နွေရာသီမှာ အပူရှောင် ခရီးထွက်လို့ ကောင်းတဲ့နေရာ၊ ရာသီဥတု အေးအေးချမ်းချမ်းနဲ့ လည်ပတ်လို့ ကောင်းတဲ့ နေရာဟာ ပန်းပေါင်းစုံပွင့်ပြီး ရေတံခွန်များစွာ ရှိရာ ပြင်ဦးလွင် တောင်ပေါ်စခန်းမြို့ပါ။
ရေမြေတောတောင် သဘာ၀ ရှုခင်းတွေ၊ စိမ်းလန်းတဲ့ သစ်ပင်တွေ၊ အရောင်သွေးစုံတဲ့ ပန်းပင်တွေနဲ့ လှပပြီး အေးချမ်းတဲ့ စိမ့်စမ်း ရေတံခွန်တွေ ပေါများတဲ့ အရပ်ဒေသ၊ ပြင်ဦးလွင်မြို့မှာ လည်ပတ်စရာ နေရာတွေ ပေါများပါတယ်။ ပြင်ဦးလွင်မှာ ရှိတဲ့ ရေတံခွန် များစွာထဲက သွားလည်သင့်တဲ့ ရေတံခွန် ၇ ခုကို ဖော်ပြပေး လိုက်ပါတယ်။
(၁) ဓာတ်တော်ချိုင့် ရေတံခွန်
ဓာတ်တော်ချိုင့် ရေတံခွန်က ပြင်ဦးလွင်မြို့ (မန္တလေးဘက်မှ) အဝင် အနီးစခန်း ကျေးရွာမှာ တည်ရှိပြီး ပြင်ဦးလွင်မြို့နဲ့ ၇ မိုင်ခန့် ကွာပါတယ်။ မြင့်မားတဲ့ ရေတံခွန် ပတ်ဝန်းကျင်မှာ ရေမြေ သဘာ၀ ရှုခင်းတွေ စိမ်းလန်းလှပပြီး တောလမ်းခရီးကနေ အောက်ခြေရေတံခွန် ရောက်တဲ့ အထိ ပေ ၁၀၀၀ ကျော် ဆင်းသွားရပါတယ်။
လမ်းခရီးက အနည်းငယ် ကြမ်းပေမယ့် လှပတဲ့ ရေတံခွန် ရှုခင်းကြောင့် လမ်းခရီးတလျှောက် ပင်ပန်း သမျှတွေ အားလုံး သဘာ၀ ရေအေးအေးနဲ့ အတွေ့မှာ ပြေပျောက် သွားစေမှာပါ။ ဓာတ်တော်ချိုင့် ရေတံခွန်ကို ပွဲတော်ရက်တွေနဲ့ ခရီးသွား ရာသီတွေမှာ လာရောက် လည်ပတ်သူ များပြားလျက် ရှိပါတယ်။
(၂) ပွဲကောက် ရေတံခွန်
ပွဲကောက် ရေတံခွန်က ပြင်ဦးလွင်မြို့ အရှေ့ဘက်၊ မဟာအံ့ထူးကံသာ ဘုရားကြီး မြောက်ဘက်မှာ တည်ရှိပါတယ်။ ရေတံခွန်အဆင်း ကားလမ်းက အနည်းငယ် မက်စောက်ပေမယ့် မြို့ထဲကနေ သွားလာရ လွယ်ကူတာကြောင့် ပွဲတော် ရက်တွေမှာ လာရောက် လည်ပတ်သူ များပြားပါတယ်။
ပွဲကောက်ရေတံခွန် ဈေးဆိုင်တန်းမှာ ပြင်ဦးလွင် ဒေသထွက် မက်မန်းဝိုင်၊ စတော်ဘယ်ရီဝိုင်နဲ့ ဒေသထွက် အစားအစာများ၊ လက်ဆောင်များ၊ ပန်းပင်နဲ့ တခြား ပျိုးပင်ငယ်များ ဝယ်ယူနိုင်ပါတယ်။
(၃) နတ်ကျုံး ရေတံခွန် (ရန်ကုန်ကျောင်း)
နတ်ကျုံး ရေတံခွန်ကတော့ ပွဲကောက်ရေတံခွန် အလွန်၊ ပြင်ဦးလွင်မြို့ပြင် (လားရှိုးဘက် အထွက်) ဒီဇင်ဘာနွားနို့ခြံနဲ့ တိုးဂိတ် အနီးက “ရန်ကုန်ကျောင်း” ဆိုတဲ့ ဘုန်းကြီးကျောင်းဝင်း အတွင်းမှာ တည်ရှိတာပါ။ နတ်ကျုံး ရေတံခွန်ကို ရန်ကုန်ကျောင်း ရေတံခွန်လို့လည်း ခေါ်ပါတယ်။ သစ်ပင်တွေ အုံ့ဆိုင်းဆိုင်းနဲ့ တောရကျောင်းအတွင်းမှာ တည်ရှိတဲ့ အဆိုပါ ရေတံခွန်ဟာ နတ်ကြီးတယ် လို့ အယူအဆ ရှိကြပြီး လာရောက် လည်ပတ်သူများကလည်း စည်းကမ်းတကျနဲ့ တိတ်တိတ်ဆိတ်ဆိတ် လာရောက် လည်ပတ် ကြပါတယ်။
(၄) ဒီဇင်ဘာခြံ ရေတံခွန်
ဒီဇင်ဘာခြံ ရေတံခွန်ကတော့ လူသိများလာတာ သိပ်မကြာသေးပါဘူး။ Social Media “Facebook” မှာ ဓာတ်ပုံရိုက် တင်လိုက်လို့ ဒီဇင်ဘာခြံ ရှုခင်းတွေက အခုဆိုရင် လည်ပတ်စရာ နေရာသစ်တခု တိုးလာပါတယ်။ ဒီဇင်ဘာခြံ ရေတံခွန်က ဒီဇင်ဘာနွားနို့ခြံ အနောက်ဘက်မှာ တည်ရှိတာပါ။
ချစ်စရာကောင်းပြီး လှပတဲ့ လျှောက်လမ်းလေး အတိုင်း လျှောက်သွားမယ် ဆိုရင် မြက်ခင်းစိမ်းစိမ်း၊ အပင်စိမ်းစိမ်း တွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ ပတ်ဝန်းကျင် ရှုခင်းကနေ ရေတွေ တဖွားဖွားကျနေတဲ့ ရေတံခွန်ကို ရောက်ပါတယ်။ သီးခြား ကမ္ဘာငယ်တခု ရောက်သွားသလို လှပတဲ့ ဒီဇင်ဘာခြံ ရေတံခွန်က လူငယ်တွေ အကြိုက် လည်ပတ်လို့ ကောင်းတဲ့ နေရာသစ် တခုပါ။
(၅) ပိတ်ချင်းမြှောင် (ဝက်ဝံ ရေတံခွန်)
ပိတ်ချင်းမြှောင် လိုဏ်ဂူက ပြင်ဦးလွင်မြို့ (လားရှိုးဘက်) အထွက် ၁၂ မိုင်အကွာ၊ ဝက်ဝံကျေးရွာမှာ တည်ရှိတာပါ။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာကြောင့် ရှေးယခင်တည်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပိတ်ချင်းမြှောင် မဟာနန္ဒမူ လိုဏ်ဂူတော်ကို နှစ်စဉ် ရာသီမရွေး လာရောက်လည်ပတ်သူ များပြားပါတယ်။
လိုဏ်ဂူ အတွင်းမှာ ရှိတဲ့ ကျောက်စက်ပန်းဆွဲတွေ၊ ဂူအတွင်း စီးဆင်းနေတဲ့ သဘာ၀ စိမ့်စမ်းရေတို့နဲ့ ထူးခြား ဆန်းပြားတဲ့ ပိတ်ချင်းမြှောင် လိုဏ်ဂူအနီးမှာ မြင့်မားလှတဲ့ ရေမြေတောတောင် ရှုခင်းတွေနဲ့ ရေတံခွန်တွေ ရှိပါတယ်။ လိုဏ်ဂူ အနီးမှာ ရှိတဲ့ ရေတံခွန်ငယ်တွေနဲ့ ဝက်ဝံ ရေတံခွန်ကို သွားရောက် လည်ပတ်နိုင်ပါတယ်။
(၆) ရေပျံတောင် ရေတံခွန်
ရေပျံတောင် ရေတံခွန်ကတော့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်ရဲ့ အရှေ့တောင်ဘက် ၅ မိုင် အကွာ၊ ဆင်ခေါင်းလေးရွာ၊ ရွှေသင်းရွာတို့ အနီးမှာ တည်ရှိတာပါ။ ရေပျံတောင် ရေတံခွန်က ရှေးယခင် ကတည်းက ရှိတာ ဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းတာကြောင့် ယခင်က အသွားအလာ နည်းပါတယ်။
ယခုအခါ “Facebook” လူမှုကွန်ရက် သတင်းတွေက တဆင့် လူသိများလာပြီး လမ်းခရီး ကြမ်းတမ်းပေမယ့် ဆိုင်ကယ် သို့မဟုတ် အကြမ်းခံတဲ့ Light Truck ကားတွေနဲ့ လာရောက် လည်ပတ်သူ များပြားလာတာလို့ သိရပါတယ်။ လမ်းတလျှောက်မှာ မြေနီလမ်း၊ ထင်းရှုးတော စတဲ့ ရှုခင်းတွေနဲ့ မက်မန်းခြံ၊ စပျစ်ခြံတို့ကို ဝင်ရောက်လေ့လာ လည်ပတ်နိုင် ပါတယ်။
(၇) ဒီးဒုတ် ရေတံခွန် (ရေပြာစမ်း)
ဒီးဒုတ် ရေပြာအိုင် ရေတံခွန်က မန္တလေး- ပြင်ဦးလွင်လမ်း၊ အုန်းချောရွာ ၁၆ မိုင်လမ်းခွဲကနေ ရဲရွာ (ရေအားလျှပ်စစ်ရုံ) ဘက် သွားတဲ့ လမ်းမှာ တည်ရှိတာပါ။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ယခုအခါ လမ်းတလျှောက်မှာ ၆ မိုင်၊ ၇ မိုင် အပန်းဖြေစခန်းများ ရှိတာကြောင့် လာရောက် လည်ပတ်သူ များပြားပါတယ်။
ဒီးဒုတ် ရေတံခွန်က အဆင့် ၁၀ ဆင့် ရှိပြီး အဆင့်တိုင်းမှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ရေကန်တွေမှာ ရေကစား နိုင်ပါတယ်။ အပေါ်ဆုံးဆင့် ရေတံခွန်ထိ တက်ရတဲ့ တောလမ်းက ကျဉ်းမြောင်းပြီး လမ်းခရီး ကြမ်းတမ်းပါတယ်။ ရေမြေ တောတောင် သဘာဝရှုခင်းတွေနဲ့ လှပတဲ့ ဒီးဒုတ်ရေပြာအိုင် ရေတံခွန်က လည်ပတ်လို့ ကောင်းတဲ့ နေရာတခု ပါ။
နွေရာသီမှာ အပူရှောင်ခရီးထွက်ချင်သူတွေ အတွက် ရေတံခွန်တွေ ပေါများတဲ့ တောင်ပေါ်စခန်း၊ ပြင်ဦးလွင်မြို့ကို ညွှန်းဆို လိုက်ပါတယ်။ ပြင်ဦးလွင်ကို အလည်ရောက်ရင် သွားလာ လည်ပတ်သင့်တဲ့ ရေတံခွန်များစွာထဲက မရောက်ဖူးသေးတဲ့ ရေတံခွန်တွေဆီ သွားရောက် လည်ပတ်နိုင်ဖို့ တင်ပြလိုက်ပါတယ်။ ။