စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ “ချိုမြိန်သော လက်စားချေခြင်း” အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ယနေ့၊ မေလ ၁၉ ရက်နေ့မှ စတင်ပြီး တနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
“ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့“Premium Show” အထူးပွဲကို မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Junction City မှာရှိတဲ့ JCVG Starium Theater မှာ Super Big Screen နဲ့ ပြသခဲ့ပါတယ်။
“အချစ်ရယ်၊ အမုန်းရယ်၊ သူငယ်ချင်း သံယောဇဉ်ရယ်” ဆုံမိတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း အကြောင်းကို ဒါရိုက်တာ မီးပွားက ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်များအဖြစ် မင်းသား စိုင်းစိုင်းခင်လှိုင်၊ မင်းသမီး ရွှေမှုံရတီ၊ ခင်ဝင့်ဝါတို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းကို မိုးနီလွင်က ရေးသားထားပြီး “ရွှေစည်တော်” ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီ ဇာတ်ကားမှာ နိုင်ငံကျော်အဆိုတော်ဖြစ်အောင် ကြိုးစားခဲ့တဲ့ လူငယ်တဦး မင်းပျိုလွင်အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဘဝအတွက် နိုင်ငံရပ်ခြားမှာ ပညာသွားသင်ဖို့ အချစ်တွေကို မြိုသိပ်ခဲ့ရတဲ့ မိန်းကလေး အံ့ထားမေအဖြစ် ရွှေမှုံရတီ၊ ချစ်သူကို ဂရုစိုက်နားလည်ပေးတတ်တဲ့ ချစ်စရာ မော်ဒယ်ကောင်မလေး နှင်းနုနှင်းဆီ(Candy) အဖြစ် ခင်ဝင့်ဝါတို့က သရုပ်ဆောင်ထားပါတယ်။
ငယ်သူငယ်ချင်းတွေဖြစ်တဲ့ မင်းပျိုလွင်နဲ့ အံ့ထားမေတို့က ရည်မှန်းချက်ခြင်း မတူညီကြပါဘူး။ ပညာရေးကို ဦးစားပေးပြီး ဘဝကို တိုးတက်အောင် ကြိုးစားချင်တဲ့ အံ့ထားမေနဲ့ အနုပညာကို ရူးသွပ်ပြီး အဆိုတော်ဖြစ်အောင် ကြိုးစားနေတဲ့ မင်းပျိုလွင်တို့က တနေ့မှာ ခွဲခွာရဖို့ အကြောင်းဖန်လာပါတယ်။
မခွဲခင်အချိန်မှာ “ချစ်တယ်” လို့ ဖွင့်ပြောခဲ့တဲ့ မင်းပျိုလွင်ရဲ့အချစ်ကိုခံစားပြီး တယောက်တည်း ကျန်ခဲ့မှာစိုးလို့ ပြန်မချစ်ဘဲ ပြတ်သားစွာ ငြင်းဆိုခဲ့ကာ နိုင်ငံခြားကို ပညာသင်ထွက်သွားတဲ့ အံ့ထားမေက နှစ်ရှည်လများစွာ ခွဲခွာခဲ့ရပြီး မင်းပျိုကိုချစ်တဲ့ အချစ်တွေနဲ့အတူ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာ ချစ်သူအသစ်နဲ့အတူ ဘဝသစ်မှာ ပျော်နေတဲ့ မင်းပျိုကို တွေ့လိုက် ရပါတယ်။
မင်းပျိုလွင်နဲ့ Candy တို့ ချစ်သူဖြစ်နေတာကို မနာလို မုန်းတီးနေရာကနေတဆင့် မင်းပျိုရဲ့ အချစ်ကို ပြန်ရအောင် မာယာအမျိုးမျိုးသုံးဖို့ ကြိုးစားခဲ့တဲ့ အံ့ထားမေအကြောင်းကို ကြိုသိနေခဲ့တဲ့ Candy က အံ့ထားမေကို ဘယ်လိုတုံ့ပြန်မလဲ၊ သူ့ချစ်သူကိုရော ဘယ်လောက်အထိ အဆုံးစွန်ထိ နားလည်ပေးမလဲဆိုတာကို ဇာတ်ကားမှာ သွားရောက် ကြည့်ရှုပြီး အကဲဖြတ်ခံစားနိုင်ပါတယ်။
မင်းသမီး နှစ်လက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်က ရွှေမှုံရတီနဲ့ ခင်ဝင့်ဝါ၊ သူငယ်ချင်းနဲ့ချစ်သူ မိန်းကလေးနှစ်ဦးကြားမှာ ဗျာများနေတဲ့ ကောင်လေးတယောက်ရဲ့အဖြစ် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဇာတ်ကားရဲ့ရုပ်သံအရည်အသွေးကို 4K Resoultion နဲ့ ရိုက်ကူးထားပြီး အသံပိုင်းဆိုင်ရာကိုလည်း 7.1 Sound System နဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။
ဒီဇာတ်ကားက အချစ်ဒရာမာ ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပြီး လူငယ်တွေကြားက “အချစ်၊ အမုန်း၊ သူငယ်ချင်း သံယောဇဉ်” သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီ ဇာတ်ကားကို မေလ ၁၉ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ရှေ့ဆောင်၊ မင်္ဂလာ (သိမ်ကြီးဈေး)၊ မင်္ဂလာ စံပြ၊ မင်္ဂလာ ဂမုန်းပွင့်၊ မင်္ဂလာ ဝဇီရာ (လှိုင်သာယာ)၊ JCVG (Junction City)၊ JCVG (Junction Maw Tin)၊ Junction Square ရုံများနဲ့ မန္တလေး၊ မကွေး၊ ပြည်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ မြိတ်၊ တောင်ကြီး၊ ပြင်ဦးလွင် စတဲ့မြို့ကြီးများပါ တနိုင်ငံလုံး တပြိုင်နက် ပြသသွားမယ်လို့ သိရပါတယ်။