တောင်ကိုရီးယား အခြေစိုက် Samsung ရဲ့ နောက်ဆုံးထုတ် မော်ဒယ် S8 အနေနဲ့ ဖုန်းမော်ဒယ် နှစ်ခုစာ အောင်မြင်မှု ရရှိအောင် ကြိုးစားရမယ့် အနေအထား ဖြစ်နေပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ နှစ်အတွင်းက Galaxy Note 7 မော်ဒယ်မှာ ဘက်ထရီပိုင်း အားနည်းချက်ကြောင့် အောင်မြင်မှု မရခဲ့လို့ပါ။ ဒါကြောင့်လည်း အခု S8 မှာ ဈေးကွက်ဝင်ဖုန်းတွေ အားလုံးထက် သာလွန်ကောင်းမွန်တဲ့ ဖန်တီးမှုတွေနဲ့ ဈေးကွက်ထဲ ရောက်ရှိလာတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း အခုချိန်ထိတော့ S8 အနေနဲ့ အကောင်းဆုံး ဖုန်းအဖြစ် လက်ခံရလောက်တဲ့ အထိ အောင်မြင်မှု မရသေးပါဘူး။ အသေးစား ပြသနာတွေ ဖြစ်တဲ့ ပြသမျက်နှာပြင်မှာ အနီရောင်ပြေးလေးတွေ မြင်ရတာတွေ၊ Wi-Fi ချိတ်ဆက်မှု အပိုင်း အားနည်းချင်တာတွေ၊ မထင်မှတ်ပဲ Restart ကျသွားတတ်တာလေးတွေ ရှိနေတယ်လို့ သုံးစွဲသူတွေ ထံကနေ သိရပါတယ်။ အခု နောက်ထပ် Samsung ရဲ့ လိမ်ညာခဲ့ဟန်ရှိတဲ့ အချက်တချက်ကို တွေ့လာရ ပြန်ပါတယ်။
အခု S8 မော်ဒယ်မှာ UFS 2.1 ဆိုတဲ့ သတင်းအချက်အလက် သိမ်းဆည်းနိုင်မှု စနစ် ထည့်ထားတာ တွေ့ရပါတယ်။ ဒီစနစ်ဟာ Samsung ရဲ့ ဖန်တီးမှုတွေထဲမှာ အမြန်ဆုံး သိမ်းဆည်းစနစ် အဖြစ် မှတ်တိုင်စိုက်ထူ အောင်မြင်နေတဲ့ စနစ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် SamMobile ရဲ့ စောင့်ကြည့်မှုအရတော့ မကြာသေးခင်ကပဲ Samsung အနေနဲ့ မူလ သူ့ရဲ့ S8 ဆိုင်ရာ အသေးစိတ် ဖော်ပြချက် စာရင်းကနေ အဆိုပါ UFS 2.1 အချက်ကို ဖယ်ထုတ်လိုက်တာ တွေ့ရခြင်းပဲ ဖြစ်ပါတယ်။
မူလ ဖော်ပြချက်မှာတော့ UFS 2.1 စနစ် ပါရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သလို ဈေးကွက်နဲ့ ရောင်းချတဲ့ ဆိုင်တွေ အပေါ် မူတည်ပြီး အနည်းငယ် ကွာခြားချက် ရှိနိုင်တယ် လို့ ဆိုထားတာပါ။ ဒါပေမယ့် အခုတော့ Samsung က S8 မော်ဒယ်မှာ UFS 2.1 စနစ်ကို သုံးနိုင်မယ် ဆိုတဲ့ အချက်ကို လုံး၀ ဖယ်ထုတ်လိုက်တာ တွေ့ရပါတယ်။
Xda-Developers ဆိုတဲ့ Website မှာ S8 သုံးသူတွေက Post တွေ တင်ပြ မှတ်ချက်ပေးမှု အပိုင်းမှာတော့ အခု S8 မော်ဒယ်မှာ Snapdragon 835 အမည်ရှိ Processor ကိုပဲ သုံးထားပြီး သူ့ရဲ့ အချက်အလက် သိမ်းဆည်းနိုင်မှု စနစ်က UFS 2.0 အဆင့်လောက်ပဲ ရှိပြီး နှေးနေတယ် လို့ ဆိုပါတယ်။
အထူးသဖြင့်တော့ အမေရိကန် ဈေးကွက်အတွက် ရောင်းချတဲ့ S8 မော်ဒယ်တွေဟာ ကျန်တဲ့ တခြား နိုင်ငံတွေမှာ ရောင်းချတဲ့ မော်ဒယ်တွေထက် ပိုပြီး နှေးနေတာပါ။ SamMobile က UFS စနစ်တွေရဲ့ မြန်နှုန်း ကွာခြားချက်ကိုလည်း တင်ပြထားတာ တွေ့ရပါတယ်။ တကယ်တမ်းဆိုရင် UFS 2.0 အနေနဲ့ တစက္ကန့်ကို 300 MB နှုန်းပဲ သိမ်းဆည်းစနစ်က လုပ်ဆောင်နိုင်တာ ဖြစ်ပြီး UFS 2.1 ကတော့ 800 MB နှုန်းနဲ့ သိမ်းဆည်းပေးနိုင်တာပါ။ ဒီလို နှုန်းကွာခြားချက်က ပုံမှန် ဖုန်းသုံးသူတွေ အတွက်တော့ သိပ်ပြီး ထူးခြားမှု မရှိဘူးလို့ ဆိုပါတယ်။ ရှေ့ပိုင်းမှာ ထွက်ရှိခဲ့တဲ့ S မော်ဒယ် တန်းဝင်တွေ အားလုံးကလည်း UFS 2.0 ကိုပဲ သုံးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ဆိုလိုရင်းကလည်း S8 အနေနဲ့ UFS 2.1ကို သုံးနိုင်သင့်တယ် လို့ ဆိုလိုခြင်း မဟုတ်ပဲ Samsung အနေနဲ့ အစကတည်းက အသေးစိပ် အချက်အလက် မှန်ကို ဖော်ပြသင့်တယ် လို့ ဆိုချင်ကြတာပါ။ ဒီနေရမှာ အသေးစိတ် အချက်အလက်နဲ့ ပတ်သတ်ပြီး ဖုံးကွယ်မှု ဖြစ်ရပ်ဟာ တကယ်တော့ Samsung တခုတည်းကနေ လုပ်ဆောင်နေတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲက ဆိုရင် Huawei ကုမ္ပဏီ အနေနဲ့လည်း အခုလို ဖုံးကွယ်မှုမျိုး လုပ်ဆောင်ခဲ့တာ တွေ့ရပါသေးတယ်။ မူလက Huawei အနေနဲ့ သူ့ရဲ့ မော်ဒယ်သစ် P10 မှာ အခုလို UFS စနစ်ပါမယ် လို့ ကြော်ငြာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခု UFS စနစ်နဲ့ ပတ်သတ်ပြီး P10 ရဲ့ အသေးစိတ် အချက်အလက် စာရင်းကနေ ပြန်ပြီး ဖျက်သွားခဲ့တာလည်း တွေ့ရပါတယ်။ ။
www.bgr.com