ကမ္ဘာကျော် ဗြိတိန်အဆိုတော်တဦးဖြစ်သူ အဒဲလ် (Adele) တယောက် မေလ ၅ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့နောက်ပိုင်းအသက်ကြီးလာမယ့် ဘဝကို သူဘယ်လောက်တောင် မက်မောခင်တွယ်တယ်ဆိုတာကို အပြောအဆို ခပ်ကြမ်းကြမ်း အဘွားကြီးလို ပုံစံမျိုး ဝတ်ဆင်ပြီး ပြသခဲ့ပါတယ်။
သိုးမွေးအင်္ကျီပန်းရောင်၊ နီနီရဲရဲဆံပင်၊ ကိုင်းမှာကြိုးတပ်ထားတဲ့မျက်မှန်တို့နဲ့ Catherine Tate ဆိုတဲ့ ဗြိတိန်နိုင်ငံရဲ့ ရုပ်သံဟာသ ပြဇာတ်တိုထဲက ဇာတ်ကောင်ဖြစ်သူ Joannie “Nan” Taylor လို ဝတ်စားပြင်ဆင်ပြီး သူ့ရဲ့ မွေးနေ့ကို ကျင်းပခဲ့တာပါ။
အဆိုပါ အဘွားအိုပုံစံ ပြင်ဆင်ထားပြီး အိုက်တင် ပုံစံအမျိုးမျိုး ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၄ ပုံကို Twitter ပေါ်မှာ တင်ခဲ့တာပါ။ အဲဒီ ဓာတ်ပုံ ၄ ပုံထဲက ၁ ပုံမှာတော့ သူ့ရဲ့ဆံပင်တုက ထောင်နေပါတယ်။
ဒီ ပုံ ၄ ပုံရဲ့ အောက်မှာလည်း “အသက် ၃၀ နားနီးလာပြီ။ မွေးနေ့ဆုတောင်းထားတာတွေကို ကျေးဇူးတင်ပါတယ်။ မကြာခင်တွေ့ကြမယ်နော်” လို့ ရေးသားထားပါသေးတယ်။
အဒဲလ်ဟာ သူ့ရဲ့ပင်ကိုဗီဇ စရိုက်ကို သူဝတ်ခဲ့တဲ့အဝတ်အစားတွေက ပြသလို့နေပါတယ်။ ပြီးခဲ့တဲ့ ဟောလိုဝင်း ပွဲတုန်းကဆိုရင်လည်း ဘယ်သူမှမမှတ်မိလောက်အောင် The Mask ဆိုတဲ့ဇာတ်ကားရဲ့ ဇာတ်ကောင် Jim Carrey လို အစိမ်းရောင်မျက်နှာဖုံးကို ဝတ်ဆင်ခဲ့သလို သူ့ရဲ့ ၂၇ နှစ်မြောက်မွေးနေ့တုန်းကလည်း သူငယ်ချင်းဖြစ်သူ George Michael လိုမျိုး ဝတ်ဆင်ခဲ့ပါတယ်။
အဒဲလ်ဟာ လတ်တလောမှာ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာဖြစ်ပြီး Wembley အားကစားကွင်းမှာ လေးရက်ဆက်တိုက်ပြုလုပ်မယ့် ရှိုးပွဲလက်မှတ်တွေကတော့ ရောင်းကုန်သွားခဲ့ပြီလို့ ဆိုပါတယ်။ အဆိုပါ ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီးကတော့ ဇူလိုင်၂ ရက်နေ့တွင် လန်ဒန်မြို့မှာ ပြီးဆုံးမှာလို့ သိရပါတယ်။
Ref : telegraph
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်သည်။