ဥဒေါင်းဆိုတာက မြန်မာ၊ နဂါးက တရုတ်၊ အိန္ဒိယက ဆင် စသဖြင့် နိုင်ငံတခုချင်းစီမှာ သင်္ကေတပြု တရိစ္ဆာန်တွေ ရှိကြသလို ကီဝီငှက်ကလေး ကတော့ နယူးဇီလန်နိုင်ငံ (New Zealand) ကို သင်္ကေတပြုပါတယ်။ အာရှနယူးဇီလန် ဖောင်ဒေးရှင်းရဲ့ အစီစဉ်နဲ့ နယူးဇီလန်နိုင်ငံ ရွေးကောက်ပွဲ အကြိုကာလ သတင်း စုံစမ်းရေးသားဖို့ မြို့တော် ဝယ်လင်တန် (Wellington) ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီကနေ နယူးဇီလန်ရဲ့ တောင်ပိုင်းကျွန်းတွေမှာ ရှိတဲ့ တတိယမြောက် အကြီးဆုံး ခရိုက်စ်ချာ့ချ် (Christchurch) မြို့နဲ့ အနီးတဝိုက်ကို အလည်အပတ် ရောက်ရှိခဲတဲ့ အကြောင်း ပြောပြချင် ပါတယ်။
နယူးဇီလန်နိုင်ငံဟာ ကျွန်းနိုင်ငံ ဖြစ်တာကြောင့် သဘာဝတရားတွေ အလှအပတွေ စုဝေးနေတဲ့ အင်မတန်လှပတဲ့ နိုင်ငံပါ။ မြို့တော် ဝယ်လင်တန်ဟာ သပ်ရပ်သန့်ရှင်းပြီး ဆိတ်ငြိမ်တဲ့ မြို့တော်ပီပီ၊ လူငယ်တွေ အတွက်တော့ အနည်းငယ် ငြိမ်သက်လွန်းတယ်လို့ ထင်ပါတယ်။ ရောက်ခဲ့တဲ့ အချိန်က ဇူလိုင်၊ သြဂုတ်လ ဖြစ်တာကြောင့် ဆောင်းရာသီ ဖြစ်နေပါပြီ။ ဝယ်လင်တန်မြို့မှာ တပတ်တာ အချိန်အတွင်း အထူးတလည် လည်ပတ်တာတွေ မလုပ်ဖြစ်ခဲ့ ပေမယ့် အလုပ်မပါဘဲ သွားရမယ့် တောင်ပိုင်းကျွန်းခရီးကတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။
ဝယ်လင်တန်မှ ခရိုက်စ်ချာ့ချ်သို့
ဝယ်လင်တန် လေဆိပ်ကနေ ခရိုက်စ်ချာ့ချ်မြို့ကို သွားဖို့ သောကြာ နေ့လည်ပိုင်းကနေ ထွက်ခဲ့ပါတယ်။ တနာရီကြာ ခရီးစဉ် ဖြစ်ပေမယ့် ရာသီဥတုက တော်တော်ဆိုးရွားနေလို့ လေယာဉ်ပေါ်မှာ တော်တော် ဗျာများခဲ့ရပါတယ်။ ဝယ်လင်တန်ဟာ city of wind လို့ ခေါ်ရလောက်အောင် လေတိုက်ပြီ ဆိုရင် လူပါလွင့်ပါ သွားလောက်အောင် တိုက်ခတ်ပါတယ်။ ကမ်းစပ်တလျှောက်က ဝင်လာတဲ့ လေဟာ မြို့ထဲကို ရောက်ရင် ဝေ့တိုက်သွားတတ်တာမို့၊ ညနေပိုင်းတွေဆို တယောက်တည်း အပြင်ထွက် လမ်းလျောက်ဖို့ မလွယ်ပါဘူး။ အဲဒီရက်က နေသာပေမယ့် လေတိုက်နှုန်း မြင့်နေတာမို့ ခရိုက်စ်ချာ့ချ်ကိုအထွက် လေယာဉ်က တုန်ခါနေတာကြောင့် ကြောက်လန့်တကြားနဲ့ ဘုရားစာတွေ ရွတ်ဆိုပြီး လိုက်ပါခဲ့ရတာကို မှတ်မိနေပါတယ်။
ခရိုက်စ်ချာ့ချ်မြို့ရဲ့ လေဆိပ်လေးက အင်မတန် သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ ရှိလှပါတယ်။ နယူးဇီလန်ရဲ့ တတိယမြောက် လူဦးရေအများဆုံးမြို့ပါ။ တောင်ပိုင်းကျွန်းရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိပါတယ်။ ဗြိတိသျှတွေ အုပ်စိုးခဲ့စဉ် ၁၈၆၅ ခုနှစ်မှာ တည်ခဲ့တဲ့မြို့ ဖြစ်တာကြောင့် မြို့တော်မှာ ရှေးဟောင်း အဆောက်အအုံတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီမြို့တော်ဟာ ငလျင်ဒဏ်ကို ၂၀၁၀-၂၀၁၁ လောက်က အကြီးအကျယ် ခံခဲ့ရတာကြောင့် မြို့တော်ရဲ့ အထင်ကရ နေရာတော်တော်များများ ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျခဲ့ရပါတယ်။
မြို့တွင်းမှာ တည်ဆောက်ထားတဲ့ အိမ်လေးတွေဟာ များသောအားဖြင့် တထပ်တိုက်ပုလေးတွေပါ။ အထပ်မြင့်ဆိုလို့ လေးထပ်၊ ငါးထပ်ထက် မြင့်တာ မတွေ့ရပါဘူး။ ဒီမြို့မှာ လည်ပတ်စရာတွေ ကတော့ သဘာဝဆန်တဲ့ ဥယျာဉ်လို နေရာတွေ၊ နှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်း ဘုရားကျောင်းတွေ၊ အဲဒီထဲကမှ သက်တမ်း အရင့်ဆုံး ၁၈ ရာစုက တည်ဆောက်ခဲ့တဲ့ ခရိုက်စ်ချာ့ချ် အင်ဂလီကန် ကက်သီဒြယ် ဘုရားကျောင်းကြီး ဆိုရင် ၂၀၁၁မှာ လှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ပြိုကျခဲ့ရတာကို ဒီအတိုင်း လေ့လာလို့ရအောင် ပြသထားတာမျိူးတွေ မြင်ရပါမယ်။ ငလျင် မလှုပ်ခင်က စည်ကားခဲ့တဲ့ မြို့လည်ကောင် ဈေးဝယ်နေရာလိုနေရာမှာ ပြိုပျက်သွားတဲ့ ဆိုင်ခန်းတွေကို ဒီတိုင်း ထားထားတာတွေ၊ ပြိုကျသွားတဲ့ အဆောက်အအုံတွေက သေဆုံးခဲ့သူတွေ အတွက် အမှတ်တရ အဖြစ် ထိုင်ခုံလေးတွေကို ဆေးအဖြူသုတ်ပြီး ပြသထားတာတွေ ရှိပါတယ်။
ထူးခြားတာက အဲဒီ ခရိုက်စ်ချာ့ချ်မြို့မှာ မြန်မာ ၁၃ ယောက်တိတိ နေထိုင်ပါတယ်။ အဲဒီအချိန်က နယူးဇီလန် တနိုင်ငံလုံးမှာ တဆိုင်ပဲ ရှိတဲ့ ဗောဓိရွှေညောင်ဆိုတဲ့ မြန်မာထမင်းဆိုင်ကလည်း အဲဒီမှာပဲ ဖွင့်ထားတာပါ။ ဆိုင်ပိုင်ရှင် ဦးခင်မောင်ဦးနဲ့ မိသားစုရယ်၊ ကျောင်းသားလေး တဦးနှစ်ဦးရယ်နဲ့ မြန်မာ အသိုင်းအဝိုင်းလေးက ချစ်စရာပါ။ မြန်မာ အစားအစာတွေ ရနိုင်တဲ့ ဆိုင်လေးမှာ မြန်မာအစားအစာကို အလွမ်းပြေ စားခဲ့ရပါသေးတယ်။
နောက်ရက်ကျတော့ ခရိုက်စ်ချာ့ချ်မြို့ကနေ အနောက်ဘက် ကမ်းခြေမှာရှိတဲ့ ဂရေးမောက် (Grey Mouth) မြို့နဲ့ ရေပူစမ်းရှိတဲ့ ဟမ်းမားစပရင်း (Hanmer Spring) ကို ဆက်သွားပါတယ်။
ခရိုက်စ်ချာ့ချ်မှ ဂရေးမောက်သို့
ခရိုက်စ်ချာ့ချ်မြို့ကနေ ဂရေးမောက်ကို သွားဖို့ ကျမတို့ ရထားလက်မှတ် ဝယ်ထားရပါတယ်။ Kiwi Rail လို့ခေါ်တဲ့ Alpine Train ဟာ ခြောက်နာရီကျော်ကြာ စီးနင်းရမှာ ဖြစ်ပါတယ်။ ခရိုက်စ်ချာ့ချ်ဘူတာဟာ ရှေးဟောင်းဖြစ်တာ ကြောင့် လွန်ခဲ့သော ရာစုနှစ်တွေက အငွေ့အသက်တွေ မြင်ရပါတယ်။ ဒီရထားလက်မှတ်အတွက် တယောက်ကို နယူးဇီလန်ဒေါ်လာ ၁၀၀ ပေးရပါတယ်။ မြန်မာငွေ ကိုးသောင်းကျော် တသိန်းနီးပါး ပါ။
ရထားပေါ်ကို တက်ဖို့ check in ဝင်တဲ့အခါ လေဆိပ်တွေလို ပါပဲ။ ကိုယ့်ထိုင်ခုံကို ရောက်အောင် မသွားခင် အထုတ်တွေကို အရင် အခြားတွဲမှာ တင်ပေးရပါသေးတယ်။ မှန်ချပ်တွေ ဘေးကော အမိုးပါ အပြည့် တပ်ဆင်ထားတဲ့ ရထားဟာ စထွက်တာနဲ့ သိပ်သဘောကျစရာ ကောင်းအောင် သဘာဝကို အရသာခံပြီး ရထားစီးဖို့ စီစဉ်ထားတာပါ။
အပန်းဖြေခရီး ထွက်လာကြသူတွေ များတာမို့ ရထားတစီးလုံး လူအပြည့်နဲ့ မနက် ၇ နာရီက စတင်ထွက်ပါတယ်။ ရထား အတွင်းပိုင်းမှာ စားသောက်တွဲပါ ပါတယ်။
ကြိုက်ရာမှာယူ စားသောက်နိုင်ပါတယ်။ ထိုင်ခုံတိုင်းမှာ သီချင်း နားထောင်နိုင်ဖို့ နားကြပ်ပါသလို စားသောက်ဖို့ ရှေ့မှာ စားပွဲပါပါတယ်။ မျက်နှာချင်းဆိုင် ထိုင်ခုံတွေ ဖြစ်တာကြောင့် အေးအေးလူလူ စားသောက်ပြီး သဘာဝကို ကြည့် ခရီးသွားရတဲ့ အရသာကို လူတွေ သဘောကျကြတာကြောင့် ရထားကို ရွေးကြတယ်လို့ သိရပါတယ်။
လမ်းတလျှောက်မှာ ကိုယ့်ဘေးကနေ မြင်တွေ့ရတဲ့ သဘာဝအလှတွေဟာ ချရေးလို့ မတတ်အောင် လှလွန်းပါတယ်။ နှင်းဖုံးနေတဲ့ တောင်ညိုကြီးတွေ၊ မြက်ခင်းစိမ်းနဲ့ သိုးတွေ နွားတွေ၊ စပျစ်စိုက်ခင်းတွေနဲ့ တခါတလေ ရေခဲနေတဲ့ စမ်းချောင်းလေးတွေ စီးနေတာတောင် တွေ့ရပါသေးတယ်။ အဲဒီမှာ ရထားရဲ့ ထိပ်ပိုင်းက မှန်တွေ တံခါးတွေ တပ်ဆင်မထားတဲ့ ပလက်ဖောင်းတွဲကို ရထားထဲကနေ သွားကြပါတယ်။
အဲဒီ ပလက်ဖောင်းကနေ လေကြမ်းကြမ်း ကြားထဲကနေ တောင်ကုန်းအဝေ့ဝိုက်နဲ့ ရေခဲမြစ်တွေပေါ်ကို ဖြတ်သန်း သွားတာကို တွေ့ရတဲ့အခါ ဖန်တီးထားတာ မဟုတ်တဲ့ ဆန်းကြယ်တဲ့ သဘာဝအလှတွေကို ခံစားရပါတော့တယ်။ လေအရမ်းတိုက်လို့ အကြာကြီး မနေနိုင်ပေမယ့် အဲဒီ အလှတွေက ဘယ်တော့မှ မမေ့နိုင်တော့မယ့် နယူးဇီလန်ရဲ့ အမှတ်တရတွေပါ။ နာရီဝက်ကျော်ကြာ ဖြတ်သန်းရတဲ့ လိုဏ်ခေါင်းထဲကို ဖြတ်သန်းသွားတဲ့ အခါလည်း ခံစားချက်က တမျိူးတမည်ပါပဲ။
ဂရေးမောက်မှ ဟမ်းမားစပရင်း ရေပူစမ်းသို့
နေ့လည် ၁၂ နာရီကျော်မှာ ဂရေးမောက်ကို ရထားဆိုက်တဲ့ အခါ၊ မိုးရွာထားလို့ စိုစိုစွတ်စွတ် ဖြစ်နေပါပြီ။ ရထားပေါ်က အထုတ်တွေ ချပြီးတာနဲ့ ရီဘက်ကာတို့က ကားစင်းလုံးသွားငှားပါတယ်။ အဲဒီမှာ ကားငှားတဲ့ အခါ စပေါ်တင်ပြီး သက်သေခံပြပြီးရင် ကိုယ်ကြိုက်တဲ့ နေရာထိ မောင်းယူသွားလို့ ရပါတယ်။ ရောက်ရှိမယ့် နေရာမှာ ကားပြန်ထားရုံပါပဲ။ ကားစင်းလုံး ငှားပြီးတော့ အထုတ်တွေ တင်ပြီးတာနဲ့ ကျမတို့ ၄ ယောက်က ရေပူစမ်းရှိရာကို ကားနဲ့ ဆက်သွားကြ ပါတယ်။ လေယာဉ်တဆင့်၊ ရထားတတန်၊ နောက်ကားနဲ့ ထပ်သွားရတဲ့ ခရီးကတော့ တကယ် ပျော်စရာကောင်းလှ ပါတယ်။
ရေပူစမ်းကို သွားတဲ့လမ်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ နေရာတွေ အများကြီးပါ။ လမ်းတလျှောက် ပင်လယ်ကမ်းစပ် အတိုင်း မောင်းသွားကြတာမို့ ဘေးက လှိုင်းထန်နေတဲ့ ပင်လယ်ကို မြင်ရတာလည်း ကြောက်သလိုလိုနဲ့ ရင်ခုန်စရာ တမျိူးပေါ့။ လမ်းပေါ်တွေမှာ ကားမောင်းသူတွေ အတွက် ဆိုင်းဘုတ်လေးတွေ တပ်ဆင်ပေးထားတာ ရှိပါတယ်။ အဲဒါကတော ပင်လယ်ထဲက တက်လာတတ်တဲ့ ပင်ဂွင်းတွေ ရှိတာကြောင့် သတိထားမောင်းဖု့ိပါ။ ချစ်စရာ အင်မတန် ကောင်းပါတယ်။
အဲဒီ ရေပူစမ်း လမ်းတလျှောက်မှာ ဝင်လည်ခဲ့တာကတော့ Punakakai Pancake Rocks and Blowhoes ဆိုတဲ့ နေရာပါ။ သူက သဘာဝဥယျာဉ် ဖြစ်ပြီးတော့ ပင်လယ်ထဲက ထိုးထွက်နေတဲ့ ပန်းကိတ်ပုံစံ ကျောက်ချပ်လွှာ ကြီးတွေ ကို ပင်လယ် လှိုင်းလုံးကြီးတွေက လာရိုက်တဲ့အခါ ပန်းထွက်လာတဲ့ ရေတွေကို ကြည့်ရှု ခံစားကြတာပါ။ အထပ် အထပ်လိုက် ဖြစ်နေတဲ့ Pancake ပုံစံ ကျောက်တုန်းကြားက ရေတွေ လွှင့်စင်ထွက်လာပြီ ဆိုရင် အင်မတန် ကြည့်ကောင်းပါတယ်။
အဲဒီ မြင်ကွင်းကြည့်ရဖို့ ငှက်ပျောတောလို အပင်တွေကြားက လမ်းကလေးကနေ တောင်ကုန်းပေါ် တက်ရပါတယ်။ အပေါ်စီး ရောက်တဲ့အခါ ပြင်းထန်တဲ့ လေတိုက်အားကြောင့် လွင့်မပါအောင်တော့ သတိထားရပါတယ်။ အရမ်း အေးလွန်းပြီး လေတိုက်နှုန်း မြင့်တာမို့ အကြာကြီးတော့ မကြည့်နိုင်ပါဘူး။ ကိုယ့်နိုင်ငံမှာ မမြင်ရတဲ့ သဘာဝအလှ ကတော့ ဖမ်းစားနိုင်လွန်းပါတယ်။
ဟမ်းမားစပရင်း ရေပူစမ်းကို ရောက်ပြီ
တနေ့လည်လုံး မောင်းလာပြီးတော့ ရေပူစမ်းရှိတဲ့ နေရာကို ည ၇ နာရီလောက် ရောက်ကြပါတယ်။ ဟိုတယ်မှာ အထုတ်တွေ ထားပြီးတာနဲ့ ညစာစား၊ အိပ်စက်ကြပါတယ်။ မနက်စောစော ရောက်တာနဲ့ ကျမတို့ ရေပူစမ်းရှိတဲ့ နေရာကို သွားကြပါပြီ။ ရာသီဥတုက အရမ်း ချမ်းတာကြောင့် ရေပူလာစိမ်ပြီး ဇိမ်ယူကြတဲ့ သူတွေက အများကြီးပါ။ အဲဒီမှာ ရေကူးဝတ်စုံ ငှားနိုင်ပါတယ်။ ရေပူစမ်းအတွင်းမှာ public pool , private pool ဆိုပြီး ခွဲထားပါတယ်။ အများသူငါ စိမ်ကြတဲ့ကန်တွေမှာတော့ လူတွေ အများကြီး ဝိုင်းစိမ်နေကြပြီးတော့ ဈေးသက်သာပါတယ်။ သီးသန့်ကန်တွေ ကတော့ အတွင်းဘက်မှာ လုပ်ထားပြီး ကိုယ့်အခန်းနဲ့ကိုယ် Jaccuzi စိမ်သလိုပါပဲ။ ကျမနဲ့ ရီဘက်ကာက သီးသန့်အခန်းမှာ စိမ်ကြပြီး၊ မီကိတို့ သားအဖကတော့ အများကန်ထဲမှာ စိမ်ကြပါတယ်။
ရေပူစိမ်တာကြောင့် ခရီးပန်းထားသမျှ အကုန်ပြေပျောက်တာကတော့ အမှန်ပါပဲ။ ရာသီဥတုကြောင့် အပြင်ဘက်မှာ စိမ်တဲ့ သူတွေဟာ အေးတဲ့ ဒဏ်ကော အနွေးဒဏ်ပါ ပေါင်းခံကြရပါတယ်။ ဒါပေမယ့် ဒီရာသီဥတုနဲ့ နေသားကျနေသူ တွေ အတွက်တော့ ဘာမှ မဖြစ်ပေမယ့် ဒီလိုရာသီဥတုမျိုး မခံစားဖူးတဲ့ ကျမ အတွက်တော့ အအေးဒဏ် တော်တော် ခံလိုက်ရပါတယ်။
ရေပူစမ်းကနေ ပြန်အထွက် ခရိုက်စ်ချာ့ချ်မြို့ကို တခါတည်း ပြန်မောင်းမှာ ဖြစ်တာကြောင့် နေ့လည်စာကို ဟမ်းမားစပရင်းမှာပဲ အိန္ဒိယ အစားအစာ စားလိုက်ကြပါတယ်။ အဲဒီကနေ လမ်းမတလျှောက် သဘာဝအလှတွေ ထပ်ကြည့်လို့ ရအောင် ကားမောင်းပြီး ပြန်လာကြပါတယ်။ လမ်းတလျှောက်မှာ နွားစားကျက်မြေတွေ၊ သိုးတွေ၊ သိပ်လှတဲ့ စပျစ်ခင်းတွေနဲ့ စိတ်ဝင်စားစရာ Frog Rock လို ဖားပြုတ်ပုံစံ ကျောက်တုံးတောင်တွေ မြင်တွေ့ခဲ့ရပါ သေးတယ်။
အဲဒီလမ်းတလျှောက်မှာပဲ နွေဦးကမ်းခြေ လို့ ခေါ်တဲ့ Summer Beach ကို ဝင်ခဲ့ပါသေးတယ်။ ကမ်းခြေဆိုပြီး ရေထဲ ဆင်းစိမ်ဖို့ ကြိုးစားတဲ့ ကျမဟာ ခဲမတတ်အေးနေတဲ့ ရေကြောင့် ကုန်းပေါ် အမြန်ပြေးတက်ခဲ့ရတဲ့ အထိပါ။ ကမ်းခြေတလျှောက် စားလို့ရတဲ့ ခရုတွေ အမြောက်အများ တွေ့ရပါတယ်။ ကမ်းခြေဘေးမှာတော့ လူနေအိမ်ခြေတွေ ရှိပါတယ်။ ဈေးလည်း ကြီးလှပါတယ်။ အဲဒီကနေ တဆင့် ကျမတို့ ခရိုက်စ်ချာ့ချ်မြို့ကို ပြန်ရောက်ပါတယ်။ တညအိပ်ပြီးတဲ့ နောက်နေ့မှာတော့ ဝယ်လင်တန်မြို့ကို လေယာဉ်နဲ့ ပြန်ခဲ့ကြပါတယ်။
ဘယ်လိုပဲ ပြောပြော ကျမအတွက် ၂ ရက်ကျော်ကြာ ခရီးဟာ သိပ်တန်ဖိုးရှိပြီး၊ ကိုယ် မမြင်မတွေ့ရဖူးတဲ့ သဘာဝတွေ၊ ရှုခင်းတွေဟာ တသက်တာ အတွက် အမြဲအမှတ်ရနေမယ့် ခရီးပါ။ နယူးဇီလန်နိုင်ငံကို အလည်အပတ် သွားဖို့ စီစဉ်နေသူတွေ ဆိုရင်တော့ ဒီလို ခရီးမျိူး ဖန်တီးဖို့ စီစဉ်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)