ဈေးကွက်မှာ အကောင်းဆုံးလို့ ဆိုတဲ့ Honda Scoopy Flying Higher ဆိုင်ကယ်
ပြည်တွင်းဈေးကွက်မှာရော အာရှမှာပါ အခု နောက်ပိုင်း အသုံးများလာတာကတော့ CVTပုံစံ ဂီယာစနစ်နဲ့ သွားတဲ့ ဒေသအခေါ် Autoဘီးတွေပဲ ဖြစ်ပါတယ်။ Yamaha Fino တွေ လွန်ခဲ့တဲ့ ၅နှစ်လောက်က စပြီး လူကြိုက်များလာ မှုနဲ့အတူ အခုလို Scooter တန်းဝင် ဆိုင်ကယ်တွေ လူကြိုက်များလာမှုက အခုထိ အားကောင်းဆဲပါ။
အခု မော်ဒယ်က Finoနဲ့ ရုပ်ထွက်ချင်း ဆင်ပေမယ့် Yamaha မဟုတ်ဘဲ ပြည်တွင်းမှာ လူကြိုက်အများဆုံး ဆိုင်ကယ်အ မှတ်တံဆိပ် Hondaရဲ့ မော်ဒယ်ပါ။
အရင်ဆုံး မော်ဒယ်ရဲ့အားသာချက်ကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ အရည်အသွေးပိုင်းမှာတော့ ပြည်တွင်းဈေး ကွက်မှာတင် အာရှဈေးကွက်တခုလုံးက အကောင်းဆုံးလို့ မှတ်ချက်ပေးထားကြပါတယ်။
အာရှရဲ့ တရုတ်၊ ဗီယက်နမ်၊ ထိုင်းစတဲ့ နိုင်ငံတွေက နာမည်ကျော်ဆိုင်ကယ် အရောင်းအဝယ်နဲ့ သတင်း Websiteတွေမှာ လူကြိုက်အများဆုံး မော်ဒယ်အဖြစ်ရော စိတ်ကြိုက်ဖြစ်မှုတွေပါ တွေ့နိုင်ပါတယ်။
အင်ဂျင်က ၁၂၅ စီစီသုံး အင်ဂျင်တွေလို စွမ်းဆောင်ရည် ကောင်းမွန်တယ်၊ ပစ္စည်းထည့်ခန်း ကျယ်ဝန်းကောင်းမွန်တယ်၊ ဆီ စားနှုန်း ချိုသာတယ်၊ ခရီးတဆက်တည်း မောင်းနှင်နိုင်မှု အားကောင်းတယ်၊
လမ်းကြမ်းပိုင်းလည်း ရုန်းကန်နိုင်မယ်၊ အပို ပစ္စည်းပေါတယ်၊ ဖန်တီးမှု ရိုးရှင်းလို့ ပြင်ဆင်ရလွယ်ကူပါတယ်။
ဆိုင်ကယ်က Scooter တန်းဝင်မော်ဒယ်ပါ။ ဘရိတ်စနစ်တွေက လက်ကိုင်မှာပဲ ထည့်ထားပါတယ်။ ရှေ့ဘက်ဘရိတ်က Hydraulic နဲ့ ဖြစ်ပြီး နောက်ဘက်ကတော့ Drumနဲ့ သွားပါတယ်။
ဂီယာချက် ပြောင်းလဲမောင်းနှင်စရာ မလိုပါဘူး။ လီဗာ အတင်အချနဲ့တင် ဆိုင်ကယ်ကို သုံးနိုင်ပါတယ်။ မြေပြင်ကနေ ၁၄၀ မီလီမီတာ အကွာမှာ ကိုယ်ထည်သားရှိပါတယ်။
လမ်းကြမ်းစီးနင်းနိုင်မှုက အနည်းဆုံး ၁၂၀ မီလီရှိရမယ့်အနေအထားမှာ အခုအကွာအဝေးက စိတ်ကြိုက်ပါပဲ။ အလေးချိန် က ၉၆ ကီလိုပါ။ ပေါ့ပါးတယ်၊ ဆီတိုင်ကီမှာ ဆီ ၃.၇လီတာ ဆံ့မှာ ဖြစ်လို့ ဆီထည့်လိုက်ရင်တော့ ကီလို၁၀၀ ဝန်းကျင်ဖြစ် လာမှာပါ။
ရှေ့ဘက် Suspension စနစ်က Telescopic ပါ။ နှစ်ချောင်းထောက် ပုံစံဖြစ်ပြီး မြို့တွင်းသုံးနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေ အတွက် အကောင်းဆုံးပါပဲ။ နောက်ဘက်ကတော့ Aစနစ် ဖြစ်ပြီး တချောင်းထောက် ပုံစံပါ။ ဝန်အများအပြား တင်ဖို့တော့ မသင့်ပါဘူး။
အင်ဂျင်ပိုင်းမှာက 4 Stroke အင်ဂျင်ပါ၊ ၁၁၀ စီစီသုံး အရွယ်ပါ။ လည်ပတ်အား တမိနစ် အပတ်ရေ ၈၀၀၀ ထိအောင်ရမှာ ပါ။ စွမ်းအင်ကီလိုဝပ်၂၇ ထုတ်ပေးနိုင်ပါတယ်။ Clutch စနစ်မှာ Auto ဖြစ်ပြီး V-Matic စနစ်နဲ့ လည်ပတ်အားကို လီဗာ အတင်အချပေါ်မှာ မူတည်ပြီး ဆိုင်ကယ်ကို ရွှေ့လျားစေမှာပါ။ ထည့်သွင်းဘက်ထရီက 12 Vဘက်ထရီပါ။ အပိုဘက်ထရီ ပေါပါတယ်။
ဆီစားနှုန်းမှာ ဆီတလီတာကို မိုင် ၃၀လောက်ထိအောင် စီးနင်းနိုင်မှာပါ။ ၁၄လက်မအရွယ် ဘီးတွေနဲ့ ဖြစ်ပြီး တာယာတွေ မှာ ရှေ့ဘက်က 80/90 14Mနဲ့ နောက်ဘက်က 90/90 14M တွေ ထည့်သွင်း တပ်ဆင်ထားပါတယ်။ တကယ်လို့ နောက် ပိုင်း တာယာတွေလဲရင် နောက်ဘက်တာယာက Grade တဆင့် မြင့်တာကို ပြန်ပြီး အစားထိုး ထည့်ဖို့ မမေ့ပါနဲ့။
ပြည်တွင်းဈေးကွက်မှာလည်း လူငယ်တွေအကြိုက် မော်ဒယ်အဖြစ် ရပ်တည်နေပြီး ကျောင်းသူ၊ ကျောင်းသူတွေ နှစ်သက်မှု ပိုများတာ တွေ့ရပါတယ်။ တက္ကသိုလ်ကျောင်းကြီးတွေရှိတဲ့ မြို့တွေမှာ အခု Scoopy Flying Higherကို ပိုပြီး နှစ်သက်တာ တွေ့ရပါတယ်။
တောင်ငူ၊ ပြည်၊ မကွေး၊ တောင်ကြီး၊ မန်းဈေးကွက်တွေမှာ အများဆုံး စီးနင်းတာ တွေ့ရပြီး အရောင်ပိုင်းမှာလည်း အဝါ၊ အပြာ၊ အနီ၊ အဖြူ၊ အနက်၊ ခရမ်းစသဖြင့် အရောင်စုံ ရနိုင်ပါတယ်။
မော်ဒယ်အနေနဲ့တော့ ၂၀၁၆ခုနှစ် မော်ဒယ်ဆိုရင် တနှစ်အောက် ဖြစ်သွားလို့ အရင်နှစ်က ၂၂သိန်းခွဲ ရှိပေမယ့် အခုတော့ ၂၁ သိန်းလောက်ပဲ ရှိပါတော့တယ်။
အခုနှစ်မော်ဒယ်လည်း ဈေးကွက်ထဲမှာ ရနိုင်နေပြီး ၂၅သိန်း ဝန်းကျင် ပေါက်ပါတယ်။ ၂၀၁၇ မော်ဒယ်ကိုတော့ Chassis ပိုင်းမှာ မော်ဒယ်နှစ် သေချာစစ်ပြီးမှ ဝယ်ပါ။ ဈေးကွက်တိုင်းမှာ မော်ဒယ်သစ် မဝင်သေးလို့ ဖြစ်ပါတယ်။