“ကြင်နာမှု အထိမ်းအမှတ် အဖြစ်၊ တွယ်တာမှု အထိမ်းအမှတ် အဖြစ် K.I.S.S” ဆိုတဲ့ အနမ်း အကြောင်း လေ့ကြရ အောင်ပါ။ အနမ်း နဲ့ ပတ်သက်ပြီး လေ့လာတဲ့ ပညာရပ်ကို philematology လို့ ခေါ်ပါတယ်။ ရှေးခေတ် ဂရိဘာသာ စကား ဖြစ်တဲ့ philos ကနေ လာတာဖြစ်ပြီး၊ အဓိပ္ပာယ်က “earthly love” ၊ တနည်းအားဖြင့် “လက်တွေ့ဘဝနဲ့ သက်ဆိုင်သော ချစ်ခြင်း” ပါပဲ။ အနမ်း နဲ့ ပတ်သက်ပြီး www.quora.com မှာ ပြောဆို ဝေဖန် ဆွေးနွေးကြတာကို အခြေခံပြီး တင်ပြပါမယ်။
တကယ်တော့ အနမ်း တွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တဦးနဲ့ တဦး၊ တယောက်နဲ့ တယောက် ဘယ်အချိန်မှာ နမ်းကြသလဲ။ ပျော်ရွှင်တဲ့ အခါမျိုးမှာ၊ စိတ်လှုပ်ရှားတဲ့ အခါမျိုးမှာ၊ ရင်ခုန်ရတဲ့ အခါမျိုးမှာ နမ်းကြတာ တွေ့ရပါတယ်။ ဒေါသဖြစ်နေတဲ့ သူဆီမှာ အနမ်း မရှိ သလို စိတ်ဆိုးလို့ နမ်းတယ် လို့လည်း မတွေ့ကြရပါ။
ဘယ်သူတွေက ဘယ်သူ့ကို နမ်းကြသလဲ။ မိဘနဲ့ သားသမီးကြား၊ ညီအစ်ကို မောင်နှမများကြား၊ ခင်မင်ရင်းနှီးသူများ ကြား၊ ချစ်သူများကြား၊ လက်တွဲဖော်များကြား နမ်းကြပါတယ်။ သုတေသနပြု လေ့လာချက်တွေ အရ အနမ်း နဲ့ ပတ်သက်လာရင် အမျိုးသားတွေက သိပ်ဇီဇာကြောင်တာမျိုး မရှိဘဲ အမျိုးသမီးတွေကတော့ တော်တော်လေး ဇီဇာကြောင်ကြပါသတဲ့။
အံ့သြစရာ ကောင်းတာက အနမ်းတွေဟာ တဦးရဲ့ စိတ်ပိုင်းဆိုင်ရာကို တဦးက အားပေးမြှင့်တင်ပေးနိုင်တဲ့ အပြင် ရုပ်ပိုင်းဆိုင်ရာ အရလည်း အားလည်း ပြည့်ဝစေတယ် လို့ သုတေသန ပြုချက်တွေမှာ ဖော်ပြထားပါတယ်။
နမ်းနေကြတဲ့ သူများ အချင်းချင်း ရေ ၉ မီလီဂရမ်၊ ပရိုတိန်း သုည ဒသမ ၇ မီလီဂရမ်၊ အော်ဂင်းနစ် ကွန်ပေါင်း သုည ဒသမ ၁၈ မီလီဂရမ်၊ အဆီ သုည ဒသမ ၇၁ မီလီဂရမ်၊ ဆိုဒီယမ်ကလိုရိုဒ် သုည ဒသမ ၄၅ မီလီဂရမ် အပြန်အလှန် တုံ့နှင်း ဖလှယ်ပေးတယ်၊ တွန်းအားပေးတယ်၊ နှိုးဆွပေးတယ် လို့ တွက်ချက်မှုမှာ ဖော်ပြထားပါတယ်။
အနမ်း တခု အတွက် အနည်းဆုံး ကြွက်သား ၂ ခု လှုပ်ရှားရပြီး စွမ်းအင်ပမာဏ ၂ ကယ်လိုရီကနေ ၃ ကယ်လိုရီ အထိ သုံးကြရပါတယ်။ တကယ်လို့ ချစ်စိတ်ပြင်းပြင်းနဲ့ အနမ်းတွေ အတွက်တော့ မျက်နှာပြင်ဆိုင်ရာ ကြွက်သား ၃၄ ခု လှုပ်ရှားရပြီး၊ အနေအထား အမျိုးမျိုးပေါ် မူတည်ပြီး ကြွက်သား ၁၁၂ ခု အထိ လှုပ်ရှားကြရပြီး တမိနစ်မှာ စွမ်းအင်ပမာဏ ၂၆ ကယ်လိုရီ သုံးကြရပါတယ်။
အနမ်း တွေက ဟော်မုန်းဓာတ်ကို ပြောင်းလဲသလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အမျိုးသားတွေကို အချစ်ဟော်မုန်း လို့ ခေါ်တဲ့ Oxytocin တိုးပွားစေပေမယ့် အမျိုးသမီးတွေကိုတော့ လျော့ကျစေပါတယ် လို့ Rutgers တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင် Hellen Fisher ပြောပါတယ်။ ။
ညွှန်း – www.quora.com