“ခဏခဏ ခရီးသွားရလို့ ကျမအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတာကတော့ တိုက်ချီတိုကို ထားခဲ့ရတဲ့ ကိစ္စပါပဲ ” လို့ ၂၀၁၆ ခုနှစ်အတွင်းက ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကရေးသား ဖော်ပြခဲ့ဖူးပါတယ်။
သာမန်လူပုဂ္ဂိုလ်တွေလို စကားမပြောတတ်ပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားကိုတော့ ကောင်းမွန်စွာ နားလည်ပါတယ်။ သူ့ နာမည်ကို ခေါ်စရာပင် မလိုဘဲ လူကို မြင်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ပေါ်ကို ကုပ်တွယ်တက်ပြီး ကလေးတယောက်လို ချွဲလေ့ ရှိပါတယ်။ သူ့နာမည် ခေါ်လိုက်ရင်လည်း ဖျတ်ခနဲ ခေါင်းထောင်ပြီး ကြည့်တတ်တဲ့ ချစ်စရာ အပြုအမူတွေ ကြောင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အသည်းစွဲ ဖြစ်နေပါပြီ။
အသက် ၆ နှစ်ကျော်ကျော် ရှိပြီဖြစ်တဲ့ တိုက်ချီတိုဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သားငယ် ကိုထိန်လင်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခွင့်ရစဉ်က ရန်ကုန်မြို့ မင်္ဂလာဈေးနားက အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ရေးဆိုင် တဆိုင်ကနေ လက်ဆောင် ဝယ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက တိုက်ချီတိုက လသားအရွယ် ခွေးပေါက်စလေး တကောင် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနားကို တိုက်ချီတို ရောက်လာပြီးနောက် လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ မကြာခဏ ဆိုသလို သူ့ရဲ့ဓာတ်ပုံတွေ ဖော်ပြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်မှာတော့ နေပြည်တော်က ရေကစားမဏ္ဍပ်တခုကို “တိုက်ချီတို” လို့ ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဲဒီမဏ္ဍပ်မှာ ရေကစားခဲ့ဲပြီး နောက်ပိုင်း အချစ်တော် တိုက်ချီတိုက ပြည်သူလူထု ကြားမှာ ပြန်လည် ရေပန်းစားလာခဲ့တာပါ။
တိုက်ချီတိုဆိုတဲ့ စကားရပ်က ဂျပန်ဘာသာ စကားစုအရ အတိအကျ မရှိပေမယ့် အချို့ ကတော့ သားကြီး သြရသလို့ ခေါ်တယ်လို့ ဆိုကြပါတယ်။ အနောက်နိုင်ငံတွေရဲ့ ညစာစားဝတ်စုံကို ရည်ညွှန်းတဲ့ Tuxedo နဲ့လည်း အသံ ထွက် ခပ်ဆင်ဆင်ရှိပြီး ဘယ်လိုအဓိပ္ပာယ်နဲ့ ပေးတယ်ဆိုတာတော့ ဒီနေ့အထိ ဘယ်သူမှ အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။
သားငယ်ဖြစ်သူ ပေးတဲ့ လက်ဆောင် ဖြစ်တာကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သားတွေကိုယ်စား တိုက်ချီတို ကို အလွန်ချစ်ခင်တယ်လို့ ပြောကြတာလည်း ရှိပါတယ်။
တိုက်ချီတိုဟာ မျိုးစပ်ထားတဲ့ အင်းခွေးထီး အမျိုးအစားဖြစ်ပြီး သူ့ တနေ့တာ ထမင်းနှစ်နပ်အဖြစ် ဆလတ်ရွက်ကို နုပ်နုပ်စဉ်းပြီး အမဲသား၊ ထမင်းတို့နဲ့ နယ်ဖတ်ကျွေးလေ့ ရှိပြီး သီးသန့် အထိန်းတော် တဦးရှိပါတယ်။ အစာ ကျွေးချိန်ကို စနစ်တကျ သတ်မှတ်ပေးထားပြီး အရိုး မကျွေးဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က စည်းကမ်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဘယ်တိရစ္ဆာန်ကိုမဆို ရိုက်နှက်တာ မကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုုက်ချီတိုကိုလည်း ဘယ်သူကမှ ရိုက်နှက် ကြိမ်းမောင်းတာမျိုး မကြိုက်ပါဘူး ။ သားသမီး အရင်းလို သဘောထားပြီး ပြုစုစောင့်ရှောက်နေတာဖြစ်ပြီး မဖြစ်မနေ ကိစ္စရပ်တွေကလွဲလို့ သူသွားတဲ့ နေရာတော်တော်များများမှာ တိုက်ချီတို ကို ခေါ်သွားလေ့ ရှိပါတယ်။ အကြောင်း တစုံတရာကြောင့် ခေါ်သွားခွင့် မရခဲ့ရင်တောင် အရေးတယူနဲ့ ဂရုတစိုက် နှုတ်ဆက်အနမ်း ပေးသွားလေ့ရှိပါတယ်။
တိုက်ချီတိုတယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးတက်ချိန်ကို လိုက်ပို့ပေးတဲ့ မြင်ကွင်း၊ မီးပန်းကစားစဉ်မှာ အနားမှာ ရှိနေပေးတဲ့ပုံ၊ မီးထွန်းစဉ် အနားမှာ တောက်လျှောက်ရှိနေတဲ့ပုံ စတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ မကြာခဏ ဆိုသလို ဖော်ပြလေ့ ရှိပါတယ်။
ဒီလထဲမှာ ဥရောပခရီးစဉ် မထွက်ခွာခင်မှာ တိုက်ချီတို ကို နှုတ်ဆက်အနမ်း ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘုတ်မှာ တက်လာတာ တွေ့ရပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်ချီတိုကို ခွေးလို့ ခေါ်တာကို လုံး၀ မကြိုက်တဲ့အပြင် စနောက်တာမျိုးကိုလည်း မကြိုက်ပါဘူး။ ဒီလို စနောက်တဲ့ အတွက်ကြောင့် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးကိုတောင် အနည်းငယ် မာထန်စွာ ပြောဆိုဖူးတယ်လို့လည်း ဧရာဝတီက စုံစမ်းမှုများအရ သိရပါတယ်။
သူ အရင်က ငှားရမ်း နေထိုင်တဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်က နှင်းဆီစံအိမ်မှာ ခွေးကိုက်တတ်သည်ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားပါတယ်။ ဒါကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က မကြိုက်နှစ်သက်တဲ့အတွက် ခွေးဆိုတဲ့ စကားရပ် နေရာမှာ တိုက်ချီတိုရဲ့ ဓာတ်ပုံကို အစားထိုးပြီး “ကိုက်တတ်သည်” ဆိုပြီး ပြင်ဆင်ရေးသားဖို့ ညွှန်ကြားခဲ့ဖူးပါတယ်။
NLD အစိုးရ တာဝန်စယူစဉ်ကာလမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စုခရီးစဉ်ကို ၁၉ ရက် ကြာ သွားခဲ့ဖူးပါတယ်။ ဒီခရီးစဉ်က ပြန်လာတဲ့အချိန်မှာတော့ တိုက်ချီတိုက သူ့ကို မျက်စိအောက်က အပျောက်မခံတော့တဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က စာ ရေးသားဖူးပါတယ်။
၂၀၁၆ ခုနှစ်အတွင်းက ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်ရဲ့ ဒီစကား ကဏ္ဍမှာ “သူ့နားက သွားတော့မယ် ထင်တာနဲ့ ခြေထောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုယ်နဲ့ ကျမခြေထောက်ကို ကပ်ပြီး အိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီ ခြေထောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ပေဘူးလို့ ထင်ပုံတူတယ်” လို့် ဖော်ပြဖူးပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် အိပ်တဲ့ ခုတင်ခြေရင်းမှာ တိုက်ချီတို အတွက်ပါ အိပ်စရာနေရာ ပြုလုပ်ထားပါတယ်။ ဒီလို ပြုလုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
တိုက်ချီတိုက အိမ်နောက်ဖေး မီးဖိုချောင်ထဲက အမှိုက်ပုံးကို မွှေနှောက်လေ့ ရှိတာကြောင့် မီးဖိုခန်းတံခါးကို အမြဲ ပိတ်ထားဖို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စည်းကမ်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တယောက် ညနေပိုင်း အလုပ်အားတဲ့အချိန်မျိုးဖြစ်စေ၊ အခါကြီး ရက်ကြီးလို နေ့မျိုးတွေ အိမ်မှာ အနားယူတဲ့ အချိန်တွေမှာ တိုက်ချီတိုအတွက် မကြာခဏဆိုသလို အဖော်လုပ်ပေးလေ့ ရှိပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ အထက်မှာ ဖော်ပြခဲ့တဲ့ စေတနာ၊ မေတ္တာတွေ၊ လူတဦးလို အသိဉာဏ် မရှိပေမယ့် သခင် အပေါ် နားလည်နိုင်မှုတွေကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် အိမ်ပြန်ခရီးကို အမောပြေအောင် ကြိုဆိုလေ့ရှိသူက တိုက်ချီတို ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “ကျမ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုက်ချီတိုသာ သိရင် ဘာများ လုပ်မ လဲလို့ တခါတရံ တွေးမိပါတယ်” လို့ ဒီလှိုင်းဂျာနယ်မှာ ရေးသား ဖော်ပြခဲ့ဖူးပါတယ်။