နေပြည်တော်မြို့ကတဆင့် နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်တဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ အနီးက နန့်မွန်ကြီးရေတံခွန်အကြောင်းဖော်ပြလိုက်ပါတယ်။
နေပြည်တော်ကနေ တပ်ကုန်းမြို့ကို မရောက်ခင်မှာ ကယားပြည်နယ်၊ လွိုင်ကော်ဘက်သွားတဲ့ ကင်းသာလမ်းခွဲရှိပါတယ်။ အဲဒီလမ်းခွဲကနေ တောင်တက်၊ တောင်ဆင်း၊ အကွေ့အကောက် လမ်းတွေကိုအချိန် ၂ နာရီခန့် မောင်းနှင်လိုက်တာနဲ့ ရှမ်းပြည်နယ် အစပ်မှာရှိတဲ့ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ကိုရောက်ရှိမှာပါ။
ကင်းသာလမ်းခွဲကနေပင်လောင်းမြို့နယ်အထိ အကွာအဝေးက မိုင် ၄၀ ဝန်းကျင်ပဲရှိပေမယ့် တောင်ပေါ်လမ်းတွေဖြစ်တာကြောင့် အချိန်ယူမောင်းရပါတယ်။ ဆယ်မိုင်လောက် မောင်းနှင်ပြီးပြီဆိုတာနဲ့တင် နေပြည်တော်ရဲ့ရာသီဥတုအပူဒဏ်ကို မေ့ပစ်နိုင်သွားပါပြီ။
ပင်လယ်ရေမျက်နှာပြင် အထက် ၁၃၈၀ မြင့်တဲ့ ပေါင်းလောင်းမြို့ ဝင်ခါနီးမှာ အထက်ပေါင်းလောင်းရေအားလျှစ်စစ် စီမံကိန်းမှ ဆည်ရေလွှတ်မှုကြောင့် ကျေးရွာတချို့ရေအောက်ရောက်သွားရပြီး ရေဝပ်ဒေသ အကြီးကြီးတခု ဖြစ်ပေါ်ခဲ့ရာနေရာတခုလည်း ရှိပါတယ်။
ပေါင်းလောင်းကနေ ရေဝပ်ဒေသကို စက်လှေတနာရီခွဲခန့် စီးပြီးတော့မှ နန့်မွန်ကြီးရေတံခွန်(ဒေသအခေါ်) ကိုရောက်ရှိမှာပါ။ စက်လှေစီးရတဲ့အချိန်ကတော့ အနည်းငယ်ကြာမြင့်ပါတယ်။ မြစ်ချောင်းကို ဖြတ်ပြီး စီးရတာမျိုးတော့မဟုတ်ဘဲ ရွာဟောင်းကြီးတခုပေါ်ကနေ စီးနေရတာကလည်း စိတ်လှုပ်ရှားစရာပါ။
ရေထဲက ထန်းပင်ထိပ်ဖျားကို လက်ညိုးညွှန်ပြထားတဲ့ ဒေသခံလမ်းပြက “ ဒီ ရေအောက်မှာက အရင်တုန်းက ကျေးရွာတွေလေ၊ အထက်ကရေလွှတ်လိုက်တော့ အကုန်ရေထဲမြုပ်ကုန်တာ၊ သူတို့ကြိုတင်အကြောင်းကြားထားတော့ ရွာသားတွေက နေရာရွှေ့ထားပြီးကိုယ့်ဒေသ၊ တောင်တွေ ယာတွေ ရေမြုပ်တာကို ထိုင်ကြည့်ခဲ့ကြရတာပေါ့” လို့ ရှင်းပြပါတယ်။
လှေစီးရတာကြာပေမယ့် ဘေးပတ်ပတ်လည်က တောင်ပြာတန်းတွေ၊ ရေပေါ်ကသစ်ပင်အိုတွေရဲ့ ထိပ်ဖျားမှာပေါက်နေတဲ့ သစ်ခွရောင်စုံတွေကို ကြည့်နေရင်းနဲ့လည်း အပန်းပြေနိုင်ပါတယ်။
တောင်ပေါ်လမ်း၊ ရေလမ်းခရီးတွေကို ဖြတ်သန်းသွားရတာကြောင့် သဘာ၀ ကို နှစ်သက်တဲ့ ခရီးသွားတွေအတွက်တော့ အံဝင်ခွင်ကျဖြစ်မှာပါ။ ဒီ ရေလမ်းခရီးပြီးဆုံးသွားပြီဆိုရင် ကမ်းစပ်ကို ဆင်းပြီး ငါးမိနစ်ခန့် လမ်းဆက်လျှောက်ရပါတယ်။
အဲဒီနေရာမှာတော့ ပျဉ်ထောင်အိမ်တလုံးရှိပြီး ခရီးသွားတွေအတွက် စားသောက်နေထိုင်ဖို့ကို အထောက်အပံ့ ပေးနေတာပါ။ အဲဒီနေရာကို ရောက်လာပြီဆိုရင်တော့ သဘာ၀ ထုံးကျောက် ဓာတ်ကြောင့် ကြည်စိမ်းနေတဲ့ ရေတံခွန်ကို လှမ်းမြင်နေရပြီး ရေသံတွေ ကြားနေရပါပြီ။
အသက်ကယ်အင်္ကျီ၊ ရေကူးဝတ်စုံ စသဖြင့် ဝတ်ဆင်ကြပြီး ရေတံခွန်ဆီကို သွားလို့ရပါပြီ။ ရေတံခွန်က အထပ်ထပ် ပုံစံရှိနေပြီး သီးသန့် ရေကူးချင်တယ်ဆိုရင်လည်း သီးသန့် ဖြစ်နိုင်မယ့်နေရာအထိ တက်သွားလို့ရပါတယ်။
လမ်းခရီးတခုလုံး ပင်ပန်းခဲ့သမျှကလည်း သည်ရေကို ထိတွေ့လိုက်တာနဲ့ ယူပစ်သလို ပျောက်သွားမှာပါ။ ဒီ ရေတံခွန်ကို ယခုနှစ်ခရီးသွားရာသီက စတင်ပြီး နေပြည်တော် အနီးတဝိုက်မှ လူတွေ လာရောက်လည်ပတ်ခဲ့ကြတာဖြစ်ပြီး စနေ၊ တနင်္ဂနွေဆိုရင် အနည်းဆုံးခရီးသွားအဖွဲ့ ၈ ဖွဲ့၊ ၉ ဖွဲ့ လာရောက်လည်ပတ်တယ်လို့ စက်လှေ စီစဉ်ပေးသူတွေက ပြောပါတယ်။
အရင်က ဒီ ဒေသတွေဟာ ရွှေထွက်ရှိရာဒေသဖြစ်ပြီး တောင်ယာစိုက်ပျိုးခြင်းကို အဓိကလုပ်ဆောင်ကြတာပါ။ လက်ရှိမှာတော့ ရွှေကလည်း မထွက်တော့ဘဲ စိုက်ပျိုးစရာ မြေဧရိယာအတော်များများကလည်း ရေအောက် နစ်မြုပ်သွားပြီဖြစ်တာကြောင့် ဒေသခံအများစု အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။
ရေတံခွန်ကို အလည်အပတ်လာရောက်ဖို့ ဒေသခံတွေက ဖိတ်ခေါ်ကြသလို ရေတံခွန်ကို လူစိတ်ဝင်စားမှုများလာတဲ့အခါ တောင်ပေါ် အပန်းဖြေစခန်းမြို့ ဖြစ်လာမလားဆိုတာ ဒေသခံအားလုံးရဲ့ အိပ်မက် ဖြစ်ပါတယ်။