Lifestyle

Facebook လူမှုကွန်ရက် အတွက် မသင့်လျော်တဲ့ Post တွေ တားဆီး ဖြတ်တောက်မည်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာမှာ အသုံးပြုမှု အများဆုံး လူမှု ကွန်ယက်စနစ် ဖြစ်လာတဲ့ Facebook က လက်ရှိအချိန်မှာ ကမ္ဘာနဲ့ အဝှမ်း အသုံးပြုသူ ၁ ဒသမ ၉၄ ဘီလီယံ ထိအောင် ရှိလာတယ်လို့ စစ်တမ်းတွေ အရ သိရပြီး အဆိုပါ တိုးတက်မှုနှုန်းဟာ မိုဘိုင်းဖုန်း အသုံးပြုမှု တွင်ကျယ်လာခြင်းရဲ့ အကျိုးဆက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီကတော့ အခုနှစ်ရဲ့ ပထမ ၄ လအတွင်းမှာ ဝင်ငွေ ဒေါ်လာ ၈ ဘီလီယံ ရှိတယ် လို့ ဖော်ပြထားပြီး အဆိုပါ ဝင်ငွေ တိုးတက်နှုန်းဟာ Facebook ကနေ Live Video တွေ ရိုက်တင်လာနိုင်မှုကြောင့် ဝင်ငွေ တိုးတက် မြန်ဆန်လာတာ ဖြစ်သလို ဒီရလဒ်ကြောင့် Facebook က လက်ရှိ ဝန်ထမ်းတွေရဲ့ ဝင်ငွေရနှုန်း ကလည်း နှစ်ဆခန့် တိုးတက်လာနိုင်တာပါ။

အထူးသဖြင့်တော့ Video Post တွေဘက်မှာ စောင့်ကြည့်ရတဲ့ ဝန်ထမ်းတွေရဲ့ တာဝန် ပိုကြီး လာနိုင်ပြီး မပျံ့နှံ့စေချင်တဲ့ Post တွေကို အချိန်မီ တားနိုင်အောင် စောင့်ကြည့်မှုတွေ လိုအပ်လာ သလို အဆိုပါ လိုအပ်ချက် အတွက် ဝန်ထမ်း စရိတ်ကိုလည်း ပိုသုံးဖို့ ရှိလာနေတာပါ။

Facebook ရဲ့ တာဝန်အရှိဆုံး Mark Zuckerberg ကတော့ နောက်ဆက်တွဲ ဆိုးကျိုး မရှိနိုင်တဲ့ လွတ်လပ်တဲ့ Post တွေကိုပဲ ဖန်တီး ဆက်သွယ်သွားနိုင်စေဖို့ လိုလားနေတာ ဖြစ်ပြီး သူကပဲ “Facebook ကို တကမ္ဘာလုံး အတိုင်းအတာ ထိအောင် လွတ်လပ်စွာ ဆယ်သွယ်နိုင်တဲ့ ဆိုးကျိုးမဲ့ လူမှု ကွန်ရက် တခု ဖြစ်လာအောင် ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ Facebook ကနေ လိုလားနေတဲ့ Video ထုတ်လွှင့်မှု ဆိုတာက မိမိရဲ့ လွတ်လပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးမဲ့ Live ဖြစ်စေ၊ Clip Videoတွေ ဖြစ်စေ၊ ကြော်ငြာပုံစံ အနေအထား ဖြစ်စေ တင်စေချင်နေတာပါ။

ဒါပေမယ့် အခု နောက်ပိုင်းမှာ Facebook သုံးသူ များလာတာနဲ့ အမျှ Live ထုတ်လွှတ်မှု အပိုင်းမှာရော Clip တင်မှု အပိုင်းမှာပါ လူတွေကို အမြင်မှားစေနိုင်မယ့် Video တွေ တင်လာတာကြောင့် Facebook အနေနဲ့ စောင့်ကြည့် တာဝန်ယူမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တချို့ Video တွေ ဆိုရင် လွန်ခဲ့တဲ့ လတွေ၊ နှစ်တွေထဲက ဖြစ်ပွားခဲ့တဲ့ သေကြောင်း ကြံစည်မှုတွေ၊ မုဒိန်းမှု ကျူးလွန်ခြင်း တွေ၊ ကလီဗလင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လို လူတဦးက သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်လည် အဆုံး စီရင်မှုတွေကို Live လွှင့်တာတွေ ရှိလာနေတာပါ။ ဒီလို အနေအထားတွေကြောင့် Facebook အနေနဲ့ အရင်ဆုံး ဝန်ထမ်း ၃၀၀၀ ထောင်ကို ခန့်ထားပြီး အသုံးပြုသူတွေ ဆီကနေ Report တင်လာမယ့် မသင့်လျော်တဲ့ Post တွေကို စိစစ်၊ ဖြတ်တောက်ခြင်းမျိုး လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဇူကာဘက်က ပြောပါတယ်။

နောက်ပိုင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဝန်ထမ်း ၇၅၀၀ ထိအောင် ခန့်အပ်သွားဖို့လည်း ပြင်ဆင်နေတာပါ။ Facebook အနေနဲ့တော့ လူမှု ဆက်ဆံရေး ကွန်ရက် အနေနဲ့ပဲ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး သေကြောင်း ကြံစည်မှုလို အရာတွေကနေ ဥပဒေကို ဆန့်ကျင်တဲ့ Post မှန်သမျှ ကန့်ကွက် ပယ်ဖျက်သွားမယ် လို့ ဆိုပါတယ်။ သို့သော်လည်း မသင့်လျော်တဲ့ Post တွေကို ချက်ချင်း ဖြတ်နိုင်မှာလား ဆိုတဲ့ မေးခွန်းအပေါ်ကိုတော့ ဇူကာဘက်က ဝန်ထမ်း ဘယ်လောက်ပဲ ထားရှိသည် ဖြစ်စေ ချက်ချင်း ဖြတ်နိုင်၊ တားနိုင်မှာတော့ မဟုတ်ပါဘူး လို့ ပြန်ဖြေပါတယ်။

လက်ရှိမှာတော့ Facebook မှာ တရက်ကို Video တင်သူ ဘယ်လောက်ရှိတယ် ဆိုတာ အတိအကျ မပြောပေမယ့် တင်တဲ့ Video ၅ ခုမှာ ၁ခုကတော့ Live တင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇူကာဘက် အနေနဲ့ကတော့ ဘယ်လောက်ပဲ ဝန်ထမ်းထားပြီး စောင့်ကြည့်သည် ဖြစ်စေ၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ တင်မယ် မသိနိုင်တဲ့ မသင့်လျော် Video တင်မှုကို ချက်ချင်း ရပ်တန့်နိုင်မှာ မဟုတ်ပေမယ့် အခု ဝန်ထမ်းသစ် ၃၀၀၀ နဲ့ စပြီး တာဝန်ယူ စောင့်ကြည့်မှာ ဖြစ်တယ် လို့ ဆိုတာပါ။ Facebook အနေနဲ့လည်း Live တင်နိုင်တဲ့ ဝန်ဆောင်မှု ပေးခဲ့ပြီး နောက်ပိုင်းမှာ ရာဇဝတ်မှုနဲ့ မသင့်လျော် Video ပျံ့နှံ့မှုတွေ တိုးတက်မြင့်မားလာနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ပြင်သစ်ရဲတပ်ဖွဲ့ကနေ လူငယ် ၄ ဦးကို Live ထုတ်လွှင့်မှုကနေ ပြစ်မှု ကျူးလွန်လို့ ဖမ်းဆီးခဲ့ရ ပါသေးတယ်။ အဲဒီ လူငယ် ၄ ဦးက ဇန်နဝါရီလအတွင်းမှာ အခြား လူတဦးကို ဝိုင်းဝန်း ရိုက်နှက်နေတာကို Live တင်ခဲ့တာကြောင့်ပါ။ ပြီးတော့ ချီကာဂို ရဲတွေလည်း မတ်လအတွင်းက အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို လိင်မှု ဆက်ဆံနေတဲ့ Video တွေ တက်လာတာကြောင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လအတွင်းကလည်း ထိုင်းအမျိုးသား တဦးက သူ့ရဲ့ နို့စို့ အရွယ်သမီးကို သတ်နေပုံတွေ Live တင်ခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွား ခဲ့တာမျိုးတွေ ဖြစ်လာခဲ့တာပါ။ ဒီလို မသင့်လျော် Video တင်တာတွေ ပျံ့နှံ့လာတာက Facebook ရဲ့ ရည်ရွယ်ရင်း လွတ်လပ် ကောင်းမွန်တဲ့ လူမှု ကွန်ရက် အတွက် အဟန့်အတား ဖြစ်နေစေပါတယ်။

Facebook ရဲ့ ဝန်ထမ်းသစ် အဖွဲ့ အနေနဲ့က ၂၄ နာရီလုံး စောင့်ကြည့်မှုတွေ လုပ်ဆောင်နေမှာ ဖြစ်ပြီး အထူးသဖြင့်တော့ အသုံးပြုသူတွေဆီကနေ Report တွေ အပေါ်ကို မူတည်ပြီး ဟန့်တားမှုတွေ လုပ်ဆောင် သွားမှာ ဖြစ်ပေမယ့် အချို့သော နေရာ၊ ဒေသ အလိုက် သဘောထား ကွဲလွဲမှုတွေကြောင့် Post တိုင်းကိုတော့ သင့်တော်သည်၊ မသင့်တော်သည် ဆုံးဖြတ် ဟန့်တားနိုင်ဖို့ ခက်ခဲနေဦးမှာလည်း ဖြစ်တယ် လို့ သိရပါတယ်။

အမြန်ဆုံး ဟန့်တားနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ချီကာဂို ဖြစ်ရပ်မှာ Post ပါ Video ဟာ မိနစ် ၃၀ကြာ လိုင်းပေါ်မှာ ရှိခဲ့ပြီး အဆိုပါ ဖြစ်ရပ်မျိုး အတွက် အခု ဝန်ထမ်း အင်အားသစ် အဖွဲ့ကနေ ပိုမို မြန်ဆန်စွာ ဟန့်တားတာတွေ လုပ်နိုင်လာဖို့ လည်း ရှိနေပါတယ်။

ကုမ္ပဏီကနေ လူသား ဝန်ထမ်းနဲ့ စောင့်ကြည့်မှု အပြင် AI (မှတ်ဉာဏ်တု) ကွန်ပျူတာ စနစ်နဲ့လည်း စောင့်ကြည့်မှု ရှိတယ် လိ့ု ဆိုပေမယ့် ဘယ်လို ဆုံးဖြတ်ချက် ရယူသလဲ ဆိုတာတော့ မသိရပါဘူး။ အဆိုပါ စနစ်နဲ့ ပတ်သတ်လို့ ဇူကာဘက်က နောက်ထပ် နှစ်အတော်ကြာအောင် ပြီးပြည့်စုံတဲ့ နည်းပညာ စနစ် ရဖို့ ကြိုးစား ဖန်တီးရဦးမှာပါ လို့ ပြောပါတယ်။

စောင့်ကြည့်လေ့လာသူတွေ ကတော့ အခုလို ဝန်ထမ်း အဖွဲ့နဲ့ ထားရှိ ကြပ်မတ်မှုကို လက်ခံကြိုဆိုကြပြီး Live ထုတ်လွှင့်မှု အပိုင်းမှာ ပိုကောင်းလာမယ်လို့ သုံးသပ်နေကြပါတယ်။ ရုပ်သံ ထုတ်လွှင့် မီဒီယာအပိုင်းနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင် တဦး ဖြစ်တဲ့ လတ်ဗီးဂက်ရှိ နီဗာဒါ တက္ကသိုလ်က လက်ထောက် ပါမောက္ခဖြစ်သူ Benjamin Burroughsင က သူ့ အနေနဲ့ Facebook Live အပေါ်မှာ စိုးရိမ်မှု ရှိနေဆဲ ဖြစ်ကြောင်းနဲ့ အဆိုပါ Live ထုတ်လွှင့်မှုဟာ ပိုမို ကောင်းမွန်တဲ့ လူမှု ဆက်သွယ်ရေး နဲ့ ဘဝရပ်တည်ရေးကို အထောက်အကူ ဖြစ်စေဖို့ မရှိနိုင်ဘူး လို့ သုံးသပ်တာ တွေ့ရပါတယ်။

Ref: www.washingtonpost.com

Did you find apk for android? You can find new Free Android Games and apps.
Loading