၊ ကျောက်လွှာများ၊ ဧရာမကျောက်တုံးကြီးများရှိနေသည့် ရေတံ ခွန်အောက်ဆုံးအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။
ရေတံခွန်အောက်ခြေတွင် ဘုံတလာ၏ ၈ ဆင့်နှင့် ၉ ဆင့်မြောက် ရေတံခွန်များရှိပြီး ရေတံခွန်ဘေးရှိ ဧရာမကျောက် ထရံ ကြီးများပေါ်တွင် စကောဝိုင်းခန့်အရွယ်ရှိ ပျားအုံ အမြောက်အမြားတွေ့ရသည်။ ထို့ပြင် ရေတံခွန် အထက်ဆင့်များတွင် နတ် ဆေးဂမုန်း၊ တောင်ဇလပ်၊ သရဖီ၊ ကသစ်နှင့် စွယ်တော်ပန်းများလည်းပေါက်ရောက်ကြောင်း၊ ရေတံခွန်တွင် အဆင့် ၉ ဆင့် ရှိသည့်အနက် ၅ ဆင့်အထိသာ လူတို့တက်ရောက်နိုင်ပြီး ထိပ်ပိုင်း၄ ဆင့်မှာ မတ်စောက်လွန်းသည့်အတွက် မည်သူမျှ တက်ရောက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတို့က ရှင်းပြသည်။
လာရောက်လည်ပတ်သူအများစုကတော့ ရေတံခွန်ရဲ့အောက်ဆုံး ၈ ဆင့်နဲ့ ၉ ဆင့်မြောက်ရေတံခွန်ကို ကြည့်ရင်း အလှ ဓာတ်ပုံရိုက်ကြသလို သဘာဝအတိုင်း တည်ရှိနေသည့် ကျောက်ထရံပေါ်က ပျားအုံကြီးတွေကို လေ့လာကြည့်ရှုကြသည်။
ထို့နောက် အေးမြနေသည့် ဘုံတလာရေကို ခပ်သောက်ပြီး ကျောက်ဖျာတွေပေါ်မှာ အမောဖြေအနားယူကြရင်း ဘုံတလာ အလှကို ခံစားငေးမောလေ့ ရှိကြသည်။
“ပြည်တွင်းမှာ ကျနော်ရောက်ဖူးတဲ့ တခြားရေတံခွန်တွေက တောင်ကြားထဲက စီးကျတာများတယ်။ ဘုံတလာက တောင် ကြီး ပေါ်ကနေ ရေတွေကျလာတာ။ အဲဒါက အရမ်းထူးခြားတယ်။ ဘုံတလာရေတံခွန်က မြန်မာပြည်မှာ ကျနော်တွေ့ဖူးသမျှ ထဲမှာ တော့ အလှဆုံးပဲ။ လာရောက်လည်ပတ်ရတာလည်း အရမ်းပျော်ဖို့ ကောင်းပါတယ်”ဟု ရန်ကုန်မြို့မှ လာရောက် လည်ပတ်သူ ကိုဇော်မင်းက ပြောပြသည်။
လာရောက်လည်ပတ်သူတို့အတွက် ဘုံတလာသည် ပျော်ရွှင်ကြည်နူးစရာအပန်းဖြေရာနေရာတခု ဖြစ်သော်လည်း ဒေသခံ ချင်းတိုင်းရင်းသားတို့အတွက်ကတော့ ဘုံတလာသည် အပန်းဖြေရာရေတံခွန် ဆိုသည်ထက် သူတို့အတွက် ဘုရားသခင် ဖန်ဆင်းပေးထားသည့် ဂုဏ်ယူဖွယ်ရာ အမျိုးသားအမွေအနှစ်အဖြစ် တန်ဖိုးထားကြသည်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း၊ ဟားခါး၊ တီးတိန်နှင့် တွန်းဇံနယ်သားများက အသည်းနှလုံးပုံ ရိဒ်ရေကန်ကို တန်ဖိုးထား ကြသလို ချင်းပြည်တောင်ပိုင်း မတူပီနှင့် မင်းတပ်နယ်သားများက ဘုံတလာရေတံခွန်ကို ဒေသဂုဏ်ဆောင် ရတနာတပါး အဖြစ် တန်ဖိုးထားကြသည်။ မတူပီမြို့ဆိုလျှင် မြို့တော်ခန်းမနာမည်ကိုပင် ဘုံတလာခန်းမအဖြစ် အမည်ပေးထားသည်။
ထိုသို့ လှပဆန်းကျယ်မှုများဖြင့် ထုံမွှမ်းထားသည့် ဘုံတလာရေတံခွန်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ၂၀၁၂ မတိုင်မီအစောပိုင်းနှစ်များအတွင်း နယ်မြေခံ ချင်းတိုင်းရင်းသားများနှင့် မင်းတပ်၊ မတူပီမြို့များတွင် တာဝန်ကျသည့် ဝန် ထမ်းများနှင့် ဧည့်သည်များလောက်သာ လည်ပတ်ခဲ့ကြသည်။
၂၀၁၃ ခုနှစ်မှစတင်၍ တစတစလူသိများလာခဲ့ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများမှ ပြည်တွင်းခရီးသွားများ ဘုံတ လာသို့ လာရောက်လည်ပတ်မှု တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်းမတူပီဒေသခံများကပြောပြသည်။
“ဘုံတလာကို တနှစ်ထက်တနှစ် လာလည်တဲ့လူတွေ များလာတယ်။ အဓိကတော့ ပြည်တွင်းခရီးသွားတွေလာတာ များ တယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေကပါ လာကြပါတယ်။ တချို့ ခရီးသွားကုမ္ပဏီတွေက ပုဂံ၊ ညောင်ဦး၊ ဘုံတ လာရေတံခွန်ဆိုပြီး ခရီးစဉ်အပြီးအစီး ပက်ကေ့ချ်လိုက် လာကြတာတွေတောင် ရှိနေပြီ”ဟု မတူပီမြို့ခံ ဆလိုင်းကျော်မိုး ထွန်းကပြောသည်။
ဘုံတလာရေတံခွန်သို့ လာရောက်မည်ဆိုပါက ကျောက်ပန်းတောင်း -ညောင်ဦး -ပခုက္ကူမြို့တို့မှတဆင့် ပေါက်၊ ကျောက် ထု၊ မင်းတပ်နှင့် မတူပီမြို့တို့ ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းအတိုင်းလာရောက် နိုင်သည်။ ထို့ပြင် မကွေးတိုင်း ဒေသကြီး ချောက်၊ ဆောမြို့တို့မှတဆင့် ကျောက်ထု-မင်းတပ် – မတူပီလမ်းအတိုင်း မတူပီမြို့သို့ လာရောက်နိုင်သည်။
ဘုံတလာသို့ လာရောက်လည်ပတ်လိုသူတွေအတွက် အခက်အခဲများက မတူပီမြို့မှ ရေတံခွန်သို့ သွားရာလမ်းတလျှောက် စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် အများပြည်သူ နားနေစရာ အဆောက်အဦမရှိခြင်းနှင့် ထီစောင်းရွာနှင့် ရေတံခွန်ကြားရှိ ဆိုင်ကယ်လမ်း ဆိုးဝါးနေခြင်းဖြစ်သည်။
“ဘုံတလာကို လာလည်သူတွေအတွက် အခက်အခဲတခုက နားနေစရာမရှိဘူး။ ထိုင်နားစရာက ရေတံခွန်မရောက်ခင် ဘုံ လောင်ချောင်းတနေရာနဲ့ ရေတံခွန်မှာပဲနားလို့ အဆင်ပြေမယ်။ အနီးဆုံးရွာဖြစ်တဲ့ ထီစောင်းရွာမှာတောင် စားသောက်ဆိုင် မရှိ တည်းခိုစရာမရှိ နားနေစရာမရှိ ဖြစ်နေတယ်”ဟု ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူ ကိုဇော်မင်းက ပြောသည်။
ထီစောင်းကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းအရနေအိမ်များတွင် တည်းခိုဆောင်များဖွင့်လှစ်ခြင်း၊ စားသောက် ဆိုင်နှင့် အများပြည်သူနားနေဆောင်များအား ချင်းပြည်နယ်အစိုးရအနေဖြင့် တည်ဆောက်ပေးပါက ဘုံတလာသို့ လာ ရောက်သူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ထီစောင်းရွာနှင့် ရေတံခွန်ကြား ဆိုင်ကယ်လမ်းကိုလည်း လည်ပတ် သူများ အန္တရာယ်ကင်းစွာသွားလာနိုင်အောင် ပြင်ဆင်သင့်ကြောင်း ခရီးသွားများက အကြံပြု ပြောဆိုကြသည်။
ချင်းပြည်နယ်အစိုးအနေဖြင့် ဘုံတလာရေတံခွန် အခြေပြုခရီးသွားလုပ်ငန်းကို အောင်မြင်အောင် အကောင်အထည် ဖော် နိုင်ပါက ဒေသခံလူထုအတွက် ရေရှည်အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးနိုင်မည့်အပြင် မတူပီနှင့် မင်းတပ်ဒေ သများလည်း ဖွံ့ဖြိုးတိုးတက်နိုင်ဖွယ် ရှိနေသည်။
ခရီးသွားလုပ်ငန်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက လူသားတို့တာဝန်သာဖြစ်ပြီး ဘုံတလာရေတံခွန်ကြီးကတော့ သူမ၏ လှပမှု အံ့သြဆန်းကျယ်မှုများစွာဖြင့် ခရီးသွားများကို လာရောက်လည်ပတ်ဖို့ ဆွဲဆောင်နေဆဲ ဖြစ်သည်။