အနုပညာရှင်များပါဝင်မယ့် ငြိမ်းချမ်းရေးဘောလုံးပွဲ နေပြည်တော်တွင်ပြုလုပ်မည်
၂၁ ရာစု ဒုတိယအကြိမ်ပင်လုံညီလာခံကို ကြိုဆိုသောအားဖြင့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာရှင်များနဲ့ နယ်ပယ်အသီးသီးမှ ငြိမ်းချမ်းရေးကို လိုလားသူများ ပူးပေါင်းပါဝင်သော ငြိမ်းချမ်းရေးဘောလုံးပွဲကို မေလ ၂၄ ရက်နေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ပြုလုပ်သွားမယ်လို့သိရပါတယ်။
“အဓိကကတော့ ဘောလုံးနဲ့ ငြိမ်းချမ်းရေးနဲ့ပြောရင် တခြားစီပဲလို့ တချို့က မေးကြမှာပေါ့။ ဘောလုံးကန်လို့ ငြိမ်းချမ်းရေးရပါ့မလားလို့ သိပ်တော့မဆိုင်ဘူးပေါ့။ ဒါပေမယ့် အနုပညာဘက်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်နိုင်တဲ့ ဘက်ကလှုံဆော်တာပေါ့။ ကျနော်တို့တတ်နိုင်တဲ့ဘက်က လုပ်တဲ့သဘောပါပဲ။ အနုပညာရှင်လည်း နိုင်ငံသားတဦးဖြစ်ပြီးတော့ ပြည်သူနဲ့တသားတည်းကျတဲ့အတွက် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေး၊ အနုပညာရှင်တွေလိုလားတဲ့ ငြိမ်းချမ်းရေးကို စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့က ဘောလုံးကန်ရင်းနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိုပြတာပါ” လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ လူရွှင်တော်ပန်းသီးက ပြောပါတယ်။
ဒီပွဲမှာတော့ ဘောလုံးကန်မယ့်အပြင် လာရောက်ကြတဲ့ ပရိသတ်များကိုလည်း စတုဒီသာများ၊ တေးသံရှင်များရဲ့ ဖျော်ဖြေမှုများနဲ့ ဧည့်ခံသွားမှာဖြစ်ပြီး ဝင်ကြေးကိုလည်း အခမဲ့အဖြစ်သတ်မှတ်ထားပါတယ်။
ဘောလုံးကန်မယ့် အသင်းများကိုတော့ ရုပ်ရှင်၊သဘင်၊ဂီတအနေနဲ့ မခွဲခြားထားဘဲ နိုင်ကျဉ်းများ၊ လွှတ်တော်အမတ်များနှင့် အနုပညာရှင်များအားလုံးကို “အမုန်းများရပ်”၊ “ချစ်ကြပါ”၊ “ထာဝရ”၊ “ငြိမ်းချမ်းရေး”၊ “ပျော်တော်ဆက်”နဲ့ “ကညာပျို” ဆိုပြီး အသင်း ၆ သင်းခွဲခြားသတ်မှတ်ထားကာ အဆိုပါအသင်းများက ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
“ကျနော်တို့တွေ နေပြည်တော်မှာ ကိုဇေယျာသော်တို့နဲ့တွေ့တဲ့အခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ပြောဖြစ်တယ်။ နောက်တော့ ဘောလုံးပွဲလေးတခုလောက်လုပ်ရအောင်ဆိုပြီး စီစဉ်ဖြစ်တယ်။ အရင်ကလည်း ကိုဇာဂနာတို့ လုပ်ဖူးတယ်။ နေပြည်တော်မှာကမလုပ်ဖူးတဲ့အခါကျတော့ လုပ်ရအောင်ဆိုပြီး ပြောဖြစ်တာ။ ကိုစောဖိုးခွားရယ်၊ ကိုဇေယျာယော်ရယ်၊ ကျနော်ရယ် အကောင်အထည်ဖော်လိုက်တာပေါ့” ပွဲစီစဉ်ဖြစ်ပုံကို ကိုပန်းသီးက ဆက်ပြောပါတယ်။
ငြိမ်းချမ်းရေးကို လိုလားသူများ ပူးပေါင်းပါဝင်သော ငြိမ်းချမ်းရေးဘောလုံးပွဲကို ဇေယျာသော်၊ ပန်းသီးနဲ့ စောဖိုးခွား တို့က ဦးဆောင်ပြီးပြုလုပ်သွားမှာဖြစ်ကာ တနိုင်ငံလုံးကြည့်ရှုနိုင်ရန်အတွက် Sky Net တွင် ပြသသွားမယ်လို့ သိရပါတယ်။