စီလင်းဒီယွန် (Celine Dion)လို့ ပြောလိုက်တာနဲ့ ကမ္ဘာကျော် “တိုက်တန်းနစ်” ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်းနဲ့တွဲပြီး မြင်ကြမှာပါ။ My Heart Will Go On လို့ အမည်ရတဲ့ သီချင်းဟာ ၁၉၉၇ ခုနှစ် ကာလများမှာ အချိန်တော်တော်ကြာအောင် ပရိသတ်တွေကြားထဲ လွှမ်းမိုးထားခဲ့တဲ့ ကမ္ဘာကျော် ဇာတ်ဝင် တေးတပုဒ်ပါ။
တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားဟာလည်း ကမ္ဘာကျော်မင်းသား လီယိုနာဒိုဒီကာပရီယိုနဲ့ ကိတ်ဝင်းစလက်တို့ သရုပ်ဆောင်ထားပြီး အမြတ်အစွန်းသာမက ရသပိုင်းဆိုင်ရာမှာပါ ကောင်းမွန်မှုရှိခဲ့တဲ့ဇာတ်ကားပါ။
ကနေဒါနိုင်ငံဖွား အသက် ၄၉ နှစ်အရွယ် အဆိုတော် စီလင်းဒီယွန်ဟာ မေလ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ် (Las Vegas) မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ် ဘေလ်ဘုတ်(Billboard) တေးဂီတဆုပေးပွဲမှာ အနှစ်၂၀ တိုင်ခဲ့ပြီဖြစ်တဲ့ “တိုက်တန်းနစ်” ဇာတ်ကားကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ အဆိုပါတေးသီချင်းဖြစ်တဲ့ My Heart Will Go On ကို သီဆိုခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲမှာ စီလင်းဒီယွန်ရဲ့သီဆိုဖျော်ဖြေမူဟာ ကြည့်ရူနေကြတဲ့ပရိသတ်များရဲ့စိတ်အာရုံမှာ တချိန်တခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ “တိုက်တန်းနစ်” (Titanic) ဇာတ်ကားထဲမှ ဂျက်နဲ့ရို့စ် (Jack and Rose) တို့ရဲ့ကြေကွဲဖွယ်ပုံရိပ်များကို ပြန်လည်အသက်ဝင် ထင်ဟပ်စေခဲ့ပါတယ်။
သူ့ရဲ့ ချွင်းချက်မရှိ ငြိမ့်ညောင်းသာယာတဲ့ သီဆိုဟန်နဲ့အတူ သူ့ရဲ့အနောက်ဘက် ပိတ်ကားထက်က တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ဝင်ခန်းတခုဖြစ်တဲ့ ဂျက်နဲ့ရို့စ်တို့ ချစ်သူနှစ်ဦး သင်္ဘောဦးပိုင်းမှာ ကြည်နူးနေတဲ့ပုံရိပ် ကြေကွဲစရာကောင်းတဲ့ ဇာတ်ဝင်ခန်းဟာ ဇာတ်ရုံအတွင်းမှာရှိနေကြတဲ့ ဧည့်ပရိသတ်အပေါင်းရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။
သူ့ရဲ့ဖျော်ဖြေမှုအပြီးမှာတော့ ဇာတ်ရုံအတွင်းမှာ ရှိနေကြတဲ့ ပရိသတ်များရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ စို့နင့်ကျန်နေခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။
“ဆက်လက်ရှင်သန်နေသောနှလုံးသား” (My Heart Will Go On) လို့ အဓိပ္ပာယ်ရတဲ့ အဆိုပါ “တိုက်တန်းနစ်” ဇာတ်ဝင်တေးသီချင်းဟာ စတင်ဖြန့်ချိခဲ့တဲ့ ၁၉၉၈ မှ စပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး သီချင်းဖြစ်လာခဲ့ပြီး တသက်တာ အရောင်းရဆုံး သီချင်းတွေထဲမှာလည်း ပါဝင်မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။
စီလင်းဒီယွန်က သူ့ရဲ့ ဖျော်ဖြေမှုအပြီးမှာတော့“ ဒီ သီချင်းဟာ ကျွန်မအတွက်တော့ အရမ်းကို အဓိပ္ပာယ်ရှိတဲ့ သီချင်းလေးတပုဒ်ပါ။ ဒီ သီချင်းကြောင့်သာ ကျမရဲ့ဂီတလမ်းကြောင်းမှာ ကျမ အခုလို ရပ်တည်နိုင်တာပါ။ နောက်ပြီး ဒီလို ဘေလ်ဘုတ် ဆုပေးပွဲအခမ်းအနားမှာ တိုက်တန်းနစ် အနှစ်၂၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီသီချင်းကို သီဆိုခွင့်ရရှိလို့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
မေလ ၂၁ ရက်နေ့မှာ ၂၀၁၇ ခုနှစ် Billboard တေးဂီတဆုပေးပွဲကို ကျင်းပခဲ့ပြီး winner ဆုကိုတော့ Drake က ရရှိခဲ့ပါတယ်။
Ref – hollywoodlife
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။