မေလ ၁၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွင် အဆိုတော် အိုင်းရင်းဇင်မာမြင့် လွှင့်ခဲ့တဲ့ Live နဲ့ ပတ်သက်ပြီး တေးရေး၊တေးဆို ကောင်းကောင်းက မေလ ၁၇ ရက်နေ့မှာ ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းပေါ်တွင် ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
အဆိုတော်ကောင်းကောင်းက “FB မှာတင်ထားတဲ့ကိစ္စကို ပြောချင်ပါတယ်။ ဘယ်အရာမဆို ကိုယ့်ရဲ့ ရူထောင့်ကနေ ကိုယ်ကြည့်ပြီး မပြောဘဲ ကျနော့်ရှုထောင့်ကနေ ကြည့်ပြီးပြောစေချင်ပါတယ်။ အားလုံးက ကျနော်မှားတယ် ပြောကြ တယ်။ အဲဒီမှားတယ်ဆိုတဲ့ဘက်က ခဏလောက်ဝင်ကြည့်ပေးစေချင်တယ်။ ကျနော်တော်တော်အပြောခံနေရတယ်။ ပြောကြပါ။ ပြောလို့ရပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့အမှန်တရားတခုကိုသိပြီးမှ ပြောတာပိုကောင်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း အနုပညာသမားပါ။ အနုပညာမှာ ရန်သူမရှိပါဘူး။ ဘာသာမရှိပါဘူး။ လူမျိုး မရှိပါဘူး။ လူတိုင်းခံစားလို့ရပါတယ်”လို့ ဗီဒီယိုနဲ့တကွ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ကောင်းကောင်းအနေနဲ့ အခုမှ လွတ်လပ်စွာရှင်သန်ခွင့်ရတာဖြစ်ပြီး အနုပညာလောကထဲဝင်ခဲ့တဲ့ ရှစ်နှစ်အတွင်း သီချင်းသီဆိုမှု၊ ရေးသားမှု၊ ဖျော်ဖြေမှုတို့ကို ချုပ်ခြယ်ကန့်သတ်မှုများနဲ့ ဘာသာရေးပွဲများ၊ နိုင်ငံခြားဖျော်ဖြေမှုများ ကိုလည်းအကြောင်းအမျိုးမျိုးနဲ့ ပိတ်ပင်ခဲ့ကြောင်း၊မိဘတွေနဲ့ပတ်သက်ပြီး တွေ့ဆုံပြီးထမင်းစားခွင့်များအထိပါ ချုပ်ခြယ် ခဲ့တယ်လို့လည်း သူက ဆိုထားပါတယ်။
သူ့ချစ်သူဟောင်းမိန်းကလေးမှာ သူ့ရဲ့မိဘများနဲ့ ဆက်သွယ်ပြောဆိုတာကိုလည်း ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ယခုမှာတော့ သူ့မိဘတွေနေထိုင်ရာ နေအိမ်မှာပြန်လည်နေထိုင်လျှက်ရှိကြောင်း သိရပါတယ်။
အခုလက်ရှိ သူတွဲနေတဲ့မိန်းကလေးဟာ သူ့အပေါ်မှာဆိုတာထက် မိဘတွေအပေါ် အလွန်နားလည် ကောင်းမွန်သူဖြစ်ကြောင်း အပေါစားဆန်တဲ့သူမဟုတ်ကာ သူ့အပေါ် တားဆီးပိတ်ပင်မယ့် သူမဟုတ်ဘဲ သူလုပ်သမျှ အလုပ်တွေကို ပံ့ပိုးကူညီပေးမယ့်သူဖြစ်တာကြောင့် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ပြန်လည် ဖြေရှင်းပြောပြခဲ့ပါတယ်။
အိုင်းရင်းဇင်မာမြင့်ဘက်က ပြောဆိုထားခဲ့တဲ့ သူ့ရဲ့ ချစ်သူမိန်းကလေးတွင် ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အကြောင်းအရာမှာ မဟုတ်မှန်ကြောင်းကိုလည်း ဖြေရှင်းထားပါတယ်။
အဆိုတော်ကောင်းကောင်းဟာ Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် အနုပညာလောကထဲ ရောက်ရှိခဲ့တဲ့ အဆိုတော်တဦးဖြစ်ပြီး တေးသီချင်းများ ရေးစပ်သူ တေးရေးဆရာတဦးလည်းဖြစ်ပါတယ်။