Stellar Seven Entertainment မှ မကြာမီတွင်ကျင်းပပြုလုပ်တော့မယ့် Miss Myanmar International 2017 အလှမယ်ပြိုင်ပွဲ အတွက် စီစဉ်နေမှုများကို မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ယခင်က Miss Myanmar Intertational ပြိုင်ပွဲများကို Tourism Myanmar က ဦးစီးပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး ယခု ၂၀၁၇ က စလို့ Stellar Seven Entertainment က ပြောင်းလဲလုပ်ကိုင်လာတာလည်း ဖြစ်ပါတယ်။
“၂၀၁၇ ကနေစပြီး လက်တွဲဖြစ်ပါတယ်။ ကျမတို့လုပ်ရတဲ့အကြောင်းကတော့ ရုပ်ရည်ချောမောတာပဲ မဟုတ်ဘဲနဲ့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ မြန်မာအမျိုးသမီးတွေကို မြေတောင်မြှောက်ပေးချင်ပါတယ်။ မြန်မာအမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ Miss Myanmar International တွေကို ကမ္ဘာမှာချပြချင်ပါတယ်။ ဒီလို အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၇ Miss Myanmar International ကို ကျမတို့ သေချာပြင်ဆင်ထားပါတယ် ” လို့ Stellar Seven Entertainment မှ Operation Directior ဒေါ်လင်းဝတ်မှုံ က ပြောပါတယ်။
ဒီပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်များအနေနဲ့ ပြိုင်ပွဲဝင် ဖောင်များကို မေလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အခမဲ့ ထုတ်ပေးနေပြီး Grand Final ပြိုင်ပွဲကြီးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Miss Myanmar International 2017 တွင် ပထမဆုရရှိသော အလှမယ်အနေနဲ့ ဂျပန်နိုင်ငံတွင် ကျင်းပသော Miss Myanmar International 2017 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
Miss Myanmar International အလှမယ်ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Miss Myanmar International 2012 အဖြစ် နန်းခင်ဇေယျာ၊ Miss Myanmar International 2013 အဖြစ် ဂုဏ်ရည်အေးကျော်၊Miss Myanmar International 2014 ကို ခင်ဝေဖြိုးဟန်၊ Miss Myanmar International 2015 ကို အမရာငြိမ်း၊ Miss Myanmar International 2016 ကို အင်ကြင်းထူး တို့က အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။