ရန်ကုန်မြို့ရဲ့ လူကြီးလူငယ် မိသားစုတွေကြား ရေပန်းစားနေတဲ့ BKK night market (ဘန်ကောက် ညဈေးတန်း)ကို ဒီနေ့ ညနေ ၄ နာရီက စလို့ စနေ၊ တနင်္ဂနွေနေ့အထိ ၃ ရက်တိုင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီပွဲဟာ BKK night market ရဲ့ ၅ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပြည်သူ့ရင်ပြင်မှာ ၃ကြိမ်၊ Junction City မှာ တကြိမ် ကျင်းပခဲ့တာပါ။ အခုတခေါက်ကိုတော့ ရန်ကုန်မြို့ ဗိုလ်တထောင် ကမ်းနားမှာရှိတဲ့ Vintage Luxury Yacht Hotel ဝင်းထဲမှာ ညနေ ၄ နာရီမှ ည ၁၀နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
“ဆိုင်ခန်းပေါင်းက ၁၈၀ ပါမယ်။ အရင်အခေါက်တွေလိုပဲ ဘန်ကောက်အဝတ်အထည်တွေ၊ accessories တွေ၊ စားစရာတွေ ပါဝင်မှာပါ။ မတူတာကတော့ themes ပြောင်းသွားတယ်ပေါ့နော်။ အရင်အခေါက်တွေကလို မြို့လယ်ခေါင်ထဲမှာ မဟုတ်တော့ဘဲ အပြင်ဘက် ကမ်းနားဘက်မှာဆိုတော့ ခံစားမှု တမျိုးလေး ပြောင်းသွားကြမှာပါ” လို့ BKK night market မှ တာဝန်ရှိသူ မမေမြက ဧရာဝတီကို ပြောပြပါတယ်။
ဘန်ကောက်ညဈေးတန်းဟာ ပထမဆုံးအကြိမ်ကတည်းက လူအများ စိတ်ဝင်စားမှု ရရှိခဲ့သလို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
“အမတို့ဘက်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ မမေမြက ဆက်ပြောပါတယ်။
ဆက်လက်ပြီး သူက “Decoration ကိုတော့ အမတို့အနေနဲ့ သိပ်ပြီး ပြင်ဆင်ရတာတော့ မရှိပါဘူး။ ဓာတ်ပုံရိုက်လို့ ကောင်းမယ့်နေရာလေးတွေ လုပ်ဖို့လောက်တော့ စီစဉ်ရပါတယ်။ ကျန်တာက ရေပြင်ကို မြင်နေရမယ့် ကမ်းနားရယ်၊ ရေပေါ်ဟိုတယ်ကြီးရယ်၊ ပွဲဈေးတန်းက မီးရောင်စုံရယ်ဆိုတော့ တော်တော်လေး ပြည့်စုံနေပါပြီ။ ပထမပွဲနဲ့ ဒုတိယပွဲတုန်းကတော့ ၂ ရက်ပေါ့နော်။ တတိယပွဲက စပြီးတော့ ၃ ရက်ဖြစ်သွားပါတယ်။ ၂ ရက်တည်းဆိုတော့ ပိတ်ရက်တွေဖြစ်တဲ့အတွက် လူအားလုံးက အဲဒီနေ့တွေမှာပဲ တအားများသွားတဲ့အတွက် ရက်ခွဲပေးလိုက်တဲ့သဘောပါ။ သောကြာနေ့ အားတဲ့သူတွေ သောကြာနေ့ လာနိုင်သွားတာပေါ့” လို့ သူက ပြောဆိုပါတယ်။