ပဲန်မြန်မာ(Pen Myanmar) နဲ့ အကယ်ဒမီ ဆွေဇင်ထိုက်တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အဆင့်မီ ဇာတ်လမ်း ဇာတ်ညွှန်းရေးနည်းသင်တန်းကို ဇွန်လတွင် စတင်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ဒါရိုက်တာ အကယ်ဒမီ ဆွေဇင်ထိုက် က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းဇာတ်ညွှန်းရေးသားနည်းသင်တန်းကို ဇွန်လ ၁၇ ရက်နေ့တွင် စတင်မှာဖြစ်ပြီး အပတ်စဉ် တပတ်ခြား စနေ၊တနင်္ဂနွေနေ့များတွင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
“၂၀၂၀ မြန်မာ့ရုပ်ရှင်အနှစ် ၁၀၀ ပြည့်တဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ အလေ့အထနဲ့ မြန်မာ့ဓလေ့ စရိုက်ပုံရိပ်တွေကို ထင်ဟပ်စေမယ့် မြန်မာ့ရုပ်ရှင် ဇာတ်ထုပ်တထုပ်ကို ပြချင်တာ။ အဲဒါအတွက် ဇာတ်လမ်းတပုဒ်ကို လိုချင်တာ။ အခုရေးနေကြတဲ့ လူတွေဟာ ပြည်တွင်းဈေးကွက်မှာ ရောင်းဖြစ်အောင် ရေးကြတာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အချက်အလက်တွေလိုနေတယ်။ အဲဒီအတွက် ကျမက နောက်မျိုးဆက်သစ်ကို အဓိက ထားပါတယ်” လို့ ဒါရိုက်တာ အကယ်ဒမီ ဆွေဇင်ထိုက် က ပြောပါတယ်။
၂၀၁၆ ခုနစ်တွင် ပထမအကြိမ်အဖြစ် သင်ကြားပေးခဲ့ပြီး အောင်မြင်မှုများစွာလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
“ရုပ်ရှင်ဇာတ်ညွှန်းရေးသင်တန်းကတော့ ဒုတိယအကြိမ်ပါ။ မနှစ်ကဆို လျှောက်လွှာလာတင်တဲ့ အယောက် ၁၀၀ ကျော်ကနေ ၃၇ ယောက် ရွေးချယ်တက်ရောက်ခဲ့ပါတယ်။ ဒီ အယောက် ၃၇ ယောက်ကနေ အယောက် ၃၀ ကတော့ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအယောက် ၃၀ ထဲကမှ ၈ ယောက်ကို နိုင်ငံတကာဇာတ်ညွှန်းရေးပွဲကို သွားရောက်ဖို့အတွက် သင်တန်းပေးခဲ့တာလည်းရှိပါတယ်။ အဲဒီကနေ အောင်မြင်မှုတွေလည်းရခဲ့ပါတယ်” လို့ ပဲန်မြန်မာ ဥက္ကဌ ဆရာမျိုးမြင့်ညိမ်း က ပြောပါတယ်။
သင်တန်းတက်ရောက်မယ့် သင်တန်းသားများအနေနဲ့ မေလ ၉ ရက်နေ့မှ စတင်ပြီး သင်တန်းတက်ရောက်ရန် ဖောင်များကို ပဲန်မြန်မာ ရုံးခန်းတွင်ထုတ်ယူနိုင်ပြီး ဇွန်လ ၁၀ ရက်နေ့ကို နောက်ဆုံးထားပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။