“စားတာ အသား၊ အိပ်တာ အား” လို့ ဆိုရိုးစကားရှိပေမယ့် လိုတာထက် ပိုအိပ်စက်တာ၊ အချိန်အများကြီး ပိုအိပ်နေ တတ်တာက ရောဂါဆိုးကြီးတခု ဖြစ်သလို တခြား ရောဂါတွေကိုလည်း ဖြစ်ပွားစေပါတယ်။ လူတဦးနဲ့ တဦး လိုအပ်ချက် မတူညီတာကြောင့် လူတိုင်း အတွက် အိပ်စက်ချိန် ဘယ်လောက်လိုတယ်ဆိုတာ သတ်မှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ အကြမ်းဖျင်းတော့ အရွယ်ရောက်သူ တဦးဟာ ၇ နာရီကနေ ၈ နာရီလောက် အထိ အိပ်စက်ဖို့ သင့်ပါတယ်။
အိပ်ရေးပျက်ရင် အစားပျက်တတ်ပြီး၊ အစားပျက်ရင် အားနည်းလာတတ်ပါတယ်။ အားနည်းရင် ခန္ဓာကိုယ်ထဲကို ရောဂါဘယ ပေါင်းစုံ ဝင်ရောက်လာနိုင်ပါတယ်။ သို့ပေမယ့် အိပ်ချိန်များပြားလွန်းတာကလည်း သင့်ကျန်းမာရေး အတွက် ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။
တကယ်လို့ သင့်ခန္ဓာကိုယ်က ၉ နာရီထက် ပိုလွန်ပြီး အိပ်စက်ဖို့ တောင်းဆိုလာပြီ၊ အိပ်စက်ချင်နေပြီ ဆိုရင်တော့ သင့်ရဲ့ ကျန်းမာရေးမှာ ဆိုးဝါးမှု တခုခု ရှိလာနေပြီ၊ ရောဂါတခုခု ရှိနေပါပြီ။ ဒါကြောင့် အိပ်စက်လွန်ရောဂါနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေး ပြဿတွေကို ပြောပြပါမယ်။
စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ဖြစ်စေသည်
၂၀၁၄ ခုနှစ်က အရွယ်ရောက် အမြွှာတွေနဲ့ စမ်းသပ်သုတေသန ပြုချက်အရ အိပ်စက်ချိန် ရှည်ကြာသူတွေမှာ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ရောဂါလက္ခဏာတွေ ပိုမိုတွေ့ရတယ်လို့ ဆိုပါတယ်။ ၇ နာရီကနေ ၉ နာရီကြား အိပ်စက်တဲ့ သူတွေက အဲဒီရောဂါလက္ခဏာ ပြတာ ၂၇ ရာခိုင်နှုန်း ရှိပြီး၊ ၉ နာရီထက် ပိုပြီး အိပ်စက်သူတွေကတော့ ၄၉ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။
ဦးနှောက်ကို ထိခိုက်စေသည်
၂၀၁၂ ခုနှစ်မှာ အမျိုးသမီးကြီးတွေနဲ့ စမ်းသပ် သုတေသနပြု ရာမှာတော့ သာမန် လိုအပ်တဲ့ အိပ်ချိန်ထက် ပိုပြီး အိပ်စက် တတ်သူတွေမှာ ဦးနှောက်ရဲ့ အလုပ် လုပ်ဆောင်မှုကို ဟန့်တားတာမျိုး ဖြစ်စေပါသတဲ့။ ၉ နာရီထက်ကျော်လွန်ပြီး အိပ်စက်သူတွေ အတွက်တော့ အိပ်စက်ခြင်းက သူတို့ရဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့ အပြင် ရင့်ရော်စေတာလည်း တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင်မှု ပြဿနာများ ဖြစ်စေသည်
အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ကိုရီးယား သုတေသနအဖွဲ့ တခုဟာ ကလေးရဖို့ ဆေးကုသမှု ခံယူနေတဲ့ အမျိုးသမီး ၆၅၀ ဦး ကို စမ်းသပ်လေ့လာခဲ့ရာမှာတော့ အိပ်စက်လွန်သူများမှာ မျိုးပွားမှုနှင့် သန္ဓေအောင်မြင်မှုဆိုင်ရာ ပြဿနာတွေ ပိုမို တွေ့ရတယ် လို့ ဆိုပါတယ်။ တနေ့ကို ၇ နာရီကနေ ၈ နာ အတွင်း အိပ်စက်သူတွေက ၉ နာရီကနေ ၁၁ နာရီ အထိ အိပ်စက်သူတွေထက် ကိုယ်ဝန်ဆောင်မှု ပြဿနာ ဖြစ်ပွားမှု နည်းပါးပါတယ်။
ဆီးချိုရောဂါ ဖြစ်စေသည်
ကနေဒါ နိုင်ငံ ကွီဘက်မြို့က သုတေသန ပညာရှင်တွေရဲ့ လေ့လာမှုမှာတော့ တနေ့ကို ၈ နာရီထက် ပိုပြီး အိပ်စက်သူတွေဟာ ဆီးချို ရောဂါ ဖြစ်ပွားဖို့ ပုံမှန်ထက် ၂ ဆပို ဖြစ်နိုင်ခြေ ရှိပါတယ်။ တရက်မှာ ၇ နာရီနဲ့ ၈ နာရီကြား အိပ်စက်သူတွေမှာတော့ ကျန်းမာရေး ပြဿနာနည်းပါးပြီး ခန္ဓာကိုယ်တွင်း လုပ်ငန်းများကို ထိန်းညှိပေးပါသတဲ့။
နှလုံးကို အားနည်းစေသည်
၂၀၁၂ ခုနှစ်က ပြုလုပ်တဲ့ အမေရိကန် နှလုံးအထူးကုပညာရှင်များရဲ့ ဆွေးနွေးပွဲမှာ တင်ပြတဲ့ သုတေသန စာတမ်းမှာတော့ တရက်ကို ၈ နာရီနဲ့ အထက် အိပ်စက်သူတွေမှာ နှလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။ လူပေါင်း ၃၀၀၀ ကျော်ကို စမ်းသပ်သုတေသနပြုထားတဲ့ ဒီ သုတေသနစာတမ်းမှာ ဆက်လက်ဖော်ပြထားတာက အိပ်စက် လွန်သူတွေမှာ အိုမင်းရင့်ရော်မှု ၂ ဆ ဖြစ်ပွားစေပြီး၊ သွေးလွှတ်ကြောဆိုင်ရာ ရောဂါ ဖြစ်ပွားမှု ၁ ဒသမ ၁ ဆ ပိုမို ဖြစ်ပွား စေနိုင်တယ် လို့ ဆိုပါတယ်။ ။
ညွှန်း – www.onlymyhealth.com