ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းဟာ အခုဆိုရင် နယ်စပ်ဖြတ်ကျော် သဘာဝဘေးအန္တရာယ်တွေ (Trans-boundary disasters) နဲ့ ရင်ဆိုင်လာကြရတာ တွေ့ရပါတယ်။ ဒီ နယ်စပ်ဖြတ်ကျော် သဘာဝဘေးအန္တရာယ်တွေက လေထုကနေ တဆင့် ဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်တွေပါ။ ကုန်းမြေနဲ့ ရေပြင်ကို ပိုင်းခြား သတ်မှတ်လို့ ရပေမယ့် ကမ္ဘာ့ မြေမျက်နှာပြင်ကို ဖုံးအုပ် ထားတဲ့ လေထု လွှာကိုတော့ ပိုင်းခြား၊ ကန့်သတ်လို့ မရတာကြောင့် ကိုယ့်နိုင်ငံ ကိုယ့်ဒေသက ဘေးဖြစ်စေတဲ့ ဓာတ်ငွေ့တွေ မထုတ်ပေမယ့် တခြား ထုတ်တဲ့ နိုင်ငံတွေဆီက ဘေးဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ကိုယ်နိုင်ငံထဲကို လေက တဆင့် ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် အက်ဆစ်မိုး လို ဘေးအန္တရာယ် မျိုးပါ။
အက်စစ်မိုး ဘယ်လိုဖြစ်ပေါ်ရတာလဲ
လူက ပြုလုပ်လို့ပဲ ဖြစ်ဖြစ်၊ သဘာဝကြောင့်ပဲ ဖြစ်ဖြစ် ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ် ဓာတ်ငွေ့ နှစ်မျိုး လေထုထဲ ရောက်ရှိသွားခြင်းက အက်စစ်မိုး ဖြစ်ရခြင်းရဲ့ အကြောင်း အရင်းဖြစ်ပါတယ်။ ဒီဓာတ်ငွေ့တွေဟာ လေထဲမှာ ရှိတဲ့ ရေခိုးရေငွေ့နဲ့ ပေါင်းစပ်မိတဲ့ အခါ ဆာလဖျူရစ်အက်စစ်နဲ့ နိုက်ထရစ်အက်စစ်တွေ ဖြစ်သွားပြီး အက်စစ်မိုး အဖြစ်ရွာကျတာပါပဲ။ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေး၊ ဒီဇယ်၊ ဓာတ်ဆီတွေကို လောင်ကြွမ်းရာက ဖြစ်ပေါ်လာတဲ့ ဒီဓာတ်ငွေ့တွေဟာ မူလနေရာကနေ အဝေးကြီး အထိ ရောက်ရှိသွားနိုင်ပါတယ်။
အက်စစ်မိုးရဲ့ဘေးအန္တရာယ်
အက်စစ်မိုးကြောင့် လူနှင့် သက်ရှိသတ္တဝါများ အပြင် အပင်နဲ့ မြေပြင်ကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ စက်မှုလုပ်ငန်း တွေ ဖွံ့ဖြိုးတဲ့ ကနေဒါ၊ အမေရိကနဲ့ ဥရောပတခွင်မှာ သစ်တောပေါင်းများစွာမှာ ရေကန်နဲ့ မြစ်ပေါင်း ရာပေါင်းများစွာ ပျက်စီးခဲ့ပြီး၊ ကုန်းနေ ရေနေ သတ္တဝါတွေရဲ့ ဂေဟစနစ်ကိုလည်း ပျက်စီးထိခိုက်စေပါတယ်။ အဆောက်အဦများနဲ့ ရုပ်တု၊ ဗိသုကာ အဆောက်အအုံတွေကိုလည်း ထိခိုက်ပျက်စီး စေပါတယ်။ ကြွေပြားများ၊ ကျောက်ပြားများ အက်စစ်မိုးရဲ့ အက်စစ်ဓာတ်ကြောင့် ပျက်စီးစေနိုင်ပါတယ်။
ပြီးတော့ လေထုထဲက အိုဇုန်းဓာတ်ငွေ့ကို ဓာတ်ပြုထိခိုက်စေပြီး မီးခိုးမြူထု (smog) တွေ ဖြစ်လာစေပါတယ်။ အက်စစ်မိုးက နောက်ထပ် ထိခိုက်စေတာက လူသားတွေရဲ့ ကျန်းမာရေးပါ။ နိုက်ထရိုဂျင်အောက်ဆိုဒ် ဓာတ်ငွေ့က အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ ဖြစ်ပါတယ်။ ရှူရှိှုက်မိရင် အသက်ရှူလမ်းကြောင်းရဲ့အစိတ်အပိုင်း နံရံတွေကို ပျက်စီးစေတဲ့ အတွက် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေလည်း ဖြစ်စေပါတယ်။
အက်စစ်မိုးဟာ အသီးအနှံတွေ၊ မြေယာတွေကိုလည်း ထိခိုက်စေပါတယ်။ အက်စစ်အဆိပ်သင့်နေတဲ့ ရေတွေကို သောက်မိမယ်၊ အသားတွေကို စားမိမယ် ဆိုရင် ကလေးငယ်တွေမှာ အာရုံကြောနှင့် ဦးဏှောက်ပျက်စီးမှုတွေ ခံစားရစေပြီး အသက်သေသည် အထိ ဖြစ်စေနိုင်ပါတယ်။ အက်စစ်မိုးရဲ့ နောက်ထပ်ဆိုးကျိုးတခုကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်တဲ့ နှာစီးချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ ခေါင်းကိုက်ရောဂါနဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေ ရစေပါတယ်။
အက်စစ်မိုး အရမ်းပြင်းထန်လာရင်တော့ ထိတွေ့မိသမျှအရာအားလုံး နဲ့ ဓာတ်ပြုမိပြီး ထိခိုက်စေတဲ့ အပြင် အက်စစ်မိုးက သစ်တောတွေနဲ့ ပတ်ဝန်းကျင်ရေးရာတွေကို ထိခိုက်ပျက်စီးစေတာကြောင့် ရေရှည်မှာ လူသားများနဲ့ တိရစ္ဆာန်တွေ အားလုံး မျိုးတုံးသွားနိုင်ပါတယ်။
အက်စစ်မိုးကို ဖြစ်ပွားမှုကို ဘယ်လိုကာကွယ်မလဲ
သက်ရှိလောကနဲ့ လူသားထု တရပ်လုံး ပျက်စီးစေနိုင်တဲ့ အက်စစ်မိုးအန္တရာယ်ကို တားဆီးဖို့ ကာကွယ်ဖို့က အထူးသဖြင့်တော့ လူသားတွေမှာ တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာဗွန်နဲ့ ဆာလဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ လေထဲကို ရောက်အောင် လုပ်ဆောင်ခဲ့တာ တခြား သတ္တဝါတွေ မဟုတ်၊ လူသားတွေသာ ဖြစ်ပါတယ်။
ဒါကြောင့် အက်စစ်မိုး အန္တရာယ်ကို ကာကွယ်ကြဖို့ တဦး တယောက် တသင်း တဖွဲ့ကနေ အုပ်စု အသင်းဖွဲ့နဲ့ နိုင်ငံတဝှမ်း အထိ ကိုယ်စီ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။
ဆာလ်ဖာနဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ လေထုထဲ ရောက်ရှိမှု လျှော့ချဖို့ ရုပ်ကြွင်းလောင်စာတွေ လျှော့ချ သုံးစွဲရမယ်၊ ခရီးသွားတဲ့ အခါ တတ်နိုင်သလောက် မော်တော်ကား၊ မော်တော်ဆိုင်ကယ်ကို မသုံးဘဲ လမ်းလျှောက်ပါ၊ စက်ဘီးစီးပါ၊ စနစ်တကျနဲ့ အမှိုက်ကို စွန့်ပါ၊ air pollution, sound pollution, water pollution, land pollution စတဲ့ သဘာ၀၀န်းကျင်ကို ထိခိုက်စေတဲ့ အပြုအမူမျိုးကို ရှောင်ကြဉ်ပါ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ သုံးစွဲမှုကို ရှောင်ကြဉ်ပါ။
Ref : nationalgeographic.com