Lifestyle

“ဒုဌဝတီကိုလွန်၍” ရုပ်ရှင် ဖန်တီးရှင်နဲ့ တွေ့ဆုံခြင်း

လတ်တလော ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ နိုင်ငံခြားဇာတ်ကားဆန်ဆန် ရိုက်ချက်အလန်းစားတွေနဲ့ တစ်မိနစ်စာ ရုပ်ရှင်ကြော်ငြာတခုဟာ ပရိသတ်တွေအကြား ရေပန်းစားလို့နေပါတယ်။ အဲဒီဇာတ်ကားကတော့ လူငယ် ဒါရိုက်တာ အာကာ ရိုက်ကူးဖန်တီးထားတဲ့ The Mystery of Burma (ဒုဌဝတီကိုလွန်၍) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကြော်ငြာကို ကြည့်ရှုရသူ ပရိသတ်တွေအနေနဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကို အဆင့်အတန်းမီမီ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ရိုက်ကူးဖန်တီးလာနိုင်ကြပြီဆိုတဲ့ အားပေးသံတွေ ညံလာခဲ့တာလည်းဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တွေအဖြစ် နိုင်းနိုင်း၊ အမွန်း နဲ့ ဇော်ဇော်အောင်တို့က အဓိက ပါဝင်ထားကြပြီး မကြာခင်မှာလည်း ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ဇာတ်ကားကို ဖန်တီးသူ ဒါရိုက်တာ အာကာကို ဇာတ်ကားနဲ့ပတ်သက်လို့ အကြောင်းအရာတချို့ကို ဧရာဝတီသတင်းထောက် ယုဖြူဟန်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ အခုလိုမျိုး ရုပ်ရှင်ကားကြီးရဲ့ တမိနစ်စာ ကြော်ငြာမှာတင် ပရိသတ်အားပေးမှု အများအပြားရရှိတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ။ ။ကျနော်တယောက်တည်းမဟုတ်ဘူးပေါ့။ Arkar Production တခုလုံး Production အဖွဲ့တခုလုံး စိတ်လှုပ်ရှား ပါတယ်။ အရမ်းလည်းဝမ်းသာတယ်။ မထင်ထားဘူး။ ပထမဆုံးရိုက်တဲ့ကားလည်းဖြစ်နေတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကအရမ်းများတဲ့အတွက် ၂ ချက်ပေါ့။ ပထမဆုံးက ဒီကားကို Final မှာ အကောင်းဆုံး ဖြစ်အောင်လုပ်ရမယ်။ ဒုတိယအချက်က နောက်ကားတွေကိုလည်း ဒီလိုမျိုးအားပေးမှုရှိတဲ့အတွက် အားတက်ပါတယ်။

မေး။ ။ “ဒုဌဝတီကိုလွန်၍” ဆိုတဲ့ ရုပ်ရှင်ကားကြီးဖန်တီးဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ ရိုက်ဖြစ်ပုံက အရင်ဆုံး ပရိုဂျူဆာတွေနဲ့ ကြော်ငြာတခုရိုက်တုန်းက သူတို့နဲ့ စကားပြောဖြစ်တယ်။ ဇာတ်လမ်းတခုရိုက်ချင်တယ်။ သူတို့ကလည်း စိတ်ဝင်စားတာနဲ့ ရိုက်ကြမယ်ပေါ့။ မင်းသားမင်းသမီးရွေးတော့ ကိုနိုင်းနိုင်းကိုရွေးတယ်။ ပြီးတော့ အမွန်းကိုရွေးတယ်။ ပြီးတော့ စင်ကာပူက တယောက်ပါတယ်။ သြစတြေးလျက မြန်မာတယောက်ပါတယ်။ သူတို့ကိုဇာတ်လမ်းပေးတယ်။ ကျနော်တို့တွေ အောင်ဆန်းကွင်းထဲမှာ ရီဟာဇယ် ၁ လ ရိုက်တယ်။ ပြီးတော့မှ မြန်မာနိုင်ငံမှာ တလခွဲလောက်ရိုက်တယ်။ ပြီးတော့ ပြင်သစ်မှာ တပတ်လောက် ရိုက်ထားတယ်။ ကျန်တဲ့ဟာတွေက Editing လုပ်တဲ့အပိုင်းရောက်သွားပါပြီ။ ဇာတ်လမ်းက adventure ပုံစံပဲ။ ဒါပေမယ့် အက်ရှင် ပိုများတယ်။ ၇၀ ရာခိုင်နှုန်းက အက်ရှင်ပုံစံတွေပေါ့ ။

မေး။ ။ဒီကားကဆိုရင် တခြားဇာတ်လမ်းပုံစံတွေနဲ့ ကွဲထွက်နေတဲ့အပေါ်မှာ ကြည့်ရှုအားပေးမယ့်သူတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ကျနော်တို့ဘက်ကတော့ အကောင်းဆုံးလုပ်ထားပါတယ်။ ဒါပေမယ့် လူတယောက်နဲ့တယောက် အကြိုက်မတူဘူးပေါ့။ ချောကလက်ကို လူတိုင်းမကြိုက်ဘူးပေါ့။ အက်ရှင်ကားကိုကြိုက်တဲ့လူဆိုကြိုက်လိမ့်မယ်။ အရမ်းဒရမ်မာကြိုက်တဲ့လူနဲ့ ဟာသကြိုက်တဲ့ လူဆိုကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ လူတိုင်းတော့ မကြိုက်နိုင်ဘူး။ ကျနော်တို့ တတ်သလောက်မှတ်သလောက်ကို ဒီထဲမှာ မခြိုးမခြံ လုပ်ထားပေးတယ်။ ထွက်လာရင်လည်း ကြိုက်လိမ့်မယ်ထင်တယ်။

မေး။ ။ ပါဝင်မယ့်သရုပ်ဆောင်တွေကို ရွေးချယ်တဲ့အခါမှာရော ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်ခဲ့လဲ။

ဖြေ။ ။ကျနော်တို့က မင်းသားမင်းသမီးရွေးတဲ့အခါမှာ မင်းသား ၅ ယောက်၊ မင်းသမီး ၅ ယောက်ကို ပရိုဂျူဆာဆီ တင်ပေးတယ်။ အရင်ဆုံး အရွေးခံရတဲ့ မင်းသားရော မင်းသမီးရောက အချိန် ၃ လပေးနိုင်ရမယ်။ ပုံမှန် မင်းသားမင်းသမီးက ရက်၂၀၊ ၁လပေါ့။ အဲဒီလောက်ပဲပေးနိုင်တယ်။ အဲဒါရှိတယ်။ ပြီးတော့ သူတို့တောင်းတဲ့ ဈေးနှုန်းပေါ် မူတည်ပြီးရွေးတယ်။ ပြီးတော့ အင်္ဂလိပ်လိုပြောတဲ့အခန်းပါတယ်။ အဲဒီတော့ မင်းသားရော မင်းသမီးရော က အခြေခံအနေနဲ့ အင်္ဂလိပ်စာပြောတတ်တဲ့သူကို ဦးစားပေးတယ်။ အဲဒီလို အချက်တွေအကုန်လုံးပေါ့။ နောက်ပြီး ဒီကားမှာ ယောကျၤားလေးဇာတ်က ပိုများပြီး မိန်းကလေးဇာတ်က နည်းနည်းလေးနည်းတယ်။ ၆၀/၅၀လောက် ဖြစ်နေတာပေါ့။

မေး။ ။သရုပ်ဆောင်အပိုင်းကမဟုတ်တဲ့ အမွန်းကိုရော ဘယ်လောက်မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ဒီကားရိုက်မှ အမွန်းပေါက်သွားတာမျိုးဖြစ်စေချင်တယ်။ အဲဒီတွက် အသစ်ကိုရွေးချယ်လိုက်တာပါ။

မေး။ ။ဘယ်တော့လောက်ရုံတင်မှာလဲ။

ဖြေ။ ။ဘယ်တော့ရုံတင်မလဲဆိုတော့ မှန်းရခက်ပါတယ်။ ပြဖို့ရက်ထွက်ရင်တော့ကြော်ငြာပေးပါမယ်။ ပေ့ချ်ကနေပဲ စောင်ကြည့်နေလို့ရပါတယ်။

မေး။ ။များသောအားဖြင့် မြန်မာကားတွေမှာ ကြော်ငြာ၊ ဗီဒီယိုက ကောင်းပြီးတော့ တကယ်တမ်းပြသတဲ့အခါမှာ ပရိသတ်က ထင်သလောက် ဖြစ်မလာတာမျိုးတွေရှိတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ကျနော်ကပြောရခက်တယ်။ ကျနော်ကမြန်မာကားတွေ သိပ်မကြည့်တဲ့အခါကျတော့ တခြားကားတွေအပေါ်မှာ ဘာမှမပြောချင်ပါဘူး။ ကျနော်တို့က သက်သက်တလိုင်းဖြစ်နေတာဆိုတော့ လူငယ်တွေချည်းပဲတလိုင်း ဖြစ်နေတာ ဆိုတော့ မျိုးဆက်သစ်တခုဖြစ်နေတော့ တခြားလူတွေလုပ်တာကိုတော့ မပြောချင်ပါဘူး။ သူတို့လည်း အကောင်းဆုံး လုပ်ထားဖြစ်မှာပါ။ ပရိသတ်က မျှော်လင့်တာများသွားလို့ဖြစ်မှာပါ။

မေး။ ။နောက်ထပ်ရော ဘယ်လိုအနုပညာလှုပ်ရှားမှုတွေ လုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ကျနော်က လက်ရှိတော့ Golden Hour Production နဲ့ပဲ ရုပ်ရှင်တွေဆက်ရိုက်သွားဖို့ ရှိပါတယ်။ နောက်ထပ် ၂ ကားထပ်ရိုက်သွားဖို့ရှိပါတယ်။ အက်ရှင်ပုံစံမျိုးတွေပါ ။

မေး။ ။“ဒုဌဝတီကိုလွန်၍”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို စောင့်မှျှော်အားပေးနေတဲ့ ပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ဒီကားကို ကျနော်တို့ သိသလောက်မှတ်သလောက်နဲ့ အကောင်းဆုံးရိုက်ထားပေးတယ်။ ပရိသတ်အားပေးလို့ ဒီကားက အခုလောလောဆယ်အရှုံးမရှိဘူးပေါ့။ ကျနော်တို့မှန်းထားတဲ့အချိန်တခုကို ရောက်ရင် “ဒုဌဝတီကိုလွန်၍” က သုံးကားရှိပါတယ်။နောက်ကားတွေကို ကျနော်ဆက်ရိုက်မှာပါ။ ပရိသတ်အားပေးဖို့ပဲပေါ။့ သူတို့အားပေးလို့ပါ။ ကျနော်တို့လုပ်ထားတာကို အားပေးတယ်။ အသိအမှတ်ပြုတယ်ဆိုရင် ဆက်ရိုက်မှာပါ ။

Loading