ပူပြင်းတဲ့ နွေရက်တွေကို အံတုဖို့ အဲကွန်းကို အသုံးပြုလာကြတာ တွေ့ရပါတယ်။ အေးစိမ့်နေတဲ့ အဲကွန်းခန်းထဲမှာ နေထိုင် လုပ်ကိုင်ရတာ သက်သောင့်သက်သာ ရှိပေမယ့် အဲကွန်းကြောင့် သင့်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေသလဲ ဆိုတာ သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိချက်ကို အခြေခံပြီး ပြောပြပါမယ်။
အပူ အအေး သတိပြု
အဲကွန်းခန်းထဲမှာ အချိန်အကြာကြီး နေနေခဲ့တဲ့ သူဟာ အပြင်ထွက်တဲ့ အခါ ရုတ်တရက် ချက်ချင်း မထွက်ပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ အအေးနဲ့ အကြာကြီး ထိတွေ့ခဲ့တဲ့ သင့် ခန္ဓာကိုယ်က အအေးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် တုံ့ပြန်ပေးနေချိန်မှာ ရုတ်တရက် အပူထဲကို ရောက်သွားတဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေ ပျက်ယွင်းပြီး ရှော့ဖြစ်ပြီး လေဖြတ်ခြင်း၊ သွေးလည်ပတ်မှု ပျက်ယွင်းခြင်းအပါအဝင် အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်ပါတယ်။ ထို့အတူပါပဲ အပူထဲမှာ အကြာကြီး ရှိနေတဲ့သူဟာ အအေးခန်းထဲကို ရုတ်တရက် မဝင်မိဖို့ ပထမဆုံး သတိပြုပါ။
ပင်ပန်းနွမ်းနယ်မှု
အေးစိမ့်နေတဲ့ အခန်းထဲမှာ ကြာကြာနေတဲ့ အခါ ခေါင်းကိုက်တာတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားရတတ်ပါတယ်။ အဲကွန်းခန်းထဲမှာ နေထိုင် အလုပ် လုပ်ကိုင်တဲ့သူတွေဟာ နာတာရှည် ခေါင်းကိုက်ဝေဒနာနဲ့ ပန်းလျနွမ်းနယ်တာတွေ ခံစားရနိုင်ပါသတဲ့။ အအေးဒဏ်ကြောင့် နှာခေါင်းနဲ့ ပါးစပ်တွေက ချွဲ သလိပ် နှပ်ရည်တွေ ထွက်လာပြီး အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့တာတွေ ဖြစ်စေပြီး အသက်ရှူမဝတာမျိုး ဖြစ်စေနိုင်ပါတယ်။ အသက်ရှူမဝတဲ့ အခါ သင့်ခန္ဓာကိုယ် အတွက် အရေးတကြီး လိုအပ်တဲ့ အောက်စီဂျင် မပြည့်မ၀ ဖြစ်လာပြီး ခုခံအား နည်းစေနိုင်ပါတယ်။ အားနည်းလာတဲ့ အခါ တုပ်ကွေးရောဂါ အပါအဝင် အခြား ရောဂါများ ဝင်လာနိုင်ပါတယ်။
အသားအရည်ကို ခြောက်သွေ့စေသည်
သင့်ရဲ လက်တွေ အစိုဓာတ် ခန်းခြောက်လာမယ်၊ နောက်ပြီး သင့်ရဲ့ နှုတ်ခမ်းလွှာတွေ သွေ့ခြောက်လာလို့ အစိုဓာတ်ရစေဖို့ မကြာခဏ လျှာနဲ့ လျက်နေရတယ် ဆိုရင် သတိထားပါ။ သင့်ဝန်းကျင်ကို အေးမြစေတဲ့ အဲကွန်းက ထွက်လာတဲ့ လေအေးတွေက သင့်ရဲ့ အရေပြားကို ခြောက်သွေ့စေတာပါ။ အရေပြားတွေ ခြောက်သွေ့လာပြီ ဆိုရင် မကြာခင် ကြမ်းရှလာမှာ ကွဲအက်လာမှာ သေချာပါတယ်။
နာတာရှည်ရောဂါ ခံစားရစေနိုင်
အဲကွန်းက ဖန်တီးထားတဲ့ အအေးဓာတ်က သွေးပေါင်ကျတာမျိုးတွေ၊ အဆစ်မြစ်ရောင်ရောဂါမျိုးတွေ၊ အာရုံကြောရောင် ရောဂါတွေ ဖြစ်စေတတ်ပါတယ်။ ပြီးတော့ အဲကွန်းထဲမှာ အချိန်အများကြီး နေထိုင်မယ် ဆိုရင်တော့ သင့်ရဲ့ နာဗ်ကြောနှင့် သွေးကြောမျှင်တွေကို အအေးဓာတ်က ကျုံ့စေတာကြောင့် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း ဆိုင်ရာ
သင့်ရဲ့ ကားထဲမှာ တပ်ဆင်ထားတဲ့ အဲကွန်းက ပေးတဲ့ အအေးဓာတ်က ယာဉ်ကြောပိတ်ဆို့ပြီး မွန်းကြပ်နေတဲ့ မြို့လယ်ကောင် မှာ သင့်အတွက် သက်သောင့်သက်သာ ဖြစ်စေမှာပါ။ ဒါပေမယ့် အဲကွန်းက ခန္ဓာကိုယ် အတွင်း အဏုဇီဝရုပ်ကို ပြောင်းလဲ သွားစေပြီး ကျန်းမာရေး အတွက် ဆိုးကျိုးတွေ ရစေပါတယ်။ အထူးသဖြင့်တော့ လေထဲက ရောဂါပိုးမွှားတွေ ဥပမာအားဖြင့် ဘက်တီးရီးယား ပိုးမွှားတွေ၊ ကူးစက်လွယ် ရောဂါပိုးတွေက နမိုးနီးလို့ ခေါ်တဲ့ နာတာရှည် အဆုတ်ရောင် ရောဂါ ဖြစ်စေနိုင်ပါတယ်။
ညွှန်း – www.onlymyhealth.com