မန္တလေးမြို့ရဲ့တောင်ဘက် တောင်သမန်အင်းအနီး တောင်လေးလုံး ကျောင်းတိုက်အတွင်းမှာ ကဆုန်လ ပြည့်နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူတွေ စုဝေးရောက်ရှိနေကြတယ်။ ကျောင်းတိုက်အတွင်းက သူဌေးဘုရားရင်ပြင်တော်ပေါ် မှာ လာသမျှ ဧည့်သည်တွေကို အယုတ်အလတ်အမြတ်မရွေး နာမည်ကျော် ကသည်းချက်နဲ့ဧည့်ခံနေတဲ့ မြင်ကွင်းက ကြည်နူး စရာပါ။
ထမင်းစားသောက်ပြီးသူတွေကို ဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျောတွေနဲ့ပါ ဧည့်ခံနေပါသေးတယ်။ ကျောင်းတိုက်အ တွင်းဝင်ရာလမ်းက စက္ကူပန်းရုံအောက်မှာ မြို့ခံစာရေးဆရာတွေ အနုပညာရှင်တွေ အေးအေးလူလူစကား ဝိုင်းဖွဲ့နေကြ တယ်။
သူတို့အားလုံး တောင်လေးလုံးကျောင်းထိုင်ဆရာတော် အရှင်ပညာဇောတ (ကိုပညာ အမရပူရ) တနှစ်ပြည့် အမှတ်တရ ပွဲကို လာကြတာဖြစ်ပါတယ်။
ဆရာတော် ကိုပညာ (အမရပူရ)က စာပေအနုပညာရှင်တွေ လေးစားအားထားရတဲ့ ရဟန်းစာဆိုဖြစ်တယ်။ ဆရာတော်က လောကီစာပေသာမက ပတ္တိယတ္တိစာပေဘက်မှာလည်း ထူးချွန်သူဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက ဓမ္မာစရိယဘွဲ့ကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။
မန္တလေးမြို့မှာ ကျင်းပတဲ့စာပေအနုပညာဆိုင်ရာပွဲတိုင်းကို တောင်လေးလုံးကျောင်းတိုက်မှာ လက်ခံကျင်းပပေးခဲ့တယ်။ အ ထူးသဖြင့် လူထုဒေါ်အမာရဲ့မွေးနေ့ပွဲ၊ အိုးေ၀ ဦးညိုမြ အမှတ်တရပွဲ၊ ဝတ္တုတို ဖတ်ပွဲ၊ ဒေါက်တာသန်းထွန်း စာတမ်းဖတ်ပွဲ၊ ပြည်သူချစ်သောအနုပညာသည်များ စာအုပ်ငွေရတုပွဲစတဲ့ ပွဲလမ်းသဘင်တွေ ကျင်းပခဲ့တဲ့ ဘူမိနက်သန်နေရာမှန်ဖြစ် တယ်။
ယုတ်စွအဆုံး ပွဲတွေ ဘယ်လောက်ထိကျင်းပသလဲဆိုရင် ရုပ်ရှင်မင်းသား( ဦး) ထွန်းဝေနဲ့ ဒါရိုက်တာ (ဦး)ဝင်းဖေတို့ အကယ်ဒမီမရလို့ဆိုပြီး အကယ်ဒမီ မရခြင်း အထိမ်းအမှတ်ပွဲတွေသည်ပင် လုပ်ခဲ့ကြတဲ့နှစ်တွေ ရှိခဲ့တယ်။ စာပေအနုပညာရှင်တွေ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ ဆရာတော်ရဲ့ဆက်ဆံရေး ချောမွေ့နေတာကို အာဏာပိုင်တွေ က မလိုလားခဲ့ပါဘူး။
စစ်အစိုးရလက်ထက်မှာ တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ကိုပညာ(အမရပူရ)ကို ဖိအား အမျိုးမျိုးပေးခဲ့ကြတယ်။ ဆရာတော်ကျောင်းနဲ့ မျက်နှာချင်းဆိုင် တောင်မင်းကြီးဘုရားမှာ အာဏာပိုင်တွေရဲ့လက်ကိုင်တုတ်တွေက အချိန်ပြည့် စောင့်ကြည့်နေပြီး သတင်းပေး သတင်းယူတွေလုပ်ခဲ့ကြတယ်။ လူဝတ်လဲဖို့အထိ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ ဆရာတော် ခံခဲ့ရတယ်။ အထူးသဖြင့် ၁၉၉၇-၂၀၀၇ ဆယ်စုနှစ်ကာလ အတွင်းမှာ အတင်အကျပ်ဖိအားတွေကို နိုင်သလောက် ဆန့်ကျင်ရင်း လောကီလောကုတ္တရာ အလုပ်တွေ အားထုတ်ခဲ့ရ တယ်။
အစုအဆောင်းကောင်းတဲ့ သုတေသီရဟန်းဖြစ်လို့ တောင်သမန်ဝန်းကျင်က တွေ့ခဲ့ရသမျှ ဆေးတံ၊ မြေအိုး၊ ပေ၊ ပုရပိုဒ် စ တဲ့ ရှေးဟောင်းပစ္စည်းလေးတွေ စုဆောင်းထားသူဖြစ်တယ်။ စုဆောင်းရရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းလေးတွေနဲ့ပတ်သက်ပြီး တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများဆိုတဲ့ သုတေသနကျမ်း စာအုပ်ရေးသားပြုစုနိုင်ခဲ့တယ်။ အဲဒီစာအုပ်ကို ယနေ့မန္တလေး စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆု သုတပဒေသာ (ဝိဇ္ဇာ) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တယ်။
ဆရာတော် သီတင်းသုံးခဲ့တဲ့ တထပ်ကျောင်းဆောင်လေးက ဆရာတော် သက်ရှိထင်ရှားရှိစဉ်ကအတိုင်း ဘာမှမပြောင်းလဲ သေးဘူး။ စာအုပ်ဘီရိုကြီးတွေရှိတယ်။ ပန်းချီကားချပ်အချို့ချိတ်ဆွဲထားတယ်။ ဆရာတော်ရဲ့ကိုယ်တပိုင်းပုံဓာတ်ပုံရှေ့မှာ ဖယောင်းတိုင် ထွန်းညှိ ပူဇော်ထားတယ်။ အတွင်းခန်းထဲမှာတော့ ဒေါက်တာသန်းထွန်းပုံ ဗီနိုင်းတခု ချိတ်ဆွဲထားတယ်။ ဆရာတော့် ဓာတ်ပုံအနီးမှာ သတင်းစာဆရာမကြီး လူထုဒေါ်အမာပုံပါတဲ့ ပန်းကန်ပြားတချပ် ထောင်ထားတယ်။ ဆရာတော် ရှိစဉ်ကအတိုင်းပါပဲ။
ဆရာတော် သက်ရှိထင်ရှားရှိစဉ်ကလည်း အနေအထိုင်ရိုးတယ်။ ခပ်အေးအေးပဲနေပြီး စာပေသမားတွေအပေါ် အမြဲငဲ့ညှာ ခဲ့တယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းလည်း သုတေသနစာတမ်းအချို့တောင်လေးလုံးကျောင်းတိုက်မှာ ရေးသွား ခဲ့တယ်။ စာရေးဆရာမ (ဒေါ်)ကလျာလည်း ဆရာတော့်ကျောင်းမှာနေပြီး စာတွေရေးခဲ့တယ်။
ဆရာတော့်ကျောင်းကို လာဖူးသူတွေ စုံလှတယ်။ ဟံသာဝတီ ဦးဝင်းတင်၊ တော်ဘုရားလေး၊ လေထီး ဦးအုန်းမောင်၊ လင်း ယုန်မောင်မောင်၊ ဒဂုန်တာရာ၊ သခင်အောင်ဖေ၊ လူထုစိန်ဝင်း၊ ရွှေဘိုမိမိကြီး၊ ရေနံမြေစု၊ ငွေဥဒေါင်း၊ မြသန်းတင့်၊ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်ဝံသ၊ မောင်မိုးသူ၊ မောင်သစ်လွင်(လူထု)၊ အံ့မောင် ၊ မြန် မာမှု တမ္ပဝတီ ဦးဝင်းမောင် စတဲ့သူတွေ လာရောက်ခဲ့ကြတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပင် တောင်လေးလုံးကျောင်းတိုက်ကို လာခဲ့ဖူးတယ်။ အခု (၈၈) ငြိမ်း/ပွင့် က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုမာကီး စတဲ့သူတွေလည်း လူထုဒေါ်အမာရဲ့ တခုသောမွေးနေ့ပွဲ ကျင်းပ ချိန်မှာ တောင်လေးလုံးကိုလာခဲ့ကြသေးတယ်။
ဗြိတိန်သံအမတ် ဗစ်ကီဘိုးမန်းလည်း တာဝန်ထမ်းဆောင်စဉ်ကာလတွေမှာ တောင်သမန်အင်းစောင်းက တောင်လေး လုံးကျောင်းကို အရောက်လာခဲ့ဖူးတယ်။
သူဌေးဘုရားရင်ပြင်မှာ စာပေနယ်က ပုဂ္ဂိုလ်ကျော်တွေရဲ့အထိမ်းအမှတ်ကျောက်တိုင်တွေ စိုက်ထူထားတယ်။ သတင်းစာ ဆရာကြီးဟံသာဝတီဦးဝင်းတင်၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည်အောင်စတဲ့သူတွေရဲ့ အထိမ်းအမှတ်ကျောက် တိုင်တွေကို စိုက်ထူထားပါတယ်။
ကဆုန်လပြည့်နေ့ မနက်ပိုင်းမှာတော့ ဆရာတော်ကိုပညာ(အမရပူရ) ကွယ်လွန်ခြင်းတနှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူဌေး ဘုရားရင်ပြင်ရဲ့အင်္ဂါထောင့်မှာ အထိမ်းအမှတ် စကျင်ကျောက်တိုင်ကို ဂန္တဝင် တောင်လေးလုံးမြတ်နိုးသူများ အဖွဲ့က စိုက်ထူ လိုက်ကြပါတယ်။ ဆရာတော်ရဲ့ဒကာမ အရင်းတွေဖြစ်တဲ့ လမင်းတရာ ပန်တျာဒေါ်ဌေးဌေးမြင့်နဲ့ ဒေါ်သူသူဝင်းတို့က အ ထိမ်းအမှတ် ကျောက်တိုင်ကို ဖွင့်လှစ်ပေးလိုက်ကြတာပါ။
ဆရာတော်ကို အမရပူရမြို့ အရှေ့ဆင်တိုင်ရပ်မှာ ခမည်းတော် ဦးသိန်းဖေ၊ မယ်တော် ဒေါ်အေးရွှေတို့က ၁၉၃၃ ခုနှစ် ဇန် နဝါရီ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးချင်း ၅ ဦးမှာ အကြီးဆုံးသားဖြစ်ပြီး ငယ်မည် မောင်မြသောင်း ဖြစ်ပါတယ်။ ၉နှစ် အရွယ်မှာ ရှင်သာမဏေပြုခဲ့ပြီး ဘွဲ့အမည်က အရှင်ပညာဇောတ ဖြစ်ပါတယ်။ သကျသီဟ အလင်္ကာရစာမေးပွဲကို ပထမ အဆင့်ဖြင့် အောင်မြင်ခဲ့ပြီး ဓမ္မာစရိယဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။
ဆရာတော်ရဲ့ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့စာမူက တောင်သမန် နံနက်ခင်းများ (၁၉၅၅) ကဗျာဖြစ်တယ်။ ၁၉၆၈ ခုနှစ်မှာ ကိုပညာ (အမရပူ ရ) ကလောင်အမည်ကို စတင်သုံးစွဲခဲ့တယ်။ ပျံလွန်တော်မူခါနီးအချိန်ထိ သမိုင်းဆိုင်ရာ စာပေများ ရေး သားခဲ့တယ်။ ၂၀၁၆ ခုနှစ် မေ ၂၁ ရက် (ကဆုန်လပြည့်)နေ့ နံနက်ပိုင်းက တောင်လေးလုံးကျောင်းမှာ သီတင်းသုံးရင်း ပျံ လွန်တော်မူခဲ့ပါတယ်။
ဆရာတော်နဲ့ ပတ်သက်လို့ လူပြောသူပြောအများဆုံးက စာပေအနုပညာသမားတွေပေါ်မှာ အနွံတာခံတာပါပဲ။ စာရေးဆရာ ကျော်ရင်မြင့်က “ဆရာတော်က စာပေအနုပညာနဲ့ပတ်သက်လာရင် သံယောဇဉ်ကြီးတယ်။ ဘယ်သူ့ကိုမဆို ကူညီဖို့ အသင့်ပါ ပဲ။ သူ့ဆီလာပြီး စာရေးသူတွေဆို နေစရာပါပေးထားသေးတာ၊ စစ်အာဏာရှင်လက်ထက် ဖိအားအမျိုးမျိုးကြားမှာ ကြံ့ကြံ့ ခံရပ်တည်ခဲ့တယ်”လို့ ပြောပါတယ်။
ဆရာတော် ကိုပညာ(အမရပူရ) ပျံလွန်တော်မူသွားပြီ ဖြစ်ပေမယ့် ဆရာတော်ရဲ့ စာပေလက်ရာတွေက စာပေဥယျာဉ်မှာ ဖူးပွင့်မွှေးပျံ့နေဦးမှာဖြစ်ပါတယ်။ စာပေကောင်းကင်ယံမှာလည်း ထွန်းလင်းတောက်ပနေတဲ့ ကြယ်တပွင့်ဖြစ်မှာ သေချာပါ တယ်။