ဒီနေ့ခေတ်မှာ စာအုပ်တွေက အပြိုင်းအရိုင်း နေ့စဉ်ထွက်ပေါ်နေတယ်။ ထွက်ရှိနေတဲ့ စာအုပ်တွေထဲမှာ စာရေး ဆရာအသစ်တွေရဲ့စာအုပ်တွေပါသလို စာအုပ်ဈေးကွက်မှာ နာမည်ရပြီးသား စာရေးဆရာကြီးငယ်တွေရဲ့စာအုပ်တွေလည်း ပါဝင်ပါတယ်။
တချို့စာအုပ်တွေက ဖြန့်ချိရေးစနစ်ရဲ့အားနည်းချက်တွေကြောင့် နယ်တွေအထိ မရောက်ဘူး။
စာအုပ်ဈေးကွက် မကောင်းတော့ဘူးလို့ ထုတ်ဝေသူအချို့ ခြူသံပါအောင် ညည်းညူနေစဉ်မှာပဲ တချို့စာအုပ်တွေက နှစ်အနည်းငယ်အတွင်း လေးငါး ဆယ်ကြိမ်ရိုက်နှိပ် ထုတ်ဝေနေရတယ်။ ဒီနေ့ခေတ်မှာ ရှားပါးစာအုပ်ရယ်လို့ သိပ်မရှိတော့ဘူး။
စာအုပ်တိုက်တွေက အပြိုင်အဆိုင် ထုတ်ဝေနေကြတယ်။ တချို့စာအုပ်တိုက်တွေက အိမ်အရောက်ပို့တဲ့ဝန်ဆောင်မှုတွေပါ တွဲပြီး လုပ်လာကြရင်း ဈေးကွက်အသစ်ကို ထိုးဖောက်နေကြတယ်။
စာပေစိစစ်ရေးခေတ်တလျှောက်လုံး ပိတ်ပင်ခံခဲ့ရတဲ့ စာအုပ်တွေလည်း စာပေစိစစ်ရေးဖျက်သိမ်းလိုက်ချိန်မှာ ဟောတအုပ် ဟောတအုပ် ထွက်ပေါ်လာတယ်။ စာဖတ်ပရိတ်သတ်အတွက် ချဉ်ခြင်းပြေစရာပေါ့။ ရှားပါးစာအုပ်တွေ ပြန်ထွက်နေတယ်ဆို သည့်တိုင် စာအုပ်ဟောင်းတွေရဲ့ဈေးကွက် အခိုင်အမာရှိနေဆဲဖြစ်တယ်။
စာအုပ်ဟောင်းတွေကို အပြင်အဆင်သစ်နဲ့ ဒီဇိုင်းအသစ်နဲ့ ထုတ်ဝေသူတွေက ပြန်လည်ထုတ်ဝေမှုတွေ ရှိနေတာလည်း အမှန်ပါပဲ။ ဒါပေမယ့် စာအုပ်အဟောင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲမြဲမြဲ အားပေးနေတဲ့ ပရိတ်သတ်လည်း ရှိနေပါတယ်။
အကြိမ်ကြိမ်ပြန်ထုတ်တဲ့ စာအုပ်တွေ လက်လှမ်းမီအနေအထားမှာ အသစ်စက်စက်ရနေပေမယ့် ပထမအကြိမ်ထုတ်တဲ့ စာအုပ်ကိုပဲ ဘာကြောင့် တမ်းတမ်းစွဲဖြစ်နေရတာလဲ။
အသစ်ထွက်လာတဲ့စာအုပ်တွေက အဟောင်းလောက် အရသာမရှိဘူးလို့ သူတို့က သဘောထားကြတယ်။ စာအုပ်ဟောင်းတွေရဲ့မျက်နှာဖုံးဒီဇိုင်းတွေ၊ ဝါကျင့်ကျင့် စာမျက်နှာတွေပေါ်က စီစီရီရီရှိနေတဲ့ ခဲစာလုံးတွေ၊ စာအုပ်အပြင် အဆင်တွေက စာအုပ်ဟောင်းချစ်သူတွေကို ဆွဲဆောင်စေတယ်။ အထူးသဖြင့် ဝင်းဖေ၊ ပေါ်ဦးသက်၊ ကိုကိုလေးစတဲ့ ပန်းချီ ကျော်တွေရဲ့မျက်နှာဖုံးပုံတွေက သေသပ်လှပတယ်။ ထုတ်ဝေတဲ့တိုက်တွေကလည်း စေတနာပါပါ ထုတ်ခဲ့ကြတယ်။
စာမျက်နှာဖွဲ့စည်းမှု သပ်ရပ်တဲ့အပြင် စာစီရာမှာလည်း အကျအပေါက် မရှိခဲ့ဘူး။ ပုဂံစာအုပ်တိုက်က ဆရာမြသန်းတင့်ရဲ့ စစ်နဲ့ငြိမ်းချမ်းရေးအတွဲတွေနဲ့ ထုတ်ဝေတော့ အတွဲအားလုံး မျက်နှာဖုံးဒီဇိုင်း မထပ်အောင် ထုတ်ဝေနိုင်ခဲ့တယ်။ သူ့ခေတ် သူ့အခါက ထင်ရှားကျော်ကြားတဲ့ ပန်းချီဆရာတွေနဲ့ စာဖတ်ပရိတ်သတ်ကို ဖမ်းစားခဲ့ကြတယ်။
အခုခေတ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အကျအပေါက်တွေ များလှတယ်။ ပရုဖ်မစင်တော့ ဖတ်ရတာ ပင်ပန်းတယ်။ စာပြင်ဆရာကောင်းတွေလည်း ရှားပါးကုန်ပြီထင်ပါရဲ့။ စာဖောင်ဖွဲ့ရာမှာလည်း စာမျက်နှာတွေ ကျော်လိုကျော် ထပ်လို ထပ်ဆိုတော့ စာဖတ်ရတာ ကသိကအောက် သိပ်နိုင်တာပဲ။
စာအုပ်အပြင်အဆင်ကောင်းကောင်း စာစီသပ်သပ်ရပ်ရပ်နဲ့ ထုတ်ဝေတဲ့ တိုက်အချို့ရှိပေမယ့် စာအုပ်တိုက်အများစုက စာအုပ် ထုတ်ဝေရေးအပေါ် အလေးအနက် အာရုံမထားကြဘူး။
ကျနော်ကိုယ်တိုင်လည်း စာအုပ်ဟောင်းတွေ တွေ့လို့ ကြိုက်ရင် ဝယ်ဖြစ်တယ်။ စာအုပ်ဟောင်းတွေမှာ စိတ်ချရတယ်ဆိုတဲ့ ရိုးဂုဏ်ရှိတယ်လို့ ခံစားရတာလည်းပါတာပေါ့။ စာအုပ်ဟောင်းတွေမှာ စိတ်ဝင်စားစရာ မှတ်တမ်းမှတ်ရာလေးတွေလည်း ပါတတ်တယ်။
အထူးသဖြင့် စာအုပ်တွေရဲ့ရှေ့ဆုံးစာမျက်နှာမှာ လက်မှတ်ရေးထိုး မှတ်တမ်းတင်ထားလေ့ရှိတယ်။ စာရေးဆရာက မေတ္တာ လက်ဆောင်ပေးတဲ့စာအုပ်တွေမှာတော့ အမှတ်တရ၊ လေးစားစွာဖြင့်၊ ခင်မင်မှုဖြင့် စသဖြင့် ရေးထိုးမှတ်တမ်းတင်ထားကြ တယ်။ တချို့က စာအုပ်ဝယ်ပြီး အမှတ်တရပေးတာဖြစ်လို့ ပေးဖြစ်တဲ့အကြောင်း အမှတ်တရ လက်မှတ်ထိုးပြီးပေးတာတွေ လည်း ရှိတယ်။
တခါတရံ အဟောင်းဆိုင်တွေရဲ့စာအုပ်တွေထဲမှာ စာကြည့်တိုက်က စာအုပ်တွေတောင် ပါဝင်တာတွေရှိတယ်။ ကက်တ လောက်အမှတ်တွေ စာကြည့်တိုက်တံဆိပ်တွေနဲ့။ စာကြည့်တိုက် မရပ်တည်နိုင်တော့လို့ စာအုပ်တွေ ဖြိုလိုက်လေသလား။ စာအုပ်ငှားသူကပဲ မေ့လျော့ပြီး မအပ်ခဲ့ရာက စာအုပ်အဟောင်းဆိုင်လေးတွေဆီ ရောက်လာသလား။ စာကြည့်တိုက်ဝန် ထမ်းတွေရဲ့ ပေါ့လျော့မှုပေလားစတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေ ပေါ်လာတဲ့အခါလည်း ရှိတာပါပဲ။
တချို့စာအုပ်ဟောင်းတွေမှာ “မည်သူ့ကိုမှ မငှားပါ။ ကိုယ်ပိုင်စာအုပ်များ ဖြစ်သည်” လို့ ခပ်တင်းတင်း ရေးထိုးထားတဲ့ စာအုပ်အချို့လမ်းဘေးစာအုပ်အဟောင်းဆိုင်လေးတွေမှာ တွေ့ရင် မပြုံးဘဲ မနေနိုင်ဘူး။ ဟုတ်ပါတယ်။ ဘယ်သူ့ကိုမှ မငှားပေမယ့် ရောင်းဖို့ဖြစ်လာတာကိုး။
တချို့စာအုပ်တွေက ကာယကံရှင်ကိုယ်တိုင် မြတ်မြတ်နိုးနိုး သိမ်းဆည်းခဲ့တာမှန်ပေမယ့် နောက်မျိုးဆက်က ပညာအမွေကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်စွမ်း မရှိတဲ့အခါ လမ်းဘေးစာအုပ်အဟောင်းတန်းဆီ ရောက်လာရတော့တာပါပဲ။
လူမှုရေးအသင်းကြီးအမည်ခံထားတဲ့ အသင်းကြီးရဲ့လူငယ်အမှုဆောင်များ စီမံခန့်ခွဲရေးသင်တန်းမှာ နိုင်ငံပိုင်သတင်းစာတွေ ထဲက ဆောင်းပါးတွေ စုထုတ်ထားတဲ့စာအုပ် လူငယ်သင်တန်းသားတွေကို လက်ဆောင်ပေးဖူးတယ်။ အဲဒီသင်တန်းသား တယောက်ရဲ့လက်ဆောင်ရတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တအုပ် စာအုပ်အဟောင်းဆိုင်မှာ တွေ့ခဲ့ဖူးတယ်။ စာအုပ်က အသစ် ချပ်ချွတ်နီးပါး သစ်နေသေးတယ်။
လူငယ်သင်တန်းသားလေးလည်း ဖတ်ကြည့်ပုံမရပါဘူး။ တချို့စာမျက်နှာတွေက ဖြတ်စက်မမိလို့ စာမျက်နှာတွေက ပူးနေတယ်။ စာအုပ်ရှေ့ဆုံးစာမျက်နှာမှာတော့ အဘ ဦး ဘယ်သူက အမှုဆောင်များစီမံခန့်ခွဲရေး သင်တန်းဆင်း အမှတ်တရအဖြစ် လက်ဆောင်ပေးသည်လို့ ရက်စွဲနဲ့တကွ မှတ်တမ်းရေးထိုးထားတယ်။
စာအုပ်လက်ဆောင်ပေးဝေသူနဲ့ လက်ခံသူရဲ့ကြားက ပြတ်တောက်နေတဲ့ သံယောဇဉ်ကွင်းဆက်လေးကို လှလှပပ လှစ်ဟပြ နေသလိုပါပဲ။
စာအုပ်ဟောင်းတွေက မိတ်ဆွေကောင်းပီသသူတွေဖြစ်ကြတယ်။ စာအုပ်ဟောင်းတွေက သူတို့ဖြတ်သန်းခဲ့တဲ့ ခေတ်စနစ်ကို သူ့နည်းသူ့ဟန်နဲ့ ဖော်ပြနေတယ်။ စာအုပ်ထုတ်ဝေရေးကို ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ စေတနာပါပါ လုပ်ခဲ့ကြတဲ့ ထုတ်ဝေသူ တွေကို ဦးညွှတ်ပါတယ်။
စာအုပ်ထုတ်ဝေရေးကို သပ်သပ်ရပ်ရပ်နဲ့ စေတနာပါပါ လုပ်နေကြသူတွေကို သမိုင်းက မှတ်တမ်းကောင်းရေထိုးပါလိမ့်မယ်။ စာကောင်းပေမွန် ထုတ်ဝေနေတဲ့ စာအုပ်တိုက်တွေ အဓွန့်ရှည်စေချင်ပါတယ်။